လွန်လေပြီးသော ချစ်သူ အပိုင်း (၆)

(၆)

“ရှန်ဟိုင်းမြို့ရဲ့အထင်ကရနေရာတစ်ခုပဲမောင်လေး၊ မင်းမြင်တဲ့အတိုင်းပဲ လူတွေဘယ်လောက်စည်ကားတယ်ဆိုတာ၊ မုန့်ဆိုင်တွေ အမှတ်တရပစ္စည်းဆိုင်တွေ အများကြီးပဲနော်”
ကျွန်တော့်ကို စီနီယာအစ်ကိုကဖုန်းကတ်အပိုင်ပေးလိုက်တာမို့ အဲဒီဖုန်းကကျွန်တော့်ဖုန်းဖြစ်သွားတာက သူမကျွန်တော့်ကို ဆက်ချင် တိုင်းဆက်ဖို့ အခွင့်အရေးရသွားလေသည်။ Chenghuang Temple ရဲ့အရှေ့မျက်နှာစာကိုရောက်ရောက်ချင်းမှာပဲ ဖုန်းဝင်လာတာဖြစ် သည်။ ကျွန်တော်က ဟဲလိုဆိုပြီး ထူးတာပဲရှိသေး။ သူမ ကတရစပ်ပြောနေတော့ လိုက်နားထောင်မိနေ၏။
“City God Temple ဒါမှမဟုတ် Chenghuang Miao လို့ခေါ်တဲ့ဒီနေရာဟာ ရှန်ဟိုင်းရဲ့ထင်ရှားတဲ့နေရာတွေထဲက နေရာတစ်ခု ဖြစ်တယ်၊ ဒီနားတစ်ဝိုက်မှာ စျေးဆိုင်ပေါင်းတစ်ရာကျော်ရှိပြီး ဆောက်ထားတဲ့ပုံစံတွေကလည်း ရှေးဟောင်းပုံစံတွေဆိုတာအတိုင်းသား မြင်နေရ တယ်တွေ့လား”
စျေးဝယ်စရာ ဆိုင်တန်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ ပတ်ပတ်လည်ဝိုင်းနေသော လက်ရာမြောက်အဆောက်အဦများ တည်ရှိရာ Chenghuang Temple သို့မဟုတ် City God Temple မှာလူကျိတ်ကျိတ်တိုးစည်ကားလို့နေလေသည်။ အဓိကတော့ ခရီး သွားဧည့်သည်တွေပေါ့။ City God Temple ကကြီးမားခမ်းနားသောအဆောက်အဦးတစ်ခု အဖြစ်သာမကဘဲရိုးရာနှင့်ပတ်သက်သော အဆောက်အဦတစ်ခုလည်းဖြစ်လေသည်။

အရှေ့မျက်နှာစာနားမှာ အမှတ်တရရိုးရာပန်းချီဆိုင်တွေ၊ လက်မှုပစ္စည်းဆိုင်တွေတန်းစီနေသည်။ ဘီးလေးတစ်ချောင်း၊ ကွင်းလေးတစ် ကွင်းကိုအသုံးပြုပြီးဆံပင်ကို ပုံစံအမျိုးမျိုးဖြစ်အောင်ဖန်တီးပြနေတဲ့ ဆိုင်ဆီမှာတော့ လူတွေဝိုင်းလို့နေသည်။ ကြည့်နေကြတဲ့ ပရိတ်သတ် တွေထဲကကောင်မလေးတွေကိုဖိတ်ခေါ်ပြီး သူတို့ရဲ့ဆံပင်ပုံစံတွေကိုအမျိုးမျိုးလုပ်ပေးကာသရုပ်ပြသည်။ ဘီးလေးကိုဖြီးလိုက် ဖျတ်ခနဲ ဆိုဆံပင်ပုံစံတစ်မျိုးပြောင်းပြလိုက်နဲ့ကြည့်နေသူတွေဟာခနဲ ဟင်ခနဲဖြစ်သွားအောင် ပုံစံအမျိုးမျိုးကိုပုံဖော်လို့နေသည်။ ပါးစပ်ကလည်း Free try, Free try (အခမဲ့စမ်းသပ်နိုင်ပါတယ်) ဆိုပြီးဆံပင်ရှည်ရှည်ကောင်မလေးတွေကို ဖိတ်ခေါ်နေသည်။ ကျွန်တော်တို့အဖွဲ့ထဲက ကောင်မလေး တစ်ယောက်ကလည်း စမ်းလုပ်ကြည့်နေတာမို့ အဲဒီအနားမှာပဲ ဖုန်းပြောကာကြည့်နေလိုက်၏။

“ခင်ဗျား….အစ်မမြတ်သစ်ခွဆိုတာ သေချာလား”

သူမစကားပြောနေတာကို ဖြတ်ပြီးမေးလိုက်တော့ ခဏတာမျှသူမရဲ့အသံတိတ်သွား၏။ ပြီးတော့မှ….

