(၉)
Oriental Pearl Tower မှာ Huangpu River နဲ့အနီးတစ်ဝိုက်အဆောက်အဦတွေထဲကတစ်ခုဖြစ်သည်။ ရှန်ဟိုင်းမြို့ရဲ့ TV တာဝါ တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်ကတည်ဆောက်ပြီးစီးခဲ့တာလို့ ဝီကီပီးဒီးယားမှာရေးထားသည်။ ကျွန်တော်ရောက်သွားတဲ့အချိန်က ညနေ စောင်းပြီမို့ LED မီးရောင်စုံတွေနဲ့အလှကြီးလှလို့နေသည်။ တာဝါအပေါ်မတက်ခင်မှာ ဓါတ်ပုံရိုက်နေကြသူတွေစည်ကားလို့။ တာဝါမှာ ၂၄၇ ထပ်တောင်ရှိတာဆိုပြီးကျွန်တော့်ကိုလိုက်ပို့တဲ့ တက္ကစီသမားကပြောသည်။
တာဝါပေါ်တက်ဖို့ တန်းစီနေတဲ့ လူကျိတ်ကျိတ်တိုးစည်ကားနေသည်။ တာဝါထဲမှာရှောပင်းစင်တာတွေ၊ စားသောက်ဆိုင်တွေ၊ ရှုမျှော် ခင်းကြည့်ရာနေရာတွေစုံလို့။ ဓါတ်လှေကားကလည်းစားသောက်ဆိုင်ရှိရာကို တစ်ခါတည်းနဲ့မရောက်ပါ။ အဆင့်ဆင့်စီးရသည်။ ဝန်ထမ်း တွေကစနစ် တကျတန်းစီပေး၊ လမ်းညွှန်ပြသပေးသည်။ ရှန်ဟိုင်းအမှတ်တရလက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တော်တော်များများ ကို တွေ့နေရသည်။ ဓါတ်လှေကားခြောက်စင်းနဲ့အပေါ်အောက်ကူးချည်သန်းချည်လုပ်ပေးနေပြီး အမြဲတမ်းလူအပြည့်ပင်။
တစ်ယောက်တည်းယောင်လည်လည်နဲ့ပင်စားသောက်ဆိုင်ရှိရာကိုရောက်လာခဲ့သည်။ ဟိုမေးဒီမေးနဲ့ရောက်လာခဲ့ခြင်းပင်။ ဖုန်းခေါ်လိုက် တော့အလွယ်တကူပင်ကိုင်ပါသည်။
“ရောက်ပြီလား၊ ဘယ်နားမှာလဲ”
အရင်ကောင်မလေးအသံမဟုတ်မှန်းသတိထားမိလိုက်သည်။ ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းပါပဲ။
“လှေကားအထွက်မှာခင်ဗျ၊ ဆိုင်ထဲကို ကျွန်တော်ဝင်မလာသေးဘူး”
“အင်း၊ စောင့်နေ လာခေါ်မယ်”
စက္ကန့်ပိုင်းအတွင်းမှာပဲ သူမရောက်လာခဲ့ပါသည်။ အန်တီဒေါ်ယဉ်ယဉ်ပေါ့။ ကျွန်တော့်ကိုပြုံးပြကာ နေရာတစ်နေရာဆီကိုဦးဆောင်ခေါ် သွားလေသည်။ တာဝါအစွန်ဆုံးနေရာကို ရွေးချယ်လိုက်ပါသည်။ ရှန်ဟိုင်းမြို့ရဲ့ညမြင်ကွင်းကို သေသေချာချာမြင်ရတဲ့နေရာပင်။
“အန်တီ့ လက်ချက်မှန်းမင်းရိပ်မိခဲ့ပြီးပြီမှလား၊ အခုလိုမျိုးအနှောက်အယှက်ပေးမိတဲ့အတွက် အန်တီတောင်းပန်ပါတယ်”
“ရပါတယ်၊ ကျွန်တော့်အကျိုးစီးပွား ပျက်စီးအောင်လုပ်တာမှမဟုတ်ဘဲ”
ကျွန်တော်ပြုံးပြုံးလေးပဲ ပြန်ပြောလိုက်မိပါသည်။ ဒီအမျိုးသမီးမှာ အကြောင်းပြချက်တစ်ခုခုတော့ရှိဦးမည်။ အဲဒါကို ကျွန်တော်သိခွင့်ရဖို့ လိုသေးတာပေါ့။
