လွန်လေပြီးသော ချစ်သူ အပိုင်း (၂၀)

(၂၀)
Wu Zhen ခရီးကကျွန်တော်ထင်ထားသလောက်မဝေးလှပါ။ အဲဒီကိုသွားဖို့ခရီးသွားဧည့်များအတွက်ကားလေးတွေရှိသည်။ လူကတော့ အပြည့်ပင်။ ရှန်ဟိုင်းရဲ့အထင်ကရနေရာတစ်ခုမို့စိတ်ဝင်စားသူများလှသည်ဟုထင်မိ၏။
“မင်းဟံသာ Sight Seeing ကားမစီးဖူးသေးဘူးမှလား၊ မပြန်ခင်စီးလို့ရအောင်အန်တီစီစဉ်ပေးမယ်၊ အဲဒီကားစီးပြီးရှန်ဟိုင်းမြို့ရဲ့အလှ ကိုကြည့်လို့တော်တော်မိုက်တယ်”
“မြို့လယ်မှာတွေ့တွေ့နေရတဲ့နှစ်ထပ်ကားနီနီတွေလားအန်တီ”
“အင်း ဟုတ်တယ်”
“ကျွန်တော်နောက်တစ်ခေါက်မှပဲစီးတော့မယ်အန်တီ၊ စာရပြီးရင် မနက်ဖြန်ပြန်တော့မယ်”
အန်တီယဉ်ယဉ်က အိမ်ရှင်ကောင်းပီသစွာဧည့်ဝတ်ကျေလှပါသည်။ အလုပ်တစ်ဖက်နဲ့သူများနိုင်ငံမှာလာနေရတာမို့ကျွန်တော်ဒုက္ခမပေး ချင်ပါ။ ရန်ကုန်မှာကလည်းကျွန်တော့်အလုပ်ကရှိသေးတာမို့မြန်မြန်ပြန်မှရမည်။ ပြီးတော့ဒီမှာတစ်ရက်နေရင်တစ်ရက်စားရိတ်ထောင်း တာမို့ ကြာလာရင်မကောင်း။
“တစ်ရက်နှစ်ရက်တော့နေသွားပေါ့၊ အားမနာပါနဲ့၊ အန်တီကဒီနိုင်ငံမှာနေတာကြာတော့ ဒီနိုင်ငံသားဖြစ်နေပါပြီကွယ်၊ အိမ်ရှင်ကောင်းပီ သချင်ပါတယ်”
“အခုတောင် ကျွန်တော်အားနာလှပါပြီ”
ခေါင်မိုးမည်းမည်းအဆောက်အဦးတစ်ချို့ရှေ့ကိုအရောက်မှာတော့ ကျွန်တော်တို့ကားလေးရပ်သွားသည်။ Wu Zhen ကိုရောက်ပြီထင်ပါ ရဲ့။ ကားပေါ်ကဧည့်လမ်းညွှန်က ရောက်ပြီဖြစ်ကြောင်းနဲ့ ပျော်ရွှင်သောခရီးဖြစ်ပါစေဆိုပြီးဆုတောင်းပေးသည်။ WuZhen Visitor Center ဟူသောဆိုင်းဘုတ်ကိုတွေ့ရပြီးအဲဒီအဆောက်အဦကဝင်ပေါက်ဖြစ်သည်။
အဲဒီအဆောက်အဦပတ်ဝန်းကျင်မှာတော့ ရိုးရာအိမ်ပုံစံ၊ လှေပုံစံ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာရေနွေးကြမ်းဝိုင်း အစရှိသည်ဖြင့်ပြတိုက်ငယ် လေးတည်ဆောက်ထားတာကိုလေ့လာရသည်။ ဝင်ပေါက်အဆောက်အဦနေရာတစ်ချို့မှာတော့ Wu Zhen မှာရိုက်ထားတဲ့ရုပ်ရှင်ကား ကြော်ငြာဆိုင်းဘုတ်တစ်ချို့ကိုတွေ့ရသည်။ အင်း အစ်မမြတ်သစ်ခွပြောတဲ့တရုတ်သိုင်းကားထဲမှာပါတဲ့အဆောက်အဦတွေပေါ့။ ၂၀၀၄ ခုနှစ်ပတ်ဝန်းကျင်လောက်ကတော့ ရန်ကုန်မှာအခုလောက်ထိကိုးရီးယားယဉ်ကျေးမှုမထင်ရှားသေးပါ။ တရုတ်ဇာတ်လမ်းတွဲကားတွေ လည်းတီဗီကလွှင့်နေသေးတာမို့ တရုတ်ကားနဲ့ကိုးရီးယားကားမျှကြည့်နေရတဲ့ကာလလည်းဖြစ်မည်ထင်သည်။ ၂၀၀၀ ခုနှစ်ဝန်းကျင် လောက်ကနေစတင်ပြီးကိုးရီးယားဇာတ်လမ်းတွဲတွေ မြန်မာနိုင်ငံမှာထင်ရှားလာတာဖြစ်သည်။ အဲဒီမတိုင်ခင်မှာတော့ တရုတ်ဇာတ်လမ်း တွဲတွေပေါ့။ ကျွန်တော်တို့ခေတ်မှာတော့ ကိုးရီးယားကားတွေပဲတွင်ကျယ်နေပြီးတရုတ်ဇာတ်လမ်းတွဲတွေ သိပ်မထင်ရှားတော့။ အစ်မ မြတ်သစ်ခွကျတော့ တရုတ်ဇာတ်လမ်းတွဲတွေနဲ့ တစ်နေ့တာကိုဖြတ်သန်းပုံရသည်။ ဒါကြောင့်မို့ အဲဒီအဆောက်အဦတွေကိုစွဲစွဲလန်းလန်း ရောက်ဖူးချင်နေတာ။
“ဝင်ကြစို့မင်းဟံသာ”
အန်တီယဉ်ယဉ်ကဝင်ဖို့အတွက် လက်မှတ်တွေစီစဉ်ပေးနေသည်။ သူမကျွန်တော့်ကိုဦးဆောင်ခေါ်လာတဲ့ နေရာရောက်တော့ ရေပြင် ကျယ်နဲ့ လှေတွေကိုတွေ့လိုက်ရသည်။
“ဟင်၊ Wu Zhen ကဒါပဲလားအန်တီ”
“မဟုတ်ဘူး၊ လှေနဲ့သွားရဦးမှာ”
သုံးမီတာအနက်ရှိသည့်ရေပြင်ကိုဖြတ်ကျော်ရမှာမို့ မိမိအပါအဝင်အတူပါလာသောမိသားစုများကိုဂရုစိုက်ဖို့သတိပေးဆိုင်းဘုတ် ကပ်ထား တာကိုဖတ်ခဲ့ရသေးသည်။ လှေစီးဖို့လက်မှတ်အရောင်းကောင်တာမှာလည်း လှေပေါ်ကနေမတ်တပ်ရပ်ဓါတ်ပုံမရိုက်ဖို့၊ အသက်ကယ် အကျီီဝတ်ဖို့ အစရှိသည်ဖြင့်သတိပေးထား၏။

Wu Zhen ကိုကူးဖို့ဖယ်ရီလှေပေါ်မတက်ခင်မှာလည်း ဖယ်ရီကဆယ်မိနစ်လျှင်တစ်စီးနှုန်းထွက်တဲ့အကြောင်း၊ ဘုတ်တစ်စီးကိုလူငါး ဆယ်ထက်မပိုဘဲစီးရမည့်အကြောင်းနဲ့ထွက်တဲ့အချိန်၊ တိုးရစ်ဂိုက်နဲ့ဆိုင်ရာသတိပေးစာတွေကပ်ထား၏။ ကျွန်တော်တို့ခဏတာမျှလှေစီး အပြီးမှာတော့ တရုတ်သိုင်းကားများထဲကအဆောက်အဦပုံစံတွေကိုဘွားခနဲမျက်စိတစ်ဆုံးမြင်လိုက်ရသည်။
“အိုး၊ ဒါရှေးဟောင်းအဆောက်အဦပုံစံတွေပဲ”
“ဟုတ်တယ်၊ ဒီနယ်မြေတစ်ခုလုံးကိုဒီလိုအဆောက်အဦတွေချည်းပဲတွေရလိမ့်မယ်၊ အထဲမှာရိုးရာယဉ်ကျေးမှုဆိုင်ရာတွေ၊ တရုတ် သိုင်းကားထဲက ခေါက်ဆွဲပြုတ်ဆိုင်တွေလည်း တွေ့ရမယ်”
သစ်သားနဲ့တည်ဆောက်ထားတဲ့ရှေးရိုးရာအိမ်တန်းကြီးတွေ၊ အုပ်ကြွပ်ခေါင်မိုးတွေကိုမြင်ရသည်။ အဆောက်အဦတစ်ချို့ဆီမှာတော့ လမ်းညွှန်ဆိုင်းဘုတ်တွေကပ်ထားတာတွေ့ရ၏။ လျှောက်လမ်းကတော့ကျောက်ပြားလမ်းဖြစ်သည်။
“အန်တီတို့ တစ်ခုခုစားလိုက်ရင်ကောင်းမယ်၊ စားရင်းနဲ့မှအောင်ချစ်ဆီကိုဖုန်းခေါ်လိုက်မယ်”
“ဟုတ်ကဲ့”
