(၈)
“၀ိုး”
ကျွန်တော်တို့ရဲ့ကားလေးဟိုကွေ့ ဒီကွေ့လုပ်ပြီးတစ်နေရာမှာ တုန့်ခနဲရပ်လိုက်ပြီးနောက်မြင်လိုက်ရသည့် မြင်ကွင်းကတော့အင်မတန် လှပလို့နေလေသည်။ တရုတ်နိုင်ငံရဲ့အထင်ကရမြို့တစ်မြို့ဖြစ်သောရှန်ဟိုင်းကို လာတာဒီမြင်ကွင်းတစ်ခုတည်းနဲ့တင် တန်သွားပြီ။ တ ကယ်ကို တန်သွားလေပြီ။ အားလုံးကအံအားသင့်လျှက် အဲဒီမြင်ကွင်းကိုရင်သပ်ရှုမောကြည့်ရှုမိကြလေသည်။
ကျွန်တော်တို့ရှိရာ နေရာတစ်လျှောက်ထုထည်ကြီးမားသောအဆောက်အဦတွေ၊ သေသပ်ကျနစွာတည်ဆောက်ထားသောနှစ်ချို့ဒီဇိုင်း ပုံစံတွေ။ ကြီးကျယ်ခမ်းနားမှုကိုပြသနေသည်။ အဲဒီအဆောက်အဦတွေရဲ့အခြားတစ်ဖက်ဆီမှာကတော့ နည်းပညာမြင့်တည်ဆောက် ထားသော ရင်သပ်ရှုမောဖွယ်လက်ရာဒီဇိုင်းများဖြင့်တည်ဆောက်ထားသော အဆောက်အဦကြီးတွေကိုမြင်ရသည်။ ရှန်ဟိုင်းရဲ့အထင် ရှားဆုံးသော အဆောက်အဦဖြစ်သည့် Oriental Pearl Tower ကြီးကိုဟီးနေအောင်မြင်ရသည်။ အံအားသင့်ဖွယ်ရာမြင်ကွင်း။
ကိုလိုနီခေတ်အဆောက်အဦးများနှင့်ရှန်ဟိုင်းမြို့ဟောင်းရယ် ခေတ်မီနည်းစနစ်တကျသေသပ်လှပစွာတည်ဆောက်ထားသော ခေတ် သစ်ရှန်ဟိုင်းမြို့ရယ်ကို တစ်ပြိုင်တည်းမြင်တွေ့နေရခြင်းပင်။ မြို့နှစ်မြို့ရဲ့အလယ်မှာတော့ မြစ်တစ်စင်းကခြားနားထားလို့နေသည်။ Huangpu River ထင်ပါရဲ့။ မြို့ဟောင်းနဲ့မြို့သစ်ဗိသုကာလက်ရာပုံစံတွေကို တစ်ပြိုင်တည်းမြင်နေရသည်။ အဲဒီမြစ်အလယ်ဆီကနေ သင်္ဘောစီးပြီး မြို့နှစ်မြို့ရဲ့မြင်ကွင်းတွေကိုလည်း ကြည့်လို့ရနိုင်ကောင်းပါရဲ့။ ဒါပေမယ့် အဲဒီအခွင့်အရေးတော့ ကျွန်တော်တို့မရခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုမြင်ကွင်းမျိုးမြင်လိုက်ရတာနဲ့တင် စိတ်ကြည်နူးစေမိတာအမှန်ပင်။
အဲဒီမြင်ကွင်းကို အပြိုင်အဆိုင်ဓါတ်ပုံရိုက်ကြ၊ အုပ်စုလိုက်ဓါတ်ပုံရိုက်ကြသည်။ ပြီးတော့ မြစ်ကမ်းဘေးတစ်လျှောက်လေးညှင်းခံကာ လမ်းလျှောက်ဖြစ်ကြသည်။ ပြည်ပခရီးသွားဧည့်အမြဲလာတတ်သည့်နေရာပီပီ နေရာအနှံ့သန့်ရှင်းသပ်ရပ်စွာ တည်ရှိနေသည်။ ပြီးတော့ ပန်းအရောင်အသွေးစုံကိုလည်း သေသေချာချာစိုက်ပျိုးကာပတ်ဝန်းကျင်ကို အလှဆင်ထားလေသည်။
