(၂၁)
“ယုံတယ်မယုံဘူးဆိုတာထက် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာပဲ”
ကျွန်တော်တို့ရဲ့အဖြစ်အပျက်ကိုနားထောင်ပြီး ဦးအောင်ချစ်ကမှတ်ချက်ပြုသည်။ မျက်နှာဝိုင်းဝိုင်း၊ ခပ်ပိန်ပိန်နဲ့ ရုပ်ရည်သန့်သန့်ထဲက ဖြစ်သည်။ မြန်မာလို့သာပြောလို့ယုံရသည်။ သူ့ပုံစံက လုံးဝတရုတ်လူမျိူးပုံစံပင်။
“ဘယ်သူကမှ ယုံနိုင်စရာအကြောင်းမဟုတ်ပါဘူးဗျာ၊ တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင်လည်းမယုံနိုင်ဘူးဖြစ်နေတယ်”
“အင်းလေ၊ ဟုတ်မှာပေါ့၊ ဒါဖြင့်ကိုယ်ကငါ့ညီကိုအဲဒီစာပေးရမယ်ဆိုပါတော့”
“ဟုတ်ကဲ့၊ ကျွန်တော့်ကိုကူညီပါအစ်ကိုရာ၊ အဲဒီစာအတွက်ကျွန်တော်ရန်ကုန်ကနေဒီအထိလိုက်လာခဲ့ရတာပါ”
“မြတ်သစ်ခွနဲ့ပတ်သက်ပြီးအမှတ်တရသိမ်းထားတာဆိုတော့ ကိုယ်မပေးချင်တာအမှန်ပဲ”
ကျွန်တော်မျက်နှာညှိုးကျသွားလိမ့်မည်။ စိတ်လည်းညစ်သွားလေသည်။ သူကဆက်ပြော၏။
“ဒါပေမယ့် သစ်ခွပေးခိုင်းခဲ့တဲ့ကာယကံရှင်ကမင်းပဲဆိုတော့ ကိုယ်မပေးလို့လည်းမရဘူးလေ၊ အဲဒီတော့ကိုယ်ပေးလိုက်ပါ့မယ်၊ ဒါပေ မယ့် အဲဒီစာကိုဓါတ်ပုံရိုက်ယူထားခွင့်တော့ ကိုယ့်ကိုပေးမယ်မှလား၊ အဲဒီစာမှာ ကိုယ့်လက်ရေးတစ်လည်းတစ်ဝက်ပါတယ်လေ”
ကျွန်တော်လှိုက်လှိုက်လှဲလှဲပြုံးပြကာခေါင်းညိတ်လိုက်လေသည်။
“ရောက်ပြီးမှတော့အေးအေးဆေးဆေးပေါ့၊ ညနေစာစားပြီးမှပြန်လေ”
ငြင်းဖို့တွေးမိပေမယ့် လိုချင်တာရတာနဲ့ချက်ချင်းမပြန်သင့်တာမို့ညနေမှပြန်ဖို့ဆုံးဖြတ်လိုက်လေသည်။ ကျွန်တော့်ကိစ္စပြီးတော့ ဒေါ်ယဉ် ယဉ်နဲ့စကားဆက်ကောင်းနေသည်။ ကျွန်တော်ကတော့ သူ့ရဲ့သစ်သီးဆိုင်ကိုလေ့လာနေမိ၏။