အိမ်တစ်အိမ်ထဲကို သူမကဦးဆောင်ခေါ်သွားလေသည်။ ရာဇဝင်ကားထဲကတရုတ်အိမ်ပုံစံဖြစ်သည်။ သစ်သား၊ အုပ်ကြွပ်၊ ၀ါးတွေနဲ့ အဓိကဆောက်ထား၏။ အိမ်ထဲကိုဝင်လိုက်တော့မှ အိမ်မဟုတ်ဘဲစားသောက်ဆိုင်တစ်ဆိုင်ဖြစ်နေတာသိလိုက်ရသည်။ ဆိုင်အခင်းအ ကျင်းနဲ့ထိုင်ခုံတွေကလည်း တရုတ်သိုင်းကားထဲကအတိုင်းပြင်ဆင်ထား၏။ သစ်သားစားပွဲ၊ သစ်သားထိုင်ခုံတွေချည်းနဲ့မျက်စိပသာဒ ဖြစ်လှသည်။
“ဘာစားမလဲ မင်းဟံသာ”
“ကျွန်တော်မသိဘူးအန်တီ၊ မမှာတတ်လို့”
သူမကပဲဦးဆောင်မှာပေးသည်။
“နေ့လည်လည်းရောက်ခါနီးပြီဆိုတော နေ့လည်စာပဲစားလိုက်ကြတာပေါ့”
“ဟုတ်”
ဝက်သားသုံးထပ်သား၊ ငါးဟင်းရည်၊ မုန်ညင်းရွက်ကြော်တို့ကို မှာပေးသည်။ ဝက်သားတုံးကတော့ လက်ဝါးတစ်ပြင်စာလောက်တောင် ကြီးလောက်သည်။ စားရင်းနဲ့မှ ဦးအောင်ချစ်ဆီကိုဖုန်းဆက်လိုက်၏။
“ဒုက္ခပဲ၊ သူဖုန်းပိတ်ထားတယ်”
“ဗျာ”
စားနေသည့်တူလွတ်ကျမတတ်ဖြစ်သွားလေသည်။ သူတစ်နေကုန်သာဖုန်းပိတ်ထားခဲ့မယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ။
“ဖုန်းနံပါတ်မဟုတ်ဘဲနဲ့တစ်ခြားသိနိုင်မယ့်နည်းလမ်းကတော့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ကြည့်ဖို့ပဲရှိတော့တယ်၊ သူကသစ်သီးဆိုင် ဖွင့်ထားတာလို့သိရတယ်၊ အဲတော့သစ်သီးဆိုင်တွေဘယ်နှစ်ဆိုင်ရှိမလဲကြည့်ရုံကလွဲရင်တစ်ခြားနည်းလမ်းမရှိဘူး”
“ဒီနယ်မြေကတော်တော်ကျယ်မယ့်ပုံပဲ၊ အလွယ်တကူရှာတွေ့နိုင်ပါ့မလား”
“ကံပေါ့”
ကျွန်တော်သက်ပြင်းရှည်ချလိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ်တွေ့အောင်ရှာဖို့တော့ ဇွဲအပြည့်ရှိပြီးသားပါ။ ဒီအထိတောင်ရောက်လာပြီးမှ တော့ ဘယ်နည်းနဲ့မှနောက်ပြန်မဆုတ်နိုင်ပါ။
“ဟိုလေ၊ ဒီမှာညအိပ်လို့ရနိုင်မယ့်နေရာတစ်ခုခုများရှိလားအန်တီ”
ကျွန်တော်ဘာသဘောနဲ့မေးတာလဲဆိုတာကိုတော့ သူမကောင်းကောင်းသဘောပေါက်လောက်ပါသည်။
“ဟိုတယ်တွေအများကြီးပဲလေ၊ ဒီနေရာကနိုင်ငံခြားဧည့်သည်တွေအလာအများဆုံးနယ်မြေတစ်ခုပါ၊ ကြယ်ခုနစ်ပွင့်အဆင့်ဟိုတယ်တွေ တောင်ရှိတယ်”
တော်ရုံနဲ့ကျွန်တော်မပြန်ဘူးဆိုတာသူမလည်းသိသည်။ ဆယ်မိနစ်တစ်ခါလောက်ဖုန်းခေါ်ပေးပါသည်။ ထမင်းစားပြီးတဲ့နောက်ကျွန် တော်တို့နှစ်ယောက်ရဲ့ရှာပုံတော်ခရီးစတင်လေသည်။ လမ်းလျှောက်လိုက်သစ်သီးဆိုင်မြင်ရင်အကဲခတ်လိုက်နဲ့အေးအေးလူလူပင် စိတ် ရှည်လက်ရှည်ရှာဖြစ်ကြ၏။