ဂန္ဓမာပန်းတွေ၊ လီလီပန်းတွေအရောင်အသွေးကိုစုံလို့။ ဒီလိုကြီးကျယ်ခန်းနားလှတဲ့အဆောက်အဦတွေ၊ လမ်းတွေကိုမြန်မာနိုင်ငံကြီး ဆီကိုသယ်သွားချင်လိုက်တာ။ ကားလမ်းကြီးတွေအထပ်ထပ်၊ အသွယ်သွယ်ကို ရန်ကုန်မြို့ဆီကိုရွှေ့သွားချင်လိုက်တာ။ ရန်ကုန်မှာကား ကြပ်တဲ့ ဒုက္ခကနေလွတ်မြောက်မှသေချာသည်။
“ရန်ကုန်ကိုသတိရနေတာလား”
အဲဒီအနှောက်အယှက်ပေးတဲ့ဖုန်းကိုပဲ ကျွန်တော်ကတမင်တကာကိုင်မိတာပဲ အညှို့ခံနေရတာလား မပြောတတ်တော့ပါ။ သူမရဲ့စကား တွေကို ပြန်ဖြေတာ၊ နားထောင်ရတာကိုပဲ ကျွန်တော်ကကျေနပ်နေခဲ့သည်ပင်။
“အင်း၊ ဟုတ်တယ်”
“ပြန်ဖို့ဘယ်နှစ်ရက်လိုသေးလဲ”
“ခင်ဗျားက အစ်မမြတ်သစ်ခွဆို၊ သိရမှာပေါ့”
“ထားပါလေ၊ မင်းကိုယ့်ကိုမတွေ့လိုက်ရလို့ စိတ်တိုနေတယ်ဆိုတာသိပါတယ်”
“ခင်ဗျားက ၂၀၀၃ ခုနှစ်ကလူမှမဟုတ်တာ”
သူမငြိမ်နေပါသည်။ ဒါဝန်ခံခြင်းပဲ။ ဟုတ်တယ်လေ။ ဝန်မခံလို့မှမရတော့တာ။ ကျွန်တော်နဲ့တောင်စိန်ပြေးလိုက်တမ်းကစားခဲ့ကြသေးတာ ပဲ မဟုတ်လား။
“မင်း အဲနားမှာပဲငေးမနေသင့်ဘူး”
“ဘာလို့လဲ”
ကျွန်တော်ရှိရာနေရာကို ကြည့်ပြီးပြောနေပြန်ပြီ။ အသံကိုနားစွင့်လျှက် ဘယ်နေရာကလာတာလဲဆိုတာကို ခန့်မှန်းနေမိသည်။ ရှန်ဟိုင်း မြို့နှစ်မြို့ကို ခွဲကာရသနှစ်မျိုးဖြင့်မြင်နေရသည့် အရသာ၊ မြစ်ကမ်းဘေးမှာလေညှင်းခံလျက်ရှုခင်းတွေငေးရသည့်အရသာ လောက် ကောင်းတာရှိပါဦးမလား။ ဒါကို သူမကဘာအကြံများဆက်ပေးချင်နေပါလိမ့်။
“မင်း အရှေ့ကိုဆက်သွားလိုက်၊ အဲဒီမှာ စိတ်ဝင်စားစရာမြင်ကွင်းတွေအများကြီးမြင်ရလိမ့်မယ်”
“ဘာတွေလဲ”
“မင်းခုနက အကြာကြီးငေးကြည့်နေတဲ့ ပန်းပွင့်ခြုံအရောင်အသွေးစုံရယ်၊ ရှန်ဟိုင်းမြို့ဟောင်းရဲ့ဗိသုကာလက်ရာတွေရယ်ကို အနီးကပ် မြင်ရမှာပေါ့၊ ပြန်ရင်လည်း အဲဒီဘက်ကလမ်းလျှောက်ပြန်ကြမယ်ထင်တယ်၊ မင်းတို့ကားက အဲဒီဘက်ကိုရွှေ့သွားတာတွေ့လိုက်ရတယ်”
သေချာပြီ။ သူမကျွန်တော့်အနောက်ဘက်ဆီကနေပြောနေတာ။ သူမနဲ့ကျွန်တော်နဲ့က လားရာတူနေပြီဆိုတာ စကားအရသိလိုက်ရပြီ။ သူမဘယ်အချိန်ကနေဘယ်လို ကျွန်တော်တို့နောက်ကိုလိုက်ပါလာရပြန်တာလဲ။ ကျွန်တော်တို့သွားရာကားနောက်ကို ထပ်ကြပ်မကွာ လိုက်လာလို့ဆိုတာသေချာတာပေါ့။ ဒါဆို ကားသွားရာအနောက်ဆီကို သတိထားပြီးကြည့်ဖို့တော့ အရေးတကြီးလိုအပ်နေပြီ။