“အန်တီ့ရဲ့တူမလေးကို အကူညီတောင်းပြီးမင်းနောက်ကလိုက်တာတို့၊ ဖုန်းနဲ့စကားပြောတာတို့ လုပ်ခိုင်းလိုက်တာပါ၊ ဒါတွေအကုန် လုံးက မြတ်သစ်ခွ မှာထားခဲ့တာတွေချည်းပါပဲ”
“ဘယ်လို အန်တီ”
“အန်တီမင်းကို ပြောခဲ့သလိုပါပဲ၊ သူမဆုံးခင်က မင်းလာမယ်ဆိုတာကိုဖုန်းဆက်ခဲ့တယ်ဆိုတာလေ၊ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက် ကပေါ့၊ သူနဲ့အန်တီနဲ့ဖုန်းပြောချိန်မှာ သူကမင်းကိုဧည့်ဝတ်ကျေအောင်ဆက်ဆံဖို့ အဓိကပြောခဲ့တယ်၊ ပဟေဠိတစ်ခုလုပ်ဖို့ပေါ၊့ မင်းသွား နေလာနေတဲ့အချိန်မှာ နောက်ကလိုက်ပြီးအခုလိုမျိုး မင်းစိတ်ထဲမှာခုလုခုလုဖြစ်အောင် ဖုန်းနဲ့ကလိဖို့ပေါ့”
“အစ်မ မြတ်သစ်ခွမှာခဲ့တဲ့အတိုင်း လုပ်ခဲ့တာပေါ့”
“သူဟာ အန်တီ့ဘဝမှာအချစ်ဆုံးသူငယ်ချင်းပါ၊ သူပြောတဲ့အတိုင်း မလုပ်ပေးခဲ့ရလို့ တစ်သက်လုံးစိတ်ထဲမကောင်းဖြစ်နေတာ၊ အခု အချိန်အတော်ကြာလာပြီးမှ သူ့ဆန္ဒလေးကိုလုပ်ပေးခွင့်ရလို့ လုပ်လိုက်မိတာပါ၊ ခုလိုညနေစာဖိတ်ကျွေးတယ်ဆိုတာလည်း ဧည့်ဝတ်မ ကျေသလို အပြုအမူမျိုးလုပ်ခဲ့မိတဲ့အတွက် ပြန်တောင်းပန်တဲ့အနေနဲ့ပါ”
“အစ်မ ကကျွန်တော့်ကိုတော်တော် အလေးထားခဲ့တာပဲနော်”
သူမ ဘာမှမပြောပါ။ အတိတ်ကိုပြန်တွေးနေဟန်။ အချစ်ဆုံးသူငယ်ချင်းတဲ့။ ကျွန်တော်တို့ဘဝမှာအချစ်ဆုံးသူငယ်ချင်းတွေရှိခဲ့ကြသည်။ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတာ၊ အခက်အခဲကို ၀ိုင်းဖြေရှင်းပေးတာ၊ ဒုက္ခတွေကြုံလာရင်အတူမျှဝေခံစားတာ၊တစ်ယောက် ရဲ့အခက်အခဲကို တစ်ယောက်ကနားလည်ကိုယ်ချင်းစာပေးတာ အိုး…အချစ်ဆုံးသူငယ်ချင်းရဲ့ဖွင့်ဆိုချက်တွေက အများကြီးပါပဲ။ သူမတို့ နှစ်ယောက်ကလည်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။ ဘဝမှာသူငယ်ချင်းဆိုတာ အဓိကကျတဲ့အစိတ်အပိုင်းတစ်ခုပဲ မဟုတ် လား။ ကွယ်လွန်တာဆယ်စုနှစ်တစ်ခုဝန်းကျင်ရှိတာတောင် သူငယ်ချင်းလိုအင်ကို တစ်သွေမတိမ်းလုပ်ပေးချင်နေတာက သူမရဲ့သူငယ် ချင်းအပေါ်ကို ဘယ်လောက်အလေးထားသလဲဆိုတာပြသနေသည်။ ဒါပေမယ့် ဒါဟာအဓိပ္ပါယ်ရှိပါရဲ့လား။
“မင်းကို သူဘယ်လောက်အလေးထားသလဲဆိုတာ အစ်မအသိဆုံးမို့လို့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးရတာပါကွယ်”
