လွန်လေပြီးသော ချစ်သူ အပိုင်း (၂၂)

(၂၂)
အသက်အရွယ်ကြီးရင့်ပေမယ့် သူမရဲ့ငယ်ရုပ်ကိုဖမ်းလိုက်ရင်တော့ အစ်မမြတ်သစ်ခွအတိုင်းပါပဲ။ ဓါတ်ပုံထဲကအစ်မမြတ်သစ်ခွအပြင်ကို ရောက်နေသလိုပါပဲ။
“ဟိုတစ်ခေါက်လာတယ်ဆိုတာ လူလေးလား”
“ဟုတ်ပါတယ် ခင်ဗျ”
အဒေါ်ကြီးကသဘောကောင်းပုံရသည်။ ဒေါ်ချစ်ဝိုင်းဆိုတာဒေါ်ဒေါ်ပါပဲကွယ်တဲ့။ သူမကိုအကျိုးအကြောင်းရှင်းပြဖို့ကြိုးစားရသည်။ ဘယ် လိုစပြောရပါ့မလဲ။ ကျွန်တော်တွေဝေနေမိ၏။ အဒေါ်ကြီးကကျွန်တော့်ကိုအကဲခတ်နေ၏။ ပြီးတော့ သူကပဲစကားစသည်။
“သမီးအတွက်အလှူတစ်ခုလုပ်ပေးတယ်ဆို၊ ပြီးသွားပြီလား”
“ဟုတ်ကဲ့ပြီးသွားပါပြီ”
လိမ်ပြောလိုက်မိ၏။ အမှန်တော့ ကျွန်တော်ဘာအလှူမှမလုပ်ရသေးပါ။ ဟိုတစ်ခေါက်ကတွေ့တဲ့အန်တီကြီးက အကုန်ပြောထားပြီးပြီပေါ့။
“အဲဒီကတည်းကနေဒေါ်ဒေါ်မင်းကိုစောင့်နေခဲ့တာ၊ ဘယ်နေ့လာမလဲမျှော်နေခဲ့တာ”
“အော်…ဟုတ်ကဲ့၊ ဘာကြောင့်များပါလဲ ဒေါ်ဒေါ်”

“လူတစ်ယောက်နဲ့တစ်ယောက်မသိဘဲနဲ့အခုလိုအိမ်မက်ပေးပြီးအလှူလုပ်ခိုင်းတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ဘူးကွဲ့၊ အကြောင်းအကျိုး ဆက်စပ်နေလို့ပေါ့၊ အိမ်မက်ထဲမှာသမီးက ဒေါ်ဒေါ့်အကြောင်းကိုဘာမှမပြောခဲ့ဘူးလားကွယ်”

“ဟုတ်ကဲ့၊ ပြောခဲ့ပါတယ် အဲဒါကြောင့် ကျွန်တော်ဒီကိုရောက်လာခဲ့တာပါ”

“ဟေ၊ ဟုတ်လား”

“ဟုတ်ကဲ့၊ ဒေါ်ဒေါ်ပြောသလိုပဲ ကျွန်တော်တို့ အကြောင်းအကျိုးပါတယ်၊ ရေစက်ဆုံတယ်လို့ပဲကျွန်တော်လည်းတွေးနေတာ၊ အိမ်လိပ်စာ ကိုလည်းအိမ်မက်ထဲမှာပဲပေးတာ ဒေါ်ဒေါ်ရဲ့၊ ဒါပေမယ့် ဒီအိမ်တော့မဟုတ်ဘူး၊ အင်းစိန်ကအိမ်ပါ၊ အဲဒီအိမ်ကိုရောက်သွားပြီးအဲဒီကတစ် ဆင့် ဒီကိုညွှန်လိုက်လို့ရောက်လာတာပါ”

မထူးဇာတ်ခင်းလိမ်ပြောလိုက်မိသည်။ ဒါပေမယ့် အစ်မမြတ်သစ်ခွအတွက်ရည်ရွယ်ပြီးအလှူတစ်ခုလုပ်ဖို့ကိုတော့ ကျွန်တော်တွေးမိပါ သည်။ အဲဒီအလှူမှာ သူမရဲ့မိခင်ကိုပါခေါ်မည်။ သူမရဲ့မိခင်ဆန္ဒအတိုင်းလုပ်ပေးဖို့စိတ်ကူးထားသည်။