ပုံမှန်ရောင်းချသောသစ်သီးဆိုင်တော့မဟုတ်ပါ။ စားပွဲတင်ဖို့အလှသစ်သီးလေးတွေလည်းရောင်းချတာဖြစ်သည်။ စောစောကတွေ့ရသော တစ်ခါတည်းအသင့်စားသုံးနိုင်သည့် အသီးတွေမဟုတ်။ ရွှေဖရုံသီးလေးတွေ၊ ဗူးခါးသီးလေးတွေ ဖြစ်သည်။ အဲဒါကအလှသပ်သပ်ထား ရတာလို့ ကျွန်တော်ယူဆလိုက်သည်။ အသင့်စားသုံးနိုင်သောအသီးများကိုလည်းဆိုင်ရဲ့အပြင်ဖက်ဆီမှာချခင်းရောင်းပြထားသည်။ ခရမ်း ချဉ်သီး၊ သခွားသီး၊ ဆန်းကစ်သီး၊ မက်မွန်သီး စသည်ဖြင့် အသီးအမျိုးအစားတော်တော်စုံလေသည်။ သူများသစ်သီးဆိုင်ထက် ထူးခြားတာကစောစောကတွေ့ရတဲ့ စားပွဲတင်ရွှေဖရုံသီးနဲ့စားပွဲတင်ဗူးသီးလေးတွေဖြစ်သည်။ အဲဒီအသီးလေးတွေကဆိုင်တိုင်းမှာ မရောင်း။
ခဏကြာတော့ ဦးအောင်ချစ်ကကျွန်တော်ရှိနေသာနေရာအနားရောက်လာသည်။ အန်တီယဉ်ယဉ်ကိုကတော့ထိုင်ကျန်နေခဲ့ပုံရသည်။
“လေ့လာနေတာလား”
“ဟုတ်ကဲ့၊ ဒီအသီးလေးတွေကိုသဘောကျလို့”
“အဲဒါရှန်ဟိုင်းကပဲမှာရောင်းတာလေ”
“အော်၊ ဒီကရောင်းတဲ့ပစ္စည်းတွေကို ကျွန်တော်တို့လာတဲ့ကမ်းဖက်ဆီကနေပဲယူလာပြီး ဒီအထိထမ်းသယ်ရတာပေါ့”
“မဟုတ်ဘူး၊ ကမ်းရှိတယ်လေ၊ မြစ်ကမ်းကနေတစ်ဆင့်လှေနဲ့သယ်လာပြီးနောက်ဖေးပေါက်ကနေထမ်းတင်ရုံပဲ”
ဝယ်သူတွေကတော့တစ်ယောက်စနှစ်ယောက်စဖြင့် ပုံမှန်မပြတ်ရှိနေလေသည်။ အရောင်းဝန်ထမ်းဖြစ်ပုံရသောတရုတ်ကောင်မလေး နှစ်ယောက်ကဒိုင်ခံရောင်းချပေးနေ၏။ ငွေရှင်းကောင်တာမှာတော့ ဦးအောင်ချစ်နဲ့ရွယ်တူခန့်လူတစ်ယောက်ထိုင်ပေးနေသည်။
“ဖုန်းပိတ်ထားတာဆောရီးနော်၊ မနေ့ညကတည်းကပိတ်ထားမိတာစောနကမှသတိရလို့”
“ဟုတ်၊ ရပါတယ်”
“ရန်ကုန်ကိုဘယ်နေ့ပြန်ဖို့စဉ်းစားထားလဲညီလေး”
“အဆင်ပြေမယ်ဆိုရင် မနက်ဖြန်လောက်ပြန်မယ်အစ်ကို၊ အလုပ်တွေလည်းရှိသေးတာနဲ့”
“စာရပြီဆိုတော့ ဘာဆက်လုပ်မလဲ”
“ကျွန်တော်မဆုံးဖြတ်တတ်သေးဘူးအစ်ကို၊ အဲဒီစာတစ်စောင်ရဲ့ဇောနဲ့ကျွန်တော်ဒီအထိသာရောက်လာရတာ၊ စာရပြီးဘာလုပ်မလဲ အစ်မမြတ်သစ်ခွအတွက်ရော ဘာလုပ်ပေးနိုင်မလဲ၊ အဲဒီစာကရောဘယ်လောက်အတိုင်းအတာအထိ ကျွန်တော်တို့ကိုအကျိုးသက် ရောက်မှုရှိမလဲဆိုတာ တွေးမရနိုင်ဘူးဖြစ်နေတယ်”
စကားပြောရင်းနဲ့မှတွေးမိလာသည်။ ဟုတ်ပါရဲ့။ ကျွန်တော်အဲဒီစာကိုဖတ်ပြီးဘာလုပ်နိုင်မှာလဲ။