“သူက ဘာရည်ရွယ်ချက်နဲ့ ……”
“သက်သက်စနောက်ရုံပါပဲ၊ အမှတ်တရလေးတစ်ခုလည်းဖြစ်သွားအောင်ပေါ့ ”
အင်းလေ။ ကျွန်တော့်ကို ပဟေဠိတွေလိုက်လုပ်နေတဲ့သူက ဘယ်သူလဲဆိုတာသိပြီးနောက်ပိုင်းမှာတော့ လမ်းကဆုံးနေပြီပဲလေ။ တစ် ခြားအကြောင်း အရာမှမရှိတော့တာ။
“မင်းဟံသာကရော…သူ့အပေါ်ဘယ်လိုသဘောထားလဲ”
“ကျွန်တော်….ကျွန်တော်ဘယ်လိုသဘောထားလဲဆိုတာတောင် မဆန်းစစ်ကြည့်မိပါဘူးဗျာ”
“အန်တီတစ်ခုတော့ တောင်းဆိုချင်တယ်ကွယ်”
“ဟုတ်ကဲ့”
“အွန်လိုင်းမှာတွေ့တယ်၊ ရင်းနှီးတယ်ဆိုပြီး ပေါ့ပေါ့ပဲသဘောမထားစေချင်ဘူး၊ အရာရာတိုင်းဟာကိုယ်တိုင်ဖန်တီးယူဆမှုနဲ့ပဲ ဆိုင်တာပါ၊ လိုင်းပေါ်မှာတွေ့ပြီးလိုင်းပေါ်မှာပဲပျောက်သွားတဲ့ကိစ္စရှိသလို လိုင်းပေါ်မှာမထင်မှတ်တဲ့တွေ့ဆုံခြင်းကနေ တစ်ဘဝလုံးစာအလေးအနက် ထားစေနိုင်တဲ့အရာတွေလည်းဖြစ်တတ်ပါတယ်”
“ဟုတ်၊ ကျွန်တော်လည်းအဲလိုပဲယူဆပါတယ်အန်တီ၊ ဘယ်အရာပဲဖြစ်ဖြစ် စိတ်ရဲ့အလေးအနက်ရှိမှုကသာအဓိကပါ”
သူမ ကျေနပ်သွားလေသည်။ တကယ်လည်းကျွန်တော်အဲလိုပဲသဘောထားလိုက်ပြီဖြစ်သည်။ လောကကြီးမှာမထင်မှတ်တဲ့အဖြစ်အ ပျက်သေးသေးလေးကနေ ဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းဖြစ်သွားတာမျိုးရှိသလို အလေးအနက်ထားလုပ်လိုက်တဲ့အရာတစ်ချို့ဟာလည်း ပေါ့ပေါ့တန်တန်ပဲ ဖြစ်သွားတတ်တာမျိုးရှိတာပဲလေ။
“ကဲ အန်တီတို့စားလိုက်ရအောင်၊ ဘူဖေးစနစ်ဆိုတော့ ကြိုက်ရာသွားယူကြတာပေါ့”
ကျွန်တော်ခေါင်းညိတ်လိုက်ကာ ဘေးလွယ်အိတ်ကိုထိုင်ခုံပေါ်ချပြီး အစားအသောက်တွေသွားယူဖို့ပြင်သည်။ စားသောက်ဆိုင်ရဲ့ဘေး ပတ်ပတ်လည်မှာ ထိုင်စရာထိုင်ခုံတွေဝိုင်းရံထားသည်။ အဲဒီထိုင်ခုံနေရာတွေက ဖြည်းဖြည်းချင်းချာချာလည်သွားနေတာမို့ ရှန်ဟိုင်းမြို့ရဲ့ ညဖက်မြင်ကွင်းကိုပတ်ပတ်လည်ကြည့်နိုင်၏။ အလယ်မှာရှိသောစားသောက်ဆိုင်ကိုလည်း ပတ်လည်ပုံစံဆောက်ထားသည်။ ပင်လယ် စာနေရာ၊ တရုတ်စာနေရာ၊ ဥရောပအစားအစာနေရာ၊ အသီးအနှံတွေထားရှိရာနေရာ စသည်ဖြင့်အစားအသောက်မျိုးစုံကိုပတ်ပတ် လည်တွေ့ရသည်။
“ဒီရောက်တုန်းအစားအသောက်ရောအဆင်ပြေရဲ့လား”
“အမှန်အတိုင်းပြောရရင် မပြေဘူး၊ အချိုတွေချည်းပဲစားနေရတယ်၊ မြန်မာပါးစပ်က အချဉ်၊ အစပ် မပါရင်စားရတာအရသာမရှိသလိုခံစား ရတယ်၊ တည်းတဲ့ဟိုတယ်မှာလည်းအဲအတိုင်းပဲ၊ ဟင်းပွဲတွေလည်းများပါတယ်၊ ဒါပေမယ့် အဆင်မပြေဘူးဖြစ်နေတယ်”