“အော် ဟုတ်လား၊ အေးကွယ်၊ ထူးဆန်းလိုက်တာ၊ ပြောပါဦးလူလေး ဒေါ်ဒေါ်နဲ့ပတ်သက်ပြီးဘာတွေများပြောသေးလဲ”

“ထူးထူးခြားခြားတော့မဟုတ်ပါဘူးဒေါ်ဒေါ်၊ သူ့အတွက်ရည်ရွယ်ပြီးဒေါ်ဒေါ်ကရေစက်ချအမျှဝေပေးတဲ့အလှူတစ်ခုကို ထပ်လုပ်ပေးဖို့ ကျွန်တော့်ကို မှာလို့ ကျွန်တော်လာခဲ့တာပါ၊ အဲဒါ နောက်လလောက်မှာ ကျွန်တော်စီစဉ်ထားပါတယ်၊ ဒေါ်ဒေါ်ရဲ့ဆန္ဒကအရေးကြီးတာမို့ ဘယ်နေရာမှာ ဘယ်လိုပုံစံလုပ်မလဲဆိုတာ ပြောပြစေချင်ပါတယ်”

“အေး အေး စဉ်းစားကြတာပေါ့၊ ဒါနဲ့ လူလေးရဲ့၊ ဟို အကြွေးကိစ္စဆိုတာက”
ပထမတစ်ခေါက်တွေခဲ့တဲ့အန်တီကြီးက ခရေစေ့တွင်းကျပြောပြထားပုံရသည်။ အကြွေးတောင်းနေပြီ။
“ကျွန်တော့်အဒေါ်တစ်ယောက်က အစ်မမြတ်သစ်ခွဆီကနေ ပိုက်ဆံချေးခဲ့ဖူးပါတယ်၊ အဲဒီပိုက်ဆံကို ဆပ်ဖို့အဒေါ်ကကျွန်တော့်ကိုမှာ ထားတာပါ၊ သူကနိုင်ငံခြားရောက်သွားလို့ပါ”
“အော် ဟင်းဟင်း၊ ဒေါ်ဒေါ့်ကိုလာပေးတာပေါ့ အခု”
“ဟုတ်၊ ဟုတ်ကဲ့”
ကျွန်တော့်အိတ်ကပ်ထဲကိုစမ်းရင်းရယ်ပြလိုက်မိသည်။
“ဒါနဲ့ ဘယ်လောက်လဲ”
“နှစ်ထောင်ပါ”
“ဘာ၊ နှစ်ထောင် ဟုတ်လား”
“ဟုတ်၊ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက နှစ်ထောင်ကအခုနှစ်သောင်းလောက်တန်ဖိုးရှိတာလို့အဒေါ်ကပြောပါတယ်၊ သူတို့ကျောင်းတက်ရင် မုန့်ဖိုးက ငါးဆယ်လောက်ပဲရတာလို့လည်းပြောပါတယ်”
အဒေါ်ကြီးရဲ့မျက်ဝန်းတွေက ကျွန်တော့်အပေါ်စူးစိုက်စွာ။ အသက်အရွယ်ကြီးရင့်နေပြီမို့ တွန့်ကြေနေပြီဖြစ်သောမျက်နှာအသားအရည် ကြားကမျက်လုံးအစုံကိုအားယူစွာနဲ့ ကျွန်တော့်ကိုမျက် ခြည်မပြတ်စိုက်ကြည့်နေသည်။ အဓိပ္ပါယ်တစ်ခုခုတော့ပါသည်။ ရင်းနှီးနေတဲ့လူ တစ်ယောက်ကို သတိရတမ်းတမ်းတတကြည့်နေသည့် အကြည့်မျိုးဖြစ်သွားသည်။
“ဒါနဲ့ လူလေးနာမည်ဘယ်လိုခေါ်လဲ”
ကျွန်တော့်နာမည်မေးတာအကြောင်းမဲ့တော့မဟုတ်။ သူမ ကျွန်တော့်ကိုကြည့်နေတဲ့အကြည့်နဲ့လုံးဝသက်ဆိုင်ပါလိမ့်မည်။ ဘယ်လိုပဲဖြစ် ဖြစ် နာမည်ကိုတော့လိမ်ပြောဖို့စိတ်ကူးမရှိပါ။
“မင်းဟံသာ ပါ”
“ဟင်၊ ဘယ်လို”