“မင်းခန့်မှန်းပြီးမှ ဟုတ်မဟုတ်ဆုံးဖြတ်ပေါ့”

“အဲဒါဆို ကျွန်တော့်ကို ကိုယ်ထင်ပြလေ”
သူမ ရဲ့အူလှိုက်သည်းလှိုက်ရယ်မောသံကိုကြားရသည်။ ကိုယ်ကကိုယ်ထင်ပြရအောင် တန်ခိုးရှင်မှမဟုတ်တာကွယ်တဲ့လေ။ ကျွန်တော့် ကိုသူမရဲ့စကားပြောသံတွေက ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်ကပြောနေတဲ့ပုံစံလိုပါပဲ။ စိတ်ထဲမှာတော့ အောင့်သက်သက် ဖြစ်မိတာ အမှန်ပင်။
“အစ်မမြတ်သစ်ခွဆို ကျွန်တော့်ကို ကိုယ်ထင်ပြရမှာပေါ့ဗျ၊ ကျွန်တော်နဲ့ဒီလောက်ရင်းနှီးတာကို၊ အပြင်မှာတွေ့ဖို့တောင်ချိန်းသေးတာပဲ၊ သူရှန်ဟိုင်းရောက်နေလို့ကတော့ ကျွန်တော့်ကိုတွေ့မှာအမှန်ပဲ”
“အစ်မတို့နှစ်ယောက်က တွေ့လို့မရဘူးလေ”
“ဗျာ”
“အစ်မရောက်နေတာ ၂၀၀၃ ခုနှစ်၊ မင်းရောက်နေတာ ၂၀၁၄ ခုနှစ်မှလား အတိတ်ကာလကလူတစ်ယောက်နဲ့ အနာဂတ်ကာလကလူ တစ်ယောက် ဘယ်လိုလုပ်တွေ့နိုင်မှာလဲလေ”
“ဒါပေမယ့် အခုဖုန်းပြောနေတယ်လေ၊ ဘယ်လိုမှမဖြစ်နိုင်တဲ့ကွန်ရက်တစ်ခုမှာ ကျွန်တော်တို့ချိတ်ဆက်မိနေတယ်လေ၊ တကယ်လို့အစ်မ ကျွန်တော့်ကိုလာမတွေ့နိုင်ဘူးဆိုရင် အဲဒါညာတာ၊ အစ်မရောက်နေတာ ၂၀၀၃ ခုနှစ်လည်းမဟုတ်ဘူး၊ ပြီးတော့ ခင်ဗျားကအစ်မမြတ် သစ်ခွလည်းမဟုတ်ဘူး”
“မင်းနဲ့ ပြိုင်မငြင်းတော့ပါဘူးလေ၊ အချိန်တန်တော့သိလာမှာပါ၊ ထားပါတော့ ဒါနဲ့မင်းလက်ဆောင်တွေဝယ်ဦးမှာလား”
သူမရဲ့စကားလမ်းကြောင်းလွှဲမှုဆီကို ရောက်မှန်းမသိရောက်သွားမိသည်။ ညှို့ငင်အားတစ်ရပ်ပေပဲလား မဝေခွဲတတ်တော့ပါ။
“အင်း၊ ဝယ်မှာ”