သူမ ရယ်သည်။ ဟိုတယ်မှာမနက်စာစားရတာမို့ ဟိုတယ်ရဲ့အစားအသောက်တွေကို အလွတ်ရနေသည်။ အဆင့်မြင့်ဟိုတယ်မို့ နိုင်ငံတ ကာအစားအသောက်တွေစုံစုံလင်လင်တော့ ထားပေးပါသည်။ အရှအစားအစာ၊ ဥရောပအစားအစာ၊ အိန္ဒိယအစားအစာ စုံလို့။ ဒါပေမယ့် ခံတွင်းမတွေ့နိုင်တာက ခက်နေသည်။ အစားအသောက်တော်တော်များများမှာ အချိုကဲထားတာမို့ အချိုမကြိုက်သောကျွန်တော့်အတွက် အဆင်မပြေခြင်းပင်။ ဒါပေမယ့်ဒေသဆိုင်ရာအစားအသောက်ကိုလည်း စားချင်သေးတာကြောင့် နေ့တိုင်းလိုလို ဘာအရသာမှမထည့် ထားတဲ့ဆန်ပြုတ်၊ ဆားဘဲဥ၊ ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်၊ ပေါက်စီတို့ ကိုပဲရွေးစားဖြစ်သည်။
“ဒီမှာတော့အဆင်ပြေမှာပါ၊ စားကြည့်လေ၊ ပင်လယ်စာကောင်းတယ်”
Oriental Pearl Tower မှာတော့ပင်လယ်စာတွေချည်းစားဖြစ်ပါသည်။ ရေဘဝဲ၊ ပုဇွန်ကင်၊ ဆယ်လမွန်ငါး တွေကိုစားချင်စဖွယ်ဖန် တီးပေးထားပါသည်။ ရှန်ဟိုင်းရဲ့အမြိန်ဆုံးညစာပင်။ ညစာစားရင် မြို့ရှုခင်းကိုငေးရင်းစကားတွေအများကြီးပြောဖြစ်ကြသည်။ အစ်မ မြတ်သစ်ခွအကြောင်းတော့မပါဝင်ခဲ့ပါ။ ရှန်ဟိုင်းမြို့အကြောင်းတွေပေါ့။
ညခုနစ်နာရီကျော်ကျော်လောက်မှာတော့ ကျွန်တော်တို့ရဲ့ညစာစားရင်းစကားဝိုင်းကိုအဆုံးသတ်လိုက်ကြသည်။ ကျွန်တော်ကမပြန်တတ် တာမို့ သူမလိုက်ပို့မည်တဲ့။ စားသောက်ဆိုင်ထဲကထွက်ရင်း အဆောက်အဦပုံစံကိုသတိထားမိလိုက်သည်။
“ဟော….အပြင်ဖက်အခင်းတွေက မှန်တွေလား”
အဝိုင်းပုံစံအဆောက်အဦအစွန်ပတ်လည်တွေမှာ ကြမ်းခင်းကိုမှန်တွေနဲ့ခင်းထားသည်။ အော် ….ဒီတာဝါနာမည်ကြီးတာဒီမှန်တွေကြောင့် ပေါ့။ မှန်တွေခင်းထားရာနေရာတွေကို အလွယ်တကူဝင်လို့မရအောင် သံအကန့်လေးတွေနဲ့ကာထား၏။
“ဟုတ်တယ်လေ၊ အဲဒီအပေါ်မှာတက်ကြည့်လို့ရတယ်၊ အောက်ဖက်ကိုတိုးလျှိုးပေါက်မြင်ရတယ်၊ တက်ကြည့်မလား”
မှန်တွေရှိရာ အဲဒီနေရာကိုတက်ကြည့်လိုက်ရင် အထပ်နှစ်ရာကျော်အကွာအဝေးမှာရှိတဲ့မြေပြင်ကို ကြမ်းခင်းမှန်တစ်ချပ်သာခြားပြီးမြင်ရ မည်။ ခြားထားသည့်မှန်ကလည်း ကြည်လင်နေတာမို့ မြေပြင်နဲ့အထပ်နှစ်ရာကျော်အကွာ လေဟာနယ်ထဲမှာမတ်တပ်ရပ်နေသလို ခံစား ရမည်။ အိုး….အမြင့်ကြောက်တတ်တဲ့သူတွေဆိုရင်တော့ ဘယ်ကြည့်ရဲမလဲ။