“ဒီနေရာတွေ အမြဲတမ်းအခုလိုပဲ အမှိုက်တစ်စမှမရှိဘဲပြောင်သန့်နေတာပဲလားဟင်”
“ဒါက ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလာတဲ့နယ်မြေလေ၊ အမှိုက်ရှိနေလို့ဘယ်ဖြစ်ပါ့မလဲ၊ ပြီးတော့မြစ်ဆီကိုလည်း သတိထားကြည့်ပါ ဦး အရောင်အသွေးစုံလို့လှပနေတာ၊ သဘောင်္တွေဆိုရင်လည်း ရောင်စုံမီးတွေနဲ့အလှဆင်ထားတာ၊ ဒါကလူတွေစည်းကမ်းရှိရင်ဖြစ်ပါ တယ်၊ ရန်ကုန်မှာရော တစ်နေ့အဲလိုမဖြစ်နိုင်ဘူးလို့ပြောလို့ရမလား”
“ဟုတ်ပါတယ်၊ မရပါဘူး၊ ဒါပေမယ့် ကျွန်တော်က ကိုယ့်နိုင်ငံကို အမြန်ဆုံးခေတ်မီတိုးတက်ချင်နေတာပါ”
သူမရဲ့အသံက ကျွန်တော်ရှိရာဆီတဖြည်းဖြည်းနီးကပ်လာသလိုခံစားလိုက်ရသည်။ သူမနဲ့ကျွန်တော်အနီးဆုံးအနေအထားမှာရှိနေပြီ ထင်ပါရဲ့။ ဒါပေမယ့် သူမဘယ်လိုပုံစံလဲဆိုတာမှန်းဖို့တော့ နည်းနည်းခက်နေသည်။ စိန်ပြေးလိုက်တမ်းကစားသလိုဖြစ်တုန်းက သူမမျက် နှာကို မမှတ်မိလိုက်တာ နာလိုက်တာ။ ပြီးတော့ ဒီနေရာက လူနည်းနည်းတော့ရှုပ်သည်။
မြစ်ကမ်းဘေးဆိုပေမဲ့ သဲသောင်တွေ၊ မြက်ခင်းပြင်တွေနဲ့မြစ်ကမ်းဘေးတော့မဟုတ်ပါ။ မြစ်ကမ်းဘေးတစ်လျှောက်ကို ထုထည်အခိုင် အမာကြီးမားစွာ သံမံတလင်း၊ ကျောက်တွေနဲ့ခင်း၊ လမ်းကျယ်ကြီးတွေကိုဖန်တီးပေးထားကာ လက်ရန်းတန်းတွေနဲ့မို့ သဘာဝထက်ခမ်း နားလှပလို့နေလေသည်။ အမှတ်တရပစ္စည်းလေးတွေရောင်းတဲ့ရွေ့လျားဆိုင်လေးတစ်ချို့လည်း လမ်းမတစ်လျှောက်မှာတွေ့နေရသည်။
တစ်နေရာအရောက်မှာတော့ လူငယ်တစ်ယောက်တရုတ်သီချင်းလေးတစ်ပုဒ်ကို ညည်းနေတာတွေ့လိုက်ရသည်။ ဘာသာစကားနားမ လည်ဘူးဆိုပေမယ့် သံစဉ်ကတော့ အတော်နားထောင်လို့ကောင်းသည်။
“အခုဆိုရင် မြန်မာနိုင်ငံမှာ အစစအရာရာတိုးတက်နေပြီလို့ကြားတယ်၊ မိုဘိုင်းအော်ပရေတာတွေအပြိုင်အဆိုင်လုပ်နေတာအပါအဝင် ပေါ့လေ၊ လမ်းပန်းဆက်သွယ်ရေးဆိုတာ နိုင်ငံရဲ့ပြယုဂ်ပဲမဟုတ်လား”