“စိတ်လောလို့မဖြစ်ဘူး၊ သစ်သီးဆိုင်မဟုတ်ရင်လည်းရောက်တုန်းရောက်ခိုက်လေ့လာပေါ့၊ အောင်ချစ်ဒီကနေထွက်မပြေးပါဘူး၊ သူကိစ္စ တစ်ခုရှိလို့ဖုန်းပိတ်ထားတာနေမှာပါ၊ အချိန်တန်ရင်ပြန်ဖွင့်မှာပေါ့၊ သစ်သီးဆိုင်ကတရုတ်လူမျိုးသူ့သူငယ်ချင်းတစ်ချို့နဲ့စပ်တူဖွင့်ထားတာ လို့ပြောတယ်၊ ကိုယ်ပိုင်အလုပ်ဆိုတော့တွေ့ရင်လည်းသိပ်အားနာစရာမလိုဘူး”
ရိုးရာယဉ်ကျေးမှုပြတိုက်တွေ၊ လက်မှုပစ္စည်းအရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ တန်းစီလို့နေလေသည်။ သစ်သီးဆိုင်ကတော့ ရှားလှ၏။ ဆိုင်ပုံစံအားလုံးကတော့ရှေးဟောင်းအဆောက်အဦပုံစံတွေပဲဖြစ်သည်။ အရှေ့ဧရိယာ၊ အနောက်ဧရိယာစသည်ဖြင့်အပိုင်း တွေခွဲခြားထားပြီး ဧရိယာတစ်ခုချင်းစီမှာ စားသောက်ဆိုင်တန်း၊ ဟိုတယ်များ၊ KTV ၊ ကော်ဖီဆိုင်၊ အော်ပရာပွဲပြခန်း၊ စျေးဝယ်စရာနေရာ များကိုဆိုင်နာမည်နဲ့ မြေပုံဆိုင်းဘုတ်ကပ်ထားပေးတော့ ကျွန်တော်တို့အတွက်ရှာရတာမခက်ခဲလှပါ။ လမ်းတစ်ချို့မှာတော့ တောပန်း တွေ၊ ခြုံနွယ်တွေ၊ ဂန္ဓမာပန်းပင်ငယ်တွေအလေ့ကျပုံစံပေါက်နေတာကိုလည်းတွေ့ရသည်။ အဆောက်အဦတန်းတစ်ဖက်တစ်ချက်၏ အလယ်မှာမြစ်ငယ်ခြားထားပြီး ကျောက်တံတားလေးတွေထိုးပေးထားသည်။

လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေမှာရောင်းချနေတဲ့စျေးနှုန်းတွေကတော့ ရှန်ဟိုင်းထက်နည်းနည်းပိုကြီးနေတာတွေ့ရသည်။ လမ်း လျှောက်ကာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လေ့လာနိုင်သလို အလယ်ကြောမြစ်ကြောင်းတစ်လျှောက်လှေစီးပြီးတော့လည်းသွားနိုင်သည်။ ရိုးရာမင်္ဂလာဆောင်၊ အိပ်ရာအခမ်းအနား၊ ဘုရင်၊ မိဘုရားနေထိုင်သည့်ပုံစံတွေကိုလေ့လာနိုင်မယ့် ပြခန်းကိုတွေ့ရသလို ရှေးခေတ် တရုတ်လူမျိုးတို့၏ အိမ်ထောင်ရေးဆိုင်ရာသဘောထားများကိုမြင်နိုင်စေရန်လည်း လူပုံအရုပ်များပြုလုပ်ပြသထားသည်။ မိန်းမများ၏ အိမ်မှုကိစ္စများဆောင်ရွက်ရပုံ၊ ရိုးရာပွဲတော်ဆိုင်ရာအကြောင်းအရာများ စသည်ဖြင့်အဆောက်အဦတစ်ခုချင်းစီအလိုက်စိတ်ဝင်တစား လေ့လာစရာတွေချည်းပဲဖြစ်၏။
“အစ်မမြတ်သစ်ခွမရောက်ဖူးချင်ဘဲနေပါ့မလားနော်၊ ဒီလောက်စိတ်ဝင်စားစရာကောင်းတာ”
“သူစိတ်ဝင်စားတာကယဉ်ကျေးမှုဆိုင်ရာကိုလေ့လာချင်တာမဟုတ်ဘူး၊ တရုတ်သိုင်းကားထဲကလိုပုံစံမျိုးဟောဒီလိုအဆောက်အဦတွေ ကိုကြည့်ချင်တာ”