သူမရဲ့အကြည့်တွေကပိုပြီးစူးရှလာသည်။ ကျွန်တော့်ရဲ့အဖြေကိုစိတ်ဝင်တစားနားထောင်ကာထပ်မေးသည်။
“မင်း ဟံ သာ ပါ ဒေါ်ဒေါ်”
ဒုတိယအကြိမ်မြောက်ဖြေအပြီးမှာတော့ သူမရဲ့ရင်ဘတ်ကိုလက်ဖြင့်ဖိကာ ကျွန်တော့်ကိုစိုက်ကြည့်နေလေသည်။ အံသြမိသွားသည်။ ကျွန်တော်ဘာအမှားပါလို့လဲပေါ့။
“မင်းဟံသာ၊ လူလေး ဘာကြောင့်ဒေါ်ဒေါ်ကိုလိမ်ခဲ့သလဲ”
“ဗျာ၊ ကျွန်တော် ….ကျွန်တော်”
ဘာပြောလို့ပြောရမှန်းမသိတော့ပါ။ သူမရဲ့ညီမဆိုသူက ကျွန်တော်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုဘာတွေများထပ်ပြောထားသေးလဲ။ အဲဒီ အဒေါ်ကြီးကိုတစ်ခြားအကြောင်းအရာထူးထူးခြားခြားလည်းမပြောပြခဲ့။ ဒါနဲ့များ။
“မင်းဟံသာ ဆိုတာသမီးရဲ့ချစ်သူလေ”
“ဗျာ”
ကျွန်တော်မျက်လုံးပြူးသွားရပါသည်။ အဒေါ်ကြီးကအကြောင်းစုံကိုသိထားပုံရသည်။ မိခင်ဖြစ်သူအပေါ်ပွင့်လင်းစွာဆက်ဆံပြောဆိုတတ် သည့် အစ်မမြတ်သစ်ခွအပေါ်လည်း အထင်ကြီးသွားမိသည်။
“အံသြဖို့ကောင်းလိုက်တာလူလေးရယ်”
အဒေါ်ကြီးက ကျွန်တော့်လက်ကိုလာကိုင်ကြည့်ကာ မျက်နှာကိုမျက်တောင်မခတ်စိုက်ကြည့်နေလေသည်။
“အစောကြီးကတည်းကကျွန်တော်မင်းဟံသာပါလို့ပြောပြီးဒေါ်ဒေါ့်ဆီကိုလာလည်လို့ရပါတယ်ကွယ်၊ လိမ်ပြောစရာမလိုပါဘူး၊ မင်းဟံသာ တစ်နေ့နေ့မှာရောက်လာမယ်ဆိုတာ ဒေါ်ဒေါ်မျှော်နေခဲ့တာပါကွယ်၊ မျှော်နေခဲ့တာပါ”
“ဗျာ၊ ဒေါ်ဒေါ်က သိတယ် ဟုတ်လား”
“သိတာပေါ့သားရယ်၊ ဒေါ်ဒေါ်သမီးကဒေါ်ဒေါ့်ကိုအကုန်ပြောပြထားပြီးသားပါ”
ကျွန်တော်လိမ်မိတာမှားပြီ။ လူကြီးတစ်ယောက်ကိုလိမ်မိပြီ။ တကယ်တော့ သူမယုံတာယုံတာအပထား၊ အမှန်အတိုင်းပြောပြဖို့ကကျွန် တော့်တာဝန်မှလား။ အစ်မမြတ်သစ်ခွမရှိတဲ့နောက်ပိုင်းမှာ သူမနဲ့ပတ်သက်လာရင် ကျွန်တော်အယုံကြည်ရဆုံးလူထဲမှာသူမအမေက အဓိက ပါနေတာပဲလေ။
“ကျွန်တော်တောင်းပန်ပါတယ်ဒေါ်ဒေါ်ရယ်၊ ကျွန်တော်ပြောမယ့်အကြောင်းအရာတွေက ဒေါ်ဒေါ်မယုံနိုင်လောက်တဲ့အကြောင်းအရာတွေ လို့ထင်ထားလို့လိမ်လိုက်မိတာပါ၊ ကျွန်တော်လိမ်ပြောဖို့စိတ်ကူးမရှိပါဘူး၊ ဒါပေမယ့် အခြေအနေအရ…”