ဒီလိုစကားတွေက သူမဟာ ၂၀၁၄ ခုနှစ်မြန်မာနိုင်ငံရဲကအခြေအနေကို သိပါတယ်ဆိုပြီးဝန်ခံလိုက်တာပဲမဟုတ်လား။ ဘာပဲဖြစ်ဖြစ် တစ်ဖြည်းဖြည်းနဲ့တော့ သူမကို ကျွန်တော်သိနိုင်ဖို့နီးစပ်နေပြီ။ ဟော….ကျွန်တော်ကြားလာရတဲ့သီချင်းသံ၊ တရုတ်လူငယ်တစ်ယောက် ညည်းနေတဲ့သီချင်းသံ အဲဒီအသံကိုလည်းသူမဖုန်းထဲကတစ်ဆင့်ကြားလိုက်ရသည်။ ကျွန်တော်အဲဒီနေရာကဖြတ်လာတာ ဆယ်လှမ်း လောက်တောင်ရှိမည်မဟုတ်သေး။ လူထူထပ်နေတာကို အကြောင်းပြုပြီးသူမက ကျွန်တော့်ခြေလှမ်းနောက်ကို ထပ်ကြပ်မကွာ အတင့်ရဲ စွာလိုက်လာတာပေါ့လေ။ သေချာပြီ သူမကိုမိပြီ။ ဒီတစ်ခါမတွေ့ရင်တော့ မင်းကိုယ့်ကိုယ်ကိုယ်သတ်သေသင့်တယ် မင်းဟံသာ။
ကျွန်တော်လမ်းလျှောက်နေရာကနေ ဗြုန်းဆိုအနောက်ကိုလှည့်ကြည့်လိုက်သည်။ သီချင်းဆိုနေတဲ့ တရုတ်လူငယ်လေးအနားဆီကို မျက်လုံးရောက်လျှက်။ သေချာတာပေါ့..အဲဒီတစ်ယောက်ပဲ။ ကျွန်တော်မျက်နှာချင်းဆိုင်လိုက်တော့ သူမကြောင်သွားကာကျွန်တော့်ကို စက္ကန့်ပိုင်းမျှ ကြည့်နေသည်။ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်တော့မဟုတ်ခဲ့ပါ။ ကျွန်တော်နဲ့မတိမ်းမယိမ်းအရွယ်ကောင်မလေး တစ်ယောက်၊ မျက်လုံးဝိုင်းဝိုင်းလေးနဲ့။ လူငယ်မို့လို့ သူမအသံကအခုလိုလန်းဆန်းတက်ကြွနေတာပေါ့။ သူတစ်ပါးကို ဒုက္ခပေးချင်တဲ့ ဟာမလေး။ ကျွန်တော့်ကို စိုက်ကြည့်နေရင်း ပြေးဖို့ကိုသတိရမိသွားလို့ထင်ပါ့ ဖျတ်ခနဲအနောက်လှည့်ကာသုတ်ခြေတင်ဖို့ပြင်သည်။ ဒီတစ်ခါတော့ ဘယ်အလွတ်ပေးတော့မလဲ။ သူမခြေလှမ်းစတင်တဲ့အချိန်မှာပဲ ကျွန်တော်က သူမအရှေ့ကကျော်ဖြတ်ပြေးလိုက်ကာ လက်နှစ်ဖက်နဲ့ကာဆီးထားလိုက်သည်။
“ဒီတစ်ခါတော့ မင်းပြေးလို့မလွတ်တော့ပါဘူးကောင်မလေး၊ ပြောစမ်း ငါ့ကိုဘာလို့အခုလိုလိုက်ဒုက္ခပေးနေရတာလဲ”
ဘာမှမပြော ငြိမ်သက်လို့နေသည်။
“ပြောမှလား မပြောဘူးလား၊ အေး မပြောရင် မင်းကိုကုတ်ကနေဆွဲပြီး ဟောဒီမြစ်ထဲပစ်ချပစ်မယ်၊ မလုပ်ရဲဘူးမထင်နဲ့”
“ဟို…”
“မင်းဘာလို့ အခုလိုလုပ်ရတာလဲပြောလေ”
“ဟို….ဟို….သူများခိုင်းလို့ပါ”
သေချာပြီ။ ဒါဖုန်းထဲကအသံပဲ။ အဖြေတစ်ခုတော့ကျွန်တော်ဖော်ထုတ်နိုင်လိုက်ပြီမို့ စိတ်ထဲမှာပေါ့ပါးလို့နေသည်။
“ဘယ်သူလဲ”
“…..”