အစ်မမြတ်သစ်ခွအကြောင်းကိုပြောပြီးရယ်ဖြစ်ကြသည်။
“ဟော၊ သစ်သီးဆိုင်တစ်ဆိုင်”
တရုတ်အဖွားကြီးတစ်ဦးရောင်းချနေသည်။ စပျစ်သီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ တရုတ်ဇီးသီး စတဲ့အသီးတွေကိုကီလိုချိန်အလိုက်ပါကင် ထုတ်ထားပြီးသားကိုရောင်းချနေခြင်းပင်။ ဆိုင်ထဲဝင်ကာစနည်းနာကြသည်။ ဆိုင်ရဲ့ဝန်ထမ်း၊ ပိုင်ရှင်ပုံစံတွေကိုခန့်မှန်းပြီးနောက် အဲဒီ ဆိုင်မဟုတ်ဘူးဆိုတာ သဘောပေါက်လိုက်သည်။
“အောင်ချစ်က စျေးပဲရောင်းနေမယ်ထင်တယ်၊ ဆိုင်မှာရှိနေရင် လူမမြင်သူမမြင်နေရာမှာတော့မနေလောက်ဘူးထင်တာပဲ”
“ဟိုဖက်မှာလည်းသစ်သီးဆိုင်တစ်ဆိုင်အန်တီ”
ဒီနေရာတစ်ဝိုက်က သစ်သီးဆိုင်တန်းတွေတော်တော်များများကိုတွေ့ရမည့်နေရာဆိုတာ ကျွန်တော်တို့သဘောပေါက်လိုက်ကြသည်။ ထင်ထားတဲ့အတိုင်းလည်း ဆိုင်တော်တော်များများကိုတွေ့ရလေသည်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ရှာကြသည်။ သစ်သီးဝယ်မယ့် သူတွေအထင်နဲ့ ဝန်ထမ်းတွေကထွက်လာလိုက်၊ ကျွန်တော်တို့ကသစ်သီးတွေကိုမကြည့်ဘဲဆိုင်မှာရှိတဲ့လူတွေကို အကဲခတ်၊ ရှာဖွေ ကြည့်ရှုကာ ထွက်သွားလိုက်နဲ့ ရယ်စရာတော့အကောင်းသား။
“ဒီပုံစံအတိုင်းလိုက်ရှာနေမယ်ဆိုရင်တော့ တွေ့နိုင်ပါ့မလား မင်းဟံသာ”
သူမ ကပြောပြောဆိုဆိုနဲ့ ဖုန်းကိုကောက်ခေါ်လိုက်ပြန်သည်။
“ကျွန်တော်ဒီမှာနေခဲ့ဖို့အတွက် ဟိုတယ်ဘိုကင်လုပ်ထားဖို့လိုမယ်ထင်တယ် အန်တီ”
“အဲ၊ ဖုန်းဝင်သွားပြီ”
ကျွန်တော့်မျက်လုံးအရောင်တောက်သွားလေသည်။
“ဟဲလို၊ အောင်ချစ်လား၊ အမယ်လေးခေါ်လိုက်ရတာ ကိုယ်တော်ချောရယ်၊ ငါယဉ်ယဉ်ပါ၊ အခု Wu Zhen ကိုရောက်နေလို့ နင့်ဆီကို တမင်လာခဲ့တာ”
တစ်ဖက်မှစကားပြောသံသဲ့သဲ့ကို အတိုင်းသားကြားနေရသည်။ အဲဒီအချိန်မှာ ရင်ခုန်စွာနဲ့ဘုရားတ နေမိ၏။
“ငါတို့အခု သစ်သီးဆိုင်တွေရှိတဲ့နေရာကိုရောက်နေတယ်”
ဖုန်းပြောတာနှစ်မိနစ်လောက်တော့ကြာမည်။ သူမ ဖုန်းချကာကျွန်တော့်ကိုအောင်မြင်သောအကြည့်တွေနဲ့ပြုံးပြသည်။ အခြေအနေ ကောင်းပြီဆိုတာ ကျွန်တော်သဘောပေါက်လိုက်ပြီး သက်ပြင်းချနိုင်တော့၏။
“သူ့ဆိုင်က နည်းနည်းထပ်လျှောက်ရဦးမယ်”
++++++++++++++++++++++++++++++++++++++