“တက်ကြည့်ချင်တယ်”
ရောက်တုန်းရောက်ခိုက်မို့ စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ မှန်တွေခင်းထားတဲ့ကြမ်းပြင်ဆီကို ခြေတောက်တစ်ဖက်အရင်ချရပ်လိုက် ၏။ အောက်ကိုတော့မကြည့်ရဲသေး။ နောက်ခြေတောက်တစ်ဖက်ကို ချပြီးနှစ်လှမ်းလောက်လျှောက်လိုက်ကာ အောက်ကိုဖြည်းညှင်းစွာ ကြည့်လိုက်မိသည်။ အိုး……….ရင်ဘတ်ထဲကတစ်ဒိတ်ဒိတ်ခုန်လာသည်။ မှန်သာကွဲထွက်သွားရင်ဖြင့် ပေပေါင်းများစွာဝေးတဲ့မြေကြီးဆီ ကို တိုးလျှိုးပေါက်ပြုတ်ကျသွားမှာ။ အရိုးတခြားအသားတခြားဖြစ်ရချည်ရဲ့။
“ပြုတ်မကျပါဘူး၊ ရဲရဲကြည့်ပါ”
အန်တီယဉ်ယဉ်က ကျွန်တော်တွေးနေတာကို သတိထားမိဟန်။ စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒီနေရာကနေကျွန်တော်ထွက်လာခဲ့သည်။ လက်ဆောင်ကောင်တာတွေရောက်တော့ Oriental Pearl Tower ပုံစံစားပွဲတင်ပစ္စည်းလေးကို လက်ဆောင်အဖြစ်ဝယ်ပေး၏။
“အာ….အန်တီ၊ ကျွန်တော်မယူဘူး၊ အဲဒါစျေးကြီးတယ်၊ ဒီနေရာမှာဆိုတစ်ခြားမှာထက်ပိုတောင်ကြီးသေးတယ်၊ ညနေစာကျွေးတာပဲ ကျေးဇူးတင်လှပါပြီ”
“ဘယ်ဟုတ်မလဲကွယ်၊ အန်တီက ဧည့်ဝတ်ကျေရမှာပေါ့၊ မင်းဟံသာက အန်တီ့အတွက်အရေးကြီးဆုံးဧည့်သည်ပဲလေ”
အပြန်ကျတော့လည်း သူမရဲ့ကားလေးနဲ့ပဲဟိုတယ်အထိ လိုက်ပို့ပေးပါသည်။ ကျွန်တော်က သန်ဖက်ခါပြန်တော့မယ့်အကြောင်း၊ တစ်ခါ တည်းနှုတ်ဆက်တဲ့အကြောင်းကို ပြောတော့ နောက်တစ်ခါလာလည်ဖို့၊ နောက်တစ်ခါလာရင်တော့အခုလိုမျိုး စနောက်တော့မှာ မဟုတ် တဲ့အကြောင်း ရယ်ရယ်မောမောနဲ့ပြော၏။
“အလုပ်နဲ့မဟုတ်ဘဲ သပ်သပ်လာခဲ့ပေါ့၊ မြတ်သစ်ခွအရမ်းသွားချင်တဲ့နေရာတစ်နေရာဆီလိုက်ပို့ပေးမယ်၊ သူ့ကိုယ်စားပေါ့”
ဒီတစ်ခေါက်တော့ သွားဖို့အခွင့်အရေးမရှိတော့ပါ။ မနက်ဖန်နေ့လည်ပိုင်းဆို ဟိုတယ်ကနေထွက်ခွာဖို့ အထုတ်အပိုးတွေပြင်ဆင်ရ တော့မည်။ ရှန်ဟိုင်းရဲ့အေးမြတဲ့အငွေ့အသက်တွေကို နှုတ်ဆက်ခွဲခွာရတော့မည်။ ဘယ်အချိန်နောက်တစ်ခေါက်ပြန်လာခွင့်ရှိမလဲဆို တာကို မရေရာသောအတွေးများနဲ့မျှော်လင့်ရုံသာတတ်နိုင်တော့သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် ဘယ်တော့မှမမေ့နိုင်တဲ့ အဖြစ် အပျက်တွေ ထဲကတစ်ခုပင်။
++++++++++++++++++++++++++++++++++++++