“ဘယ်သူလဲလို့ မင်းကိုငါမေးနေတယ်လေ”
“အစ်မ မြတ်သစ်ခွ”
“ဘာ”
မဖြစ်နိုင်တာ။ ကျွန်တော်တွေးမိစဉ်မှာပဲ သူမကစာရွက်လေးတစ်စောင်ကို လက်ကိုင်အိတ်ထဲကနေထုတ်ပြီး ပေးပါသည်။ စာထဲမှာက အခုလိုရေးထားတာတွေ့ရသည်။
“မောင်လေး……
မနက်ဖန်ခရီးစဉ်ကို မနက်ပိုင်းလိုက်သွားပြီး ညနေပိုင်းမှာတော့ အစ်မ မင်းကိုညနေစာဖိတ်ကျွေးပါရစေ။ Oriental Pearl Tower မှာ ကျွေးချင်လို့ အဲဒီကိုညနေလေးနာရီခွဲ (ရှန်ဟိုင်းအချိန်) အရောက်လာခဲ့ပါ။ Oriental Pearl Tower က ညနေငါးနာရီကျော်လောက် ဆိုရင် ဝင်ခွင့်ပိတ်ထားတတ်တာမို့စောစောလာခဲ့ပါ။ ဝင်လို့မရတော့မှစိုးလို့။ အစ်မအဲဒီကစောင့်နေမယ်။ အပေါ်ဆုံးထပ်ကစားသောက် ဆိုင်မှာရှိနေမယ်။ ရောက်ရင် ဖုန်းခေါ်လိုက်ပါ။ မင်းကိုခါတိုင်းဆက်နေကျဖုန်းပဲ။ မနက်ဖြန်တော့ စက်မပိတ်ထားဘူး။ ရှန်ဟိုင်းမြို့ရဲ့ည ဖက်ရှုခင်းဘယ်လောက်လှပနေသလဲဆိုတာကို ကြည့်ပြီး Oriental Pearl Tower မှာညနေစာအတူစားဖို့ စောင့်နေမယ်။
အစ်မ မြတ်သစ်ခွ”
စာကိုဖတ်ပြီး ဒါဘယ်သူ့လက်ချက်လဲဆိုတာ ကျွန်တော်ရိပ်မိလိုက်သည်။ ကောင်မလေးကတော့ ကျွန်တော်စာဖတ်တာပြီးအောင် အထိ
စောင့်နေ၏။ ကျွန်တော့်ဆီက စကားသံတစ်ခုခုကို လိုချင်ပုံရသည်။
“ဒီစာကိုပေးချင်လို့ တမင်အမိခံတာလား”
“မဟုတ်ဘူးရှင့်၊ အမှန်ဆိုရင် အစ်ကိုမသိအောင်တစ်ယောက်ယောက်နဲ့ပေးဖို့ မှာထားတာ၊ ဒါပေမဲ့..…”
“ကဲ ထားပါလေ၊ ကျွန်တော်လာခဲ့မယ်လို့ပြောလိုက် ဟုတ်ပြီလား”
သူမခေါင်းညိတ်ကာ ချာခနဲလှည့်ထွက်သွားလေသည်။ ကျွန်တော့်မှာတော့အဖြေကိုသိလိုက်ရတာမို့ ကျေနပ်စွာနဲ့ကျန်ခဲ့ပြီ။ Oriental Pearl Tower ဆိုတာ က ကမ္ဘာမှာကျွန်တော်စိတ်အဝင်စားဆုံးအဆောက်အဦတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်သည်။ ဒီကိုရောက်တုန်း သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်ထားတဲ့နေရာလည်းဖြစ်သည်။ အဲဒီမှာညနေစာစားရမယ့် အခွင့်အရေးကိုဘယ်သူကလက်လွတ် ဆုံးရှုံးခံ မှာလဲ။ နေပါဦး။သူမချိန်း တဲ့စားသောက်ဆိုင်က တာဝါပေါ်က ပတ်ပတ်လည်လှည့်နေတဲ့စားသောက်ဆိုင်ပေါ့။ ဆုံလည်စားသောက် ဆိုင်ပေါ့လေ။ အိုး….တွေးပြီးစိတ်လှုပ်ရှားသွားမိလေသည်။
++++++++++++++++++++++++++++++++++++++