“ဘာပဲဖြစ်ဖြစ်လူတိုင်းလူတိုင်းဟာကိုယ်နဲ့ပတ်သက်တဲ့အမှတ်တရတွေကိုသိချင်မြင်ချင်ကြတာပဲလေ၊ ကိုယ်ချင်းစာပါတယ်”
“အစ်ကို အစ်မမြတ်သစ်ခွကိုသိပ်ချစ်ခဲ့တာပဲလားဟင်၊ သူကဘယ်လိုလူမျိုးလဲ၊ မမြင်ဖူးလိုက်တဲ့ကျွန်တော့်ကို အစ်ကိုမြင်သလောက်ပြော ပြပေးပါလား၊ သူ့ရဲ့ပြင်ပကမ္ဘာကရုပ်ရည်၊ ပုံပန်းသဏ္ဍာန်၊ စကားသံတွေကို ကျွန်တော်သိချင်ပါတယ်”
သူတွေဝေသွားသည်။ စဉ်းစားနေတာလည်းဖြစ်မည်။ အန်တီယဉ်ယဉ့်ကိုမေးတာထက်သူ့ကိုမေးတာကပိုကောင်းမည်လို့ကျွန်တော်ယူဆ ပါသည်။ ယောကျင်္ားတွေရဲ့အမြင်ချင်းကအကြမ်းဖျင်းအားဖြင့်တူနေတတ်သည်လို့ကျွန်တော်မြင်သည်။
“သူက သိပ်ချစ်ဖို့ကောင်းတဲ့အမျိုးသမီး”
ဦးအောင်ချစ်ရဲ့မျက်လုံးတွေအတိတ်ဆီကိုအမှတ်ရတမ်းတနေသည်။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကိုယ့်ကိုပြန်မချစ်တာ၊ ခါးခါးသီးသီး ငြင်းပယ်တာမျိုးဟာ ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်ပါသလဲ။ အဲဒီဒုက္ခတွေကိုရင်ဆိုင်ပြီး သူအစ်မမြတ်သစ်ခွကိုချစ်ခဲ့သည်။ စိတ်ရှည်ပေးခဲ့သည်။ နောက်ဆုံးအချိန်မှာဘေးနားမှာရှိပေးရုံတင်မကဘဲ အစ်မမြတ်သစ်ခွသဘောကျနှစ်သက်တဲ့လူတစ်ယောက်ဆီကို စာဝိုင်းကူရေးပေးခဲ့သည်။ ဒါတွေကတော်ရုံယောကျင်္ားတစ်ယောက်ပေးဆပ်နိုင်ပါ့မလား။
“စိတ်ထားလည်းအရမ်းကောင်းတဲ့အမျိုးသမီးပါ”
ဦးအောင်ချစ်က ကိုယ်ချစ်မိတဲ့သူတစ်ယောက်ကို သူဘာလုပ်လုပ်အပြစ်မမြင်ဘဲ အကောင်းချည်းမြင်နေတတ်တဲ့ လူစားမျိုးမဟုတ် လောက်ပါ။ အစ်မမြတ်သစ်ခွရဲ့စိတ်နေသဘောထားကိုသေချာလေ့လာခဲ့လေသလား။
“အစ်ကို့ကိုပြန်မချစ်တာကလွဲရင်လား”
ကျွန်တော်စကားကြောင့်သူပြုံးသည်။
“မင်းတောင်တော်တော်သိနေတာပဲ”
“သူ့ဒိုင်ယာရီမှာ အစ်ကို့အကြောင်းတစ်လုံးတစ်လေမှမဖတ်လိုက်ရလို့မှန်းဆကြည့်တာပါ”
“မှန်းတာအရမ်းတော်တယ်”