“ပြန်ထွက်တဲ့အခါကျရင်ဝယ်ပေါ့၊ စျေးတွေကိုတော့ တစ်ဆိုင်ပြီးတစ်ဆိုင်လိုက်မေးနော်၊ ဒီကပစ္စည်းတွေက စျေးဆစ်တတ်မှဝယ်လို့ ကောင်းတာ၊ ယွမ် ၃၀ လောက်တောင်းတဲ့ပစ္စည်းကို ယွမ် ၂၀ လောက်နဲ့အနည်းဆုံးရမှဝယ်နော်၊ တစ်ဆိုင်နဲ့တစ်ဆိုင်ပစ္စည်းချင်းတူတယ် ဆိုပေမယ့် လူကြည့်ပြီးရောင်းတာ”
“ဘာလက်ဆောင်ဝယ်လို့ကောင်းမလဲဟင်”
ခုနကပြောနေခဲ့ကြသောအကြောင်းအရာကိုမေ့ပျောက်ကာ လက်ဆောင်အကြောင်းဆီကိုရောက်သွားမိသည်။ အမှတ်တရပစ္စည်းတွေ တော့အများသား။ လက်ကိုင်အိတ်လေးတွေ၊ အကျီင်္တွေ၊ တခြားတိုလီမိုလီတွေ စုံလို့။
“ဘယ်သူ့ကိုပေးဖို့လဲ”
“ရုံးအတွက်ပါ၊ လူငါးဆယ်လောက်တော့ရှိမယ်၊ စျေးကြီးတာတော့ဝယ်လို့အဆင်ပြေမှာမဟုတ်ဘူး၊ စျေးချိုပြီးအမှတ်တရဖြစ်မယ့်ဟာ လောက်ပေါ့၊ ရှန်ဟိုင်းအမှတ်တရဆိုတာလဲဖြစ်ရမယ်”
သူမ ကိုခေါင်းစားခိုင်းလိုက်တော့ သိပ်မစဉ်းစားပဲအလွယ်တကူပြန်ဖြေပေးပါသည်။
“ရှန်ဟိုင်းအထင်ကရပုံလေးနဲ့စာသားပါတဲ့ လက်သည်းညှပ်သေးသေးလေးတွေဝယ်လေ၊ အဲဒါဆို…၁၀ ယွမ်လောက်နဲ့ရတယ်၊ သူက တော့ယွမ် ၂၅ လောက်ပြောလိမ့်မယ်၊ ဆစ်ပေါ့”
“အင်း၊ မဆိုးဘူး၊ ကျေးဇူးပဲနော် အစ်မ”
“အိုကေ၊ အပြန်မှဝယ်နော်သယ်ရတာလေးနေမှာစိုးလို့၊ မင်းတို့ပြီးရင် Yuyuan Garden ကိုဆက်သွားဦးမှာဆိုတော့”
“ဆက်သွားဦးမယ့်တူတူ တစ်ခါတည်းဝယ်လိုက်မယ်လေ”
“မဟုတ်ဘူး၊ Yuyuan Garden ကအဲဒီကနေလမ်းလျှောက်သွားရုံပဲ၊ အနောက်ဖက်မှာရှိတယ်လေ၊ နီးနီးလေးပဲ၊ အပြန်ကျရင်ဒီနားတစ် ၀ိုက်ကပဲပြန်ထွက်လာမှာဆိုတော့ အေးအေးလူလူဝယ်ပေါ့၊ ကဲ ဒါဆိုတာ့တာ…”
“ခဏ..”