“နောက်ဆယ်နှစ်ဝန်းကျင်လောက်အကြာမှာ တကယ်ပေါ်လာတာပဲကွယ်”
သူမက ကျွန်တော်ရှင်းပြနေတာကို စိတ်ဝင်တစားနားထောင်နေတာမဟုတ်။ ကျွန်တော့်ကိုကြည့်ပြီး မှင်သက်အံသြနေတုန်းပင်။ ဒီလိုအ တွေ့အကြုံများပြားသက်အရွယ်ကြီးရင့်သူတစ်ယောက်တောင်မယုံကြည်နိုင်လောက်တဲ့အဖြစ်အပျက်က ထူးဆန်းစွာဖြစ်လာခဲ့ပြီမှလား။
“အစ်မက ဘာတွေများပြောထားခဲ့ပါသလဲ ဒေါ်ဒေါ်”
သူမ စဉ်းစားမနေပါ။ သမီးဖြစ်သူပြောခဲ့တဲ့စကားကို အချိန်တိုင်းအမှတ်ရနေသူပီပီ မဆိုင်းမတွပြန်ဖြေသည်။
“မင်းဟံသာဆိုတဲ့သမီးချစ်သူကို အခုမတွေ့ရရင် နောက်ဆယ်နှစ်လောက်အကြာမှာအမေ့ဆီကိုရောက်လာလိမ့်မယ်တဲ့”
“သူ သူအဲလိုမှာခဲ့တယ်…..”
အပြင်မှာတွေ့ဆုံရလိမ့်မယ်လို့ဘာလို့ယုံကြည်နေခဲ့တာလဲမရယ်။ အကြောင်းစုံကိုလည်းသေသေချာချာသိနေရပြီးမှ ကျွန်တော်နဲ့အပြင်မှာ တွေ့ဆုံရမယ်လို့တကယ်ထင်နေခဲ့တာလား။
“သူထင်နေတယ်”
“ဗျာ”
မိခင်ဖြစ်သူက ကျွန်တော့်အတွေးကိုအတပ်သိနေဟန်။
“မင်းနဲ့သူနဲ့ရေစက်ပါလာတာမို့ အပြင်မှာဆုံတွေ့ရမယ်လို့ သူယုံကြည်နေခဲ့တယ်၊ မဖြစ်နိုင်တာကိုယုံကြည်နေခဲ့တာပေါ့၊ အဲဒါကလည်း အကြောင်းအကျိုးဆက်စပ်နေလို့ပေါ့ကွယ်၊ လူတွေကခက်တယ်၊ ယုံကြည်ရာကိုမြဲမြဲဆုတ်ကိုင်ထားတတ်တဲ့အကျင့်ရှိနေတတ်ကြတာ မဟုတ်လား၊ မြတ်သစ်ခွကမင်းဟံသာနဲ့ပတ်သက်ရင်အကုန်နီးပါးသိတယ်၊ မှတ်လည်းမှတ်မိတယ်၊ အပြင်မှာမတွေ့ရမှန်းလည်းသိတယ်၊ ဒါပေမယ့် တကယ်တွေ့ရမယ်လို့ တစ်နေ့ယုံကြည်နေတယ်၊ ဒါကြောင့် အကုန်လျှောက်လုပ်ခဲ့တာလေ၊ ကန်ဘောင်ကိုသွားခဲ့တာကအဆိုး ဆုံးပေါ့၊ အဲဒီနေ့က သူ့စိတ်ထဲမှာ မင်းဟံသာနဲ့အပြင်မှာတကယ်တွေ့လိမ့်မယ်လို့ယုံနေခဲ့တယ်လေ”
“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မလဲ”