သူက ကျွန်တော့်ကိုကလေးတစ်ယောက်ကိုကြည့်တဲ့မျက်ဝန်းတွေနဲ့ကြည့်သည်။ ကျွန်တော်ဘာပြောပြောခွင့်လွှတ်သည်းခံမယ်လူကြီး တစ်ယောက်ရဲ့အကြည့်တွေပါ။
“သူကစိတ်သဘောထားနူးညံ့တယ်၊ အရာရာကိုသည်းခံခွင့်လွှတ်တတ်ပေမယ့် သူမလိုချင်တဲ့အရာကိုဆုတ်ကိုင်ဖို့ခဲယဉ်းတတ်တဲ့လူစား မျိုးပဲညီလေး၊ ကိုယ့်ကိုတော့သူပစ်ပစ်ခါခါမလိုလားပေမယ့် အခင်အမင်မပျက်ဆက်ဆံနိုင်ခဲ့ပါတယ်၊ မြတ်သစ်ခွစကားပြောတဲ့ အခါ သိပ်ဆွဲဆောင်မှုရှိတယ်၊ လေသံအဖြတ်အတောက်အဆွဲအငင်တွေနဲ့ အိပ်ရာဝင်ပုံပြောကျွမ်းတဲ့ဆရာမလိုပဲ၊ သူ့အပြောတွေကပဲ ကိုယ့်ကိုကြွေစေခဲ့တာ၊ သူ့ဘေးနားကနေမခွာနိုင်ခဲ့တာ၊ သူကတော့ကိုယ့်ကိုခါးခါးသီးသီးငြင်းချင်ပေမယ့် လေပြေတွေနဲ့ပဲချော့သိပ်နိုင် ခဲ့တယ် မင်းဟံသာ”
Wu Zhen ရဲ့လေညှင်းတစ်ချို့ကျွန်တော်တို့ဆီကိုတိုးဝှေ့ဖြတ်သန်းသွားသည်။ နေ့လည်ဖက်ကျော်လွန်လာပြီဆိုပေမယ့် ရန်ကုန်မှာလို နေပြင်းပြင်းမတွေ့ရပါ။ နှစ်တွေတော်တော်ကြာနေပြီဆိုပေမယ့် ဦးအောင်ချစ်မျက်လုံးတွေကလတ်ဆတ်လို့နေလေသည်။ အချစ်ဟာ အရာရာကို နုပျိုလန်းဆန်းစေတာမဟုတ်ပါလား။
“ကိုယ်သူ့ကို အခုချိန်ထိချစ်နေတုန်းပဲ”
သူ့မျက်လုံးတွေကို အကဲခတ်ရင်းအဲဒီစကားကိုအပြည့်အဝယုံကြည်လိုက်ပါသည်။
“ထားပါလေ၊ ဒါတွေပြောလို့ဘာထူးတော့မှာလဲ၊ မင်းဟံသာအတွက် စာသွားယူလိုက်ဦးမယ်”
ပြောပြောဆိုဆိုနဲ့အိမ်ထဲကိုဝင်သွား၏။ ဧည့်သည်ဆယ်ယောက်လောက်တစ်ပြိုင်တည်းဆိုင်ကိုဝင်လာသည်။ တရုတ်လိုတွေတတွတ် တွတ်ပြောကာ သစ်သီးတွေကိုကိုင်တွယ်ကြည့်ကြသည်။ စျေးမကပ်ထားတဲ့ဟာတွေကိုစျေးမေးသည်။ မဝယ်ဘဲပြန်လှည့်ထွက်သွားတဲ့ သူတွေရှိသလို ဝယ်လိုက်သူတွေလည်းရှိသည်။ တစ်ခဏမှာတော့ အရောင်းကောင်မလေးတွေအလုပ်ရှုပ်သွားစေခဲ့၏။ အန်တီယဉ်ယဉ် ကတော့ အခန်းထဲမှာစာအုပ်တစ်အုပ်ကိုဟိုလှန်ဒီလှန်လုပ်ရင်း အချိန်ကုန်နေသည်။ ကျွန်တော်နဲ့ဦးအောင်ချစ်စကားပြောလို့ရအောင် ရှောင်ပေးနေတာလားမပြောတတ်။