ဖုန်းချသွားပြီ။ ကျွန်တော့်ကိုမှာသွားတာ စျေးဆစ်ဖို့။ ယွမ် ၃၀ တန်ပစ္စည်းကို ၂၀ လောက်နဲ့အနည်းဆုံးရအောင်ဝယ်တဲ့လေ။ လက်သည်း ညှပ်စျေးနှုန်း။ ၁၀ ယွမ်လောက်နဲ့ရတယ်တဲ့။ ဟင်….လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင် ၂၀၀၃ မှာရော အဲဒီစျေးပဲလား။ ကျွန်တော်ဒီနေရာ ကိုရာက်နေတာ၊ မနေ့က အိုင်တီမောလ်မှာအိတ်ဝယ်မှာကိုလှမ်းတားတာ..အဲဒါတွေက သူမကျွန်တော့်ကိုကြည့်ပြီးပြောနေတာဆိုတာ သေချာသလောက်ပဲ။ ဒါဆို သူမကျွန်တော့်နောက်လိုက်ပြီး ကျွန်တော့်အမူအရာတွေကိုကြည့်ပြီး ပြောတာပေါ့။ သူမဟာ ၂၀၁၄ ခုနှစ်မှာ ရောက်နေတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာစဉ်းစားမိသွားလေသည်။
တွေ့ကြပြီပေါ့ကွာ။ မင်းပဲငါ့ကိုဆက်နောက်နိုင်မလား။ ငါကပဲမင်းကိုမိအောင်ဖမ်းနိုင်မလား။
“တစ်ခုမှ ယွမ် ၅၀ ပဲရှိတာ၊ ဟေး မင်းဟံသာ မင်းကောင်မလေးဖို့ ဝယ်သွားပါလား”
ကျွန်တော့်ကို ဖုန်းကတ်ပေးထားသည့် စီနီယာကိုဇော်မင်းရဲ့အသံကြောင့်အတွေးပျောက်သွားလေသည်။ ခုနကအခမဲ့ဆံပင်ပုံစံပြောင်း ပေးနေသူများသူတို့ရဲ့ပစ္စည်းလေးကိုရောင်းနေကြပြီ။ ဆံပင်ပုံစံတွေပြောင်းပေးနေတာက စျေးကွက်ဖြန့်ချီရေးဆင်းနေကြခြင်းပင်။ ပစ္စည်း ကတော့ကွင်းလေးတစ်ကွင်း၊ ဘီးလေးတစ်ချောင်းသာတွေ့ရသည်။ ဒါပေမယ့်သူတို့က အဲဒီပစ္စည်းလေးတွေသုံးပြီး ဆံပင်ပုံစံအမျိုးမျိုး ကိုကျွမ်းကျင်စွာ ပုံဖော်နိုင်သလို ပရိတ်သတ်တွေကိုလည်းဘယ်လိုလုပ်ရတယ်ဆိုတာပါ တစ်ခါတည်းပြပေးသည်။ အဲဒါကြောင့်လက် ဆောင်ဝယ်သူတွေ ကျိတ်ကျိတ်တိုးလို့။
“သူ မကြိုက်လောက်ပါဘူးဗျာ”
မဝယ်ဖြစ်။ ဖူးကအဲလိုမျိုးဆံပင်တွေကိုလျှောက်လုပ်တတ်တဲ့အကျင့်မှမရှိတာ။ ဖြောင့်တယ်ဆိုရင်လည်းအဖြောင့်အတိုင်း၊ ကောက်တယ် ဆိုရင်လည်း အကောက်အတိုင်းထားပြီးတစ်ခြားကလစ်နဲ့ညှပ်တာမျိုး၊ ဆံပင်ထုံးတာမျိုးဘယ်တော့မှမလုပ်တတ်။ တစ်ခြားပစ္စည်းပဲဝယ် သွားတာကောင်းပါတယ်။
“အင်း၊ သဘောပဲ ငါကတော့ အိမ်ကအမျိုးသမီးအတွက်တစ်ခုတော့ဝယ်ခဲ့ပြီ”