နိုင်ငံခြားသားတစ်ချို့ကတော့ညီညာပြန့်ပြူးနေသောအဆောက်အဦတစ်ခု၏နံရံကိုမှီကာ အလှည့်ကျဓါတ်ပုံတွေတစ်ဖျတ်ဖျတ်ရိုက်နေ ကြ၏။ ညီညာလှသောအုတ်ကြွတ်မိုး၊ သေသပ်လှပသောမှန်နှင့်သစ်သားကွပ်တံခါး၊ ကနုတ်နံရံဆေးပန်းချီ၊ ထုထည်ကြီးလှသည့်ကျောက် ပြားအခင်း စတဲ့လက်ရာတွေကိုအဆောက်အဦအားလုံးနီးပါးမှာအသုံးပြုထားသည်။
“ဒါဘယ်လောက်လဲ”
သခွားသီးလေးလုံးကိုကော်ပန်းကန်နဲ့တွဲကာပါကင်ထုတ်ထားတာကို စျေးလာမေးခြင်းဖြစ်သည်။ အရောင်းကောင်မလေးထွက်ကာစျေး ကပ်ထားသည်ဟုပြောလိုက်သည်ထင်၏။ ဝယ်သူကစျေးနှုန်းကပ်ထားတာကိုရှာကြည့်လိုက်၏။ ကျွန်တော်ပါရောယောင်ပြီး အဲဒီသခွား သီးလေးလုံးရဲ့တန်ဖိုးကိုကြည့်မိလိုက်လေသည်။ ယွမ်တစ်ဆယ်တဲ့။ သခွားသီးတွေကတော့ငရုတ်ကျဉ်ပွေ့အရွယ်နီးနီးတော့ရှိသည်။
အဲဒီအချိန်မှာပဲ ဦးအောင်ချစ်ထွက်လာလေသည်။ ကျွန်တော့်ကိုပြုံးပြကာလက်ထဲကစာရွက်ခေါက်လေးတစ်ခုကိုပေးသည်။
“ရော့ ညီလေး”
၀ါညစ်ညစ်စာရွက်လေး။ အဲဒီအထဲမှာ ကျွန်တော့်အတွက်ရည်ရွယ်ရေးသားခဲ့သော မ ရဲ့လက်ရေးရှိသည်။ ကျွန်တော်ဟန်မဆောင်နိုင် တော့ပါ။ စာရွက်ကိုယူလိုက်ကာချက်ချင်းပင်ဖြန့်ဖတ်မိလိုက်လေသည်။
“မောင်
နှုတ်ဆက်ခဲ့ပါတယ်။ ကြိုတင်သိထားပေမယ့်ပြင်ဆင်လို့မရနိုင်တဲ့အရာတွေလည်းလောကကြီးမှာရှိနေတယ်ဆိုတာကို မောင် ရော မ ရောနားလည်သွားကြပြီ။ လက်ရှိကာလမှာအကောင်းဆုုံးဖြစ်အောင်နေထိုင်ဖို့ကအရေးကြီးဆုံးပဲလို့ မ ခံယူလိုက်ပါပြီ။ မ အတွက်အချိန် နောက်ကျတယ်ဆိုပေမယ့် လောကကြီးမှာအသက်ရှင်ကျန်ရစ်တဲ့မောင့်အတွက်ကတော့ မ တို့နှစ်ယောက်ရဲ့အကြောင်းမှာဆင်ခြင်စရာ တွေရလိုက်မှာပါ။ မ လေမဖြစ်နိုင်တာကိုဖြစ်အောင်ဖန်တီးဖို့ကြိုးစားခဲ့တယ်။ မောင့်ကိုချစ်ခဲ့တယ်။ မောင်နဲ့ပတ်သက်တဲ့အကြောင်းတွေ အပါအဝင် မောင်ကြိုတင်သတိပေးထားတဲ့ မ ရဲ့နေ့စဉ်အကြောင်းအရာတွေကိုနောက်တစ်နေ့ကျရင်သတိမရတော့တာ၊ မေ့သွားတာကို ဂရုမစိုက်ဘဲမောင့်ကိုချစ်ခဲ့တယ်၊ ချက်တင်ထဲကစကားပြောတဲ့အကြောင်းအရာတွေကိုမေ့သွားပေမယ့် မောင့်ကိုချစ်တဲ့စိတ်တစ်ခုက ရက်စွဲတော်တော်များများမှာလွှမ်းမိုးနေခဲ့တာဘာကြောင့်လဲဆိုတာ မ အခုချိန်ထိမတွေးတတ်တော့ပါဘူး။ အဖြေရှာလို့မရဘူးမောင်ရယ်။
သူမရဲ့လက်ရေးကဒီမှာတင်ပြီးသွားသည်။ ဒိုင်ယာရီထဲမှာတွေ့နေတဲ့လက်ရေးအမျိုးအစားပေမယ့် မညီမညာ ခက်ခက်ခဲခဲအားယူကာ ရေးထားသည့် ပုံစံ။ တကယ်တော့ အရာရာတိုင်းဟာသူမရဲ့ကံကြမ္မာစီမံထားတဲ့အတိုင်းဖြစ်ခဲ့တာပါ။ ဒိုင်ယာရီမှာရေးထားတဲ့နေ့စွဲတွေ ထဲက အကြောင်းအရာတစ်ခုတစ်လေကိုတောင်မှ ကျွန်တော်ပြင်ဆင်ပေးလို့မရခဲ့။ ဦးအောင်ချစ်လက်ရေးဟုထင်ရသည့်ခပ်သော့သော့ လက်ရေးပုံစံနဲ့စာပိုဒ်ကို ဆက်ဖတ်လိုက်၏။
မ လေမောင့်ကိုတွေ့ရမယ်ဆိုပြီးဇွတ်ယုံကြည်နေခဲ့တယ်။ မိုက်မဲမှုလို့ပဲပြောရမှာပေါ့။ လူတိုင်းဟာမဖြစ်နိုင်တာကိုလည်းတမ်းတခွင့်ရှိ တယ်လို့ယုံကြည်ခဲ့လို့ပေါ့။ ဒါပေမဲ့ တမ်းတတဲ့ကိုယ်ပဲပင်ပန်းတာပါပဲ။ မ ရဲ့ချက်ဘောက်စ်( Chat Box) မှာမောင်နဲ့ပြောထားတာတွေ ဟာနောက်တစ်နေ့ကျရင်စိတ်ထဲမှာ ပျောက်ကွယ်သွားပေမယ့် မောင့်အပေါ်ချစ်တဲ့စိတ်ကပျောက်ကွယ်မသွားတာဟာ အထူးဆန်း ဆုံးကိစ္စဖြစ်နေတယ်။ အဖြေရှာလို့လည်းမရပါဘူးကွယ်။ မောင်နဲ့ပတ်သက်လို့တချို့နေ့စွဲတွေ အကုန်ပြန်စဉ်းစားရင်မှတ်မိသလို တချို့နေ့တွေဆို ရင်လည်းလုံးဝသတိမရဘူး။ အဲဒါဘာကြောင့်လဲအခုချိန်ထိအဖြေမရှာနိုင်ခဲ့ပါဘူး။ မောင်ဒီစာကိုဖတ်ခွင့်ရခဲ့တဲ့အခါ အဲဒီအဖြေကိုမသိရ သေးရင် ဆက်မရှာဖို့မှာချင်တယ်။
မသိနိုင်တဲ့အဖြေကိုဆက်ရှာရတာပင်ပန်းတယ်။ ကံကြမ္မာရဲ့စီမံမှုအတိုင်းအလိုက်သင့်မျှောပါဖြစ်ကြတယ်လို့ပဲသတ်မှတ်လိုက်ကြတာပေါ့။ ပဟေဠိတွေ၊ ထူးဆန်းမှုတွေနဲ့ကြုံလာရတဲ့ မ တို့နှစ်ယောက်ရဲ့အဖြစ်အပျက်နေ့စွဲတွေကို အတတ်နိုင်ဆုံးမေ့ထားလိုက်ပြီးလက်ရှိမှာ ပျော်ရွှင်အောင်နေပါ။ မဖြစ်နိုင်တာတွေလည်းဖြစ်လာတတ်တယ်၊ အဓိပ္ပါယ်မရှိတာတွေလည်းကြုံလာတတ်တယ် အဲဒီတော့ကိုယ့်အပေါ် ရိုက်ခတ်လာမှုကိုအထိရောက်ဆုံးဖြေရှင်းနိုင်အောင်ပဲကြိုးစားဖို့မှာချင်တယ်။ ပျော်ရွှင်စရာအချိန်တွေနဲ့ဖြတ်သန်းနိုင်ပါစေ။
မြတ်သစ်ခွ
ကျွန်တော်တွေးမိလိုက်၏။“သူသေမှာသိသိကြီးနဲ့အင်းလျားကန်ဘောင်ကိုလာခဲ့တယ်၊ အရင်နေ့တွေကဆို ညဖက်ချက်တင်ထဲမှာပြော သမျှကိုမနက်ကျရင်သတိမရတော့တာမှန်ပေမယ့်အဲဒီနေ့ကိုသူမှတ်မိနေတယ်၊ ဆေးရုံမှာရောက်နေပေမယ့် စိတ်ကကျွန်တော့်ဆီကိုပဲ ရောက်နေခဲ့တယ်၊ ဘာကြောင့်လဲ၊ အဖြေရှာမတွေ့နိုင်တဲ့ပုစ္ဆာကိုဘာကြောင့်မေးရတာလဲ ကံကြမ္မာရယ်”။
“တကယ်တော့ အဖြေကရှင်းတယ်လို့ကိုယ်ထင်တယ်”
ဦးအောင်ချစ်က အကြောင်းစုံကိုသိပြီးသူပီပီ ကျွန်တော်လိုချင်နေတဲ့အဖြေကိုပေးဖို့ပြင်သည်။
“ဟုတ်၊ ပြောပါအစ်ကို”
“မြတ်သစ်ခွရဲ့ကံကြမ္မာကိုပြုပြင်ပေးလို့မရဘူးဆိုတာပြလိုက်တာပဲလေ၊ သူ့ဒိုင်ယာရီကမင်းဟံသာလက်ထဲမှာဘယ်လိုပဲရှိရှိ သူ့နေ့စွဲ အလိုက်ရေးထားတဲ့အတိုင်းဖြစ်ပျက်သွားတာပဲလေ၊ တစ်ခုတစ်လေတောင်ပြုပြင်ပေးလို့မရဘူးမှလား၊ သေဆုံးမယ့်ကံကြမ္မာပါလာတော့ လည်း သိသိရက်နဲ့မပြင်ပေးနိုင်ခဲ့ဘူးလေ”
သူပြောတာလည်းဟုတ်သည်။ ဘာဆက်ပြောမလဲ အာရုံစိုက်နားထောင်နေမိ၏။ အန်တီယဉ်ယဉ်လည်းဘယ်တုန်းကတည်းကရောက် နေမှန်းမသိ။ ဦးအောင်ချစ်ပြောမယ့်စကားကို စိတ်ဝင်တစားမျှော်လင့်နေသည်။
“အချိန်စက်ဝန်းတစ်ခုထဲမှာ ငါ့ညီတို့နှစ်ယောက်တွေ့ကြတယ်၊ စကားပြောနိုင်ကြတယ်၊ ဒီထက်ပိုပြီးဘာမှမလုပ်နိုင်ဘူး၊ တစ်ယောက်ရဲ့ အကြောင်းကိုတစ်ယောက်ဖန်တီးမပေးနိုင်ဘူး၊ အဲတော့ ဒါဖြစ်သင့်တဲ့အကြောင်းအရာပဲ၊ သေချာချူပ်ကြည့်လိုက်မယ်ဆိုရင်အရမ်း ထူးဆန်းတဲ့အကြောင်းအရာမဟုတ်တော့ဘူးလို့ခုမှ ကိုယ်သုံးသပ်မိတယ်”