ဧည့်လမ်းညွှန်က ကျွန်တော်တို့ကိုလူစုကာ တစ်ဖက်ရှိ Yuyuan Garden ရှိရာကိုဦးဆောင်ခေါ်သွားပါသည်။ လမ်းမှာတော့ ဥယျာဉ်ရဲ့အ ကြောင်းကို လမ်းလျှောက်ရင်းရှင်းပြပေးသည်။ Yuyuan Garden မှာ ရှန်ဟိုင်းမြို့ဟောင်းရဲ့အရှေ့မြောက်ဖက် City God Temple ရဲ့ ဘေးတွင်တည်ရှိပါသည်။ ဒီဥယျာဉ်ကိုနှစ်ပေါင်းနှစ်ဆယ်ဝန်းကျင်ကြာအောင်တိုင်တည်ဆောက်ခဲ့ရတာတဲ့။ တည်ဆောက်တဲ့သူက သူရဲ့ ဖခင်အတွက် အပန်းဖြေအနားယူဖို့တည်ဆောက်ပေးခဲ့တာတဲ့လေ။ ၁၅၇၇ ခုနှစ်မှာတည်ဆောက်ပြီးခဲ့တာလို့ ဧည့်လမ်းညွှန်ကရှင်းပြ သည်။ ဥယျာဉ်ဟာဂန္တဝင်လက်မှုဗိသုကာတစ်မျိုးဖြစ်တဲ့အကြောင်း၊ သမိုင်းကြောင်းတွေကို ဥယျာဉ်ရဲ့အဝင်မျက်နှာစာမှာမှတ်တမ်းတင် ကျောက်ထွင်းပြီးဖော်ပြထားသည်။
ပုံစံအမျိုးမျိုးသော ကျောက်တုံးကြီးငယ်များ၊ နဂါးရုပ်ထု၊ ကျားရုပ်ထု၊ ကျောက်ထွင်းပန်းချီကားများ၊ ရေကန်ငယ်များ၊ နှစ်ချို့သစ်ပင်ကြီး များ ကိုအဆောက်အဦဘေးပတ်ပတ်လည်မှာ သေသပ်ကျနစွာတွေ့ရသည်။ မြင်သမျှမြင်ကွင်းအားလုံးကပန်းချီကားတွေတန်းစီထားသ လိုပင်။ ကျောက်ဖြစ်ရုပ်ကြွင်းပုံစံကျောက်တန်းများ၊ ကျောက်သားအတိလမ်းမများကကြီးကျယ်ခမ်းနားသော အဆောင်အယောင်များ အဖြစ်ခမ်းခမ်းနားနားတည်ရှိနေသည်။
အဲဒီကနေထွက်တော့ သူမပြောတဲ့လက်ဆောင်ကိုရှာဝယ်မိသည်။ လက်ဆောင်လက်သည်းညှပ်လေးတွေကဆိုင်တိုင်းလိုလိုမှာရှိသည်။ ဒါပေမယ့် စျေးကတော့မတူ။ တစ်ချို့ဆိုင်က ၂၅ ယွမ်ခေါ်စျေးရှိပြီး တစ်ချို့ဆိုင်ကတော့ ၂၀ ယွမ်နဲ့စျေးခေါ်သည်။ ကျွန်တော်က ၁၀ ယွမ်နဲ့ပေးမလား။ အခု ငါးဆယ်ယူမယ်ဆိုတော့ သုံးဆိုင်မြောက်မှာရသွား၏။ အခုငါးဆယ်ပေါင်းလိုက်တော့ လက်တစ်ဆွဲစာတော်တော် လေး လေးလံသွားသည်။ အဲဒီအချိန်မှာပဲ ဖုန်းထဲကမတ်စ်ဆေချ့်သံကြားလိုက်ရပြီးဖွင့်ဖတ်ကြည့်လိုက်မိသည်။
“မနက်ဖြန်သွားမယ့်ခရီးစဉ်ကတော့ အရမ်းစိတ်ဝင်စားစရာကောင်းမယ်ထင်တယ်၊ စျေးဝယ်မယ့်အစီအစဉ်လို့သိရတယ်၊ ဝယ်လို့ကောင်း မယ့် စျေးလည်းသက်သာမယ့်နေရာကို အစ်မညွှန်ပေးမှာပါ၊ မနက်ဖြန်မင်းသွားရာအနားပတ်ဝန်းကျင်မှာ ရှိနေမယ်”

++++++++++++++++++++++++++++++++++++++