ယေဘုယျအားဖြင့်တော့ အမှန်တွေချည်းပါပဲ။ ဒါပေမယ့် အဲဒီထက်လေးနက်မှုတွေလည်းပါဝင်ခဲ့တာ ဦးအောင်ချစ်အသိပင်။ ကျွန်တော် တို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက်အတိုင်းအတာတစ်ခုထက်ပိုပြီးသံယောဇဉ်တွယ်မိကြသည်။ မြတ်နိုးတွယ်တာကြသည်။ ဒါတွေကိုတော့ ဦးအောင်ချစ်ကိုဆန့်ကျင်ပြီးမပြောတော့ပါ။
“သံယောဇဉ်ပိုခဲ့ကြတာ၊ တစ်ခြားအကြံဉာဏ်တွေအပြန်အလှန်ပေးကြတာ၊ ဆွေးနွေးကြတာ ဒါတွေကတော့အမြတ်ပေါ့”
သူက ကျွန်တော်ဘာတွေးနေသလဲဆိုတာရိပ်မိပုံရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးအောင်ချစ်ရဲ့စကားတွေကမှန်ကန်တဲ့စကားတွေချည်းပါ။
“အဲဒီတော့ သူစာထဲမှာရေးထားတဲ့အတိုင်းပဲ လက်ရှိအချိန်မှာပျော်ရွှင်စွာဖြတ်သန်းနိုင်အောင်ကြိုးစားဖို့အရေးကြီးဆုံးပါပဲ၊ ကျန်တာ အားလုံးမေ့ထားဖို့ပဲ အစ်ကိုပြောချင်တယ်”
ကျွန်တော်ခေါင်းညိတ်လိုက်ပါသည်။
“အော်၊ ဒါပေမယ့် ကိုယ်ရောမင်းရော မေ့မထားနိုင်တာရှိတယ်”
ဘာပါလိမ့်။ သူပြုံးသည်။
“မြတ်သစ်ခွကိုချစ်တဲ့အချစ်”
သူရော၊ ကျွန်တော်ရော၊ အန်တီယဉ်ယဉ်ပါ ဟက်ဟက်ပက်ပက်ရယ်ချလိုက်ကြသည်။ ရန်ကုန်ရောက်ရင် ကျွန်တော်လုပ်ချင်တာတစ်ခု တော့ရှိပါသေးသည်။ အဲဒါကိုလုပ်ပြီးရင်တော့ အစ်မမြတ်သစ်ခွမှာတဲ့အတိုင်း ကိုယ့်အပေါ်ရိုက်ခတ်လာမှုကိုအထိရောက်ဆုံးဖြေရှင်းနိုင် အောင်ပဲကြိုးစားရင်း ပျော်ရွှင်စရာအချိန်တွေနဲ့ဖြတ်သန်းနိုင်ဖို့လုပ်တော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်သည်။
“ကဲ၊ ဒီတော့ ရန်ကုန်ရောက်ရင်ဘာလုပ်ရမလဲဆိုတာ စဉ်းစားတော့”
“ကျွန်တော်စဉ်းစားပြီးပါပြီ၊ အစ်မမြတ်သစ်ခွမှာတဲ့အတိုင်းနေဖို့လည်းဆုံးဖြတ်ပြီးပါပြီ”
သူတို့နှစ်ယောက်ကျွန်တော့်ကိုစိတ်ဝင်တစားကြည့်စဉ်မှာပဲ ကျွန်တော်ဆက်ပြောလိုက်သည်။
“ရန်ကုန်ရောက်ရင် ကျွန်တော်လူတစ်ယောက်ကိုသွားတွေ့မယ်”
++++++++++++++++++++++++++++++++++++++