“သူ့စိတ်ထဲမှာ ယုံကြည်နေတာကို ဒေါ်ဒေါ်ဘယ်လိုတားမလဲကွယ်၊ သူ့ရဲ့ကြောင်တောင်တောင်အတွေးတွေကိုဒေါ်ဒေါ်ဘယ် လိုတား မလဲ၊ လူကြီးတွေမှာအားငယ်မှုတစ်ခုရှိကြတယ်၊ အဲဒါကခေတ်နဲ့လိုက်လျောညီထွေမဖြစ်ဘူးဆိုတဲ့သိမ်ငယ်စိတ်ပဲ၊ ဒေါ်ဒေါ်လည်း အဲ လိုဖြစ်ခဲ့ပါတယ်၊ သူလုပ်တာကိုမလုပ်သင့်ဘူးလို့တားမြစ်ဖို့အတွက်ဒေါ်ဒေါ်မချင့်မရဲဲဖြစ်ခဲ့တယ်၊ ငါပြောလိုက်တဲ့စကား၊ ငါပေးလိုက်တဲ့ အကြံက သူတို့ခေတ်သူတို့အခါနဲ့လိုက်လျောညီထွေဖြစ်ပါ့မလားဆိုတာ စိုးရိမ်ခဲ့တယ်၊ ဘာတဲ့အင်တာနက်ထဲကလူကိုအပြင်မှာတွေ့ဖို့ ဆိုတဲ့ကိစ္စလေ၊ နားတော့မလည်ပါဘူး၊ နောင်ဆယ်နှစ်အကြာကလူကို အင်တာနက်ပေါ်မှာတွေ့လို့ရသလား၊ အဲဒါတကယ်ပဲလား၊ သမီး ပြောပြတော့ မယုံခဲ့ပါဘူး၊ ဖြစ်မှမဖြစ်နိုင်တာလေ၊ ဒါပမယ့်ဖတဆိုးသမီးလေးပြောသမျှယုံကြည်ပေးခဲ့တယ်၊ သူလုပ်သမျှဘေးကနေ မေတ္တာပို့ပေးရုံပဲလုပ်ပေးခဲ့ပါတယ်၊ အခုဆယ်နှစ်ဝန်းကျင်အကြာမှာမောင်ရင့်ကိုတွေ့မယ်လို့ သမီးမှာခဲ့တာကိုလည်းဇွတ်မှိတ်ယုံကြည် ပေးနေတယ်၊ ဟော အခုသမီးစကားကတကယ်မှန်ခဲ့ပြီဆိုတာ ဒေါ်ဒေါ်သိလိုက်ရပါပြီကွယ်”
“အစ်မ သေဆုံးမယ့်နေ့ကရော ဘာမှာခဲ့သေးလဲဒေါ်ဒေါ်”
မဝံ့မရဲမေးလိုက်ပါသည်။ ကျွန်တော်အသိချင်ဆုံးကိစ္စပဲမဟုတ်လား။
“အဲဒီနေ့က ကန်ဘောင်ကိုဒေါ်ဒေါ်ရောလိုက်ခဲ့တယ်”
“ဗျာ”
ကျွန်တော်သတိရလိုက်သည်။ မ ကျွန်တော့်ကိုပြောဖူးတာပဲ။ အမေခေါ်လာမယ်ဆိုပြီး။ အဲဒီနေ့ကကျွန်တော်တို့နှစ်ယောက်ပြောတဲ့စကား တွေကို အမှတ်မရဘဲနေပါ့မလားလေ။
“မင်းဟံသာလို့ခေါ်နေကျနာမည်ကို မောင်လို့ပြောင်းခေါ်ခဲ့တာဘာကြောင့်လဲဆိုတာမောင်သိမှာပါ၊ အဲဒီအဖြေကလည်း မောင်သိပြီးသား၊ ဒါပေမယ့် မောင့်ကိုတွေ့ပြီးပြောခွင့်ပေးပါကွယ်၊ မောင့်ကိုမျက်နှာချင်းဆိုင်တွေ့ခွင့်မရရင်တောင် မောင်ရှိတဲ့နေရာ၊ မောင်ရှိတဲ့အချိန်မှာ လာပြီးတော့ ပြောခွင့်ရှိတယ်မဟုတ်လားဟင်”

“မဟုတ်သေးဘူးနော် မ”

“မောင်က မ တကယ်ပဲ ၁၅ ရက်နေ့မှာသေဆုံးမယ်လို့တွက်ထားတာပဲနော်”

“မ လည်းအဲလိုပဲထင်ထားပေမယ့် ဟုတ်မဟုတ်တော့စမ်းသပ်ခွင့်ရှိတယ်မှလား၊ သေမင်းကိုတော့အံတုလို့မရကောင်းပါဘူးမောင်ရယ်၊ သေစရာရှိ သေမှာပဲလေ၊ မရဲ့ဆန္ဒကို လိုက်လျောပေးပါနော်”

“ကျွန်တော့်ကို မနက်ဖြန်တစ်ရက်တော့ စဉ်းစားခွင့်ပေးပါလား မ ရယ်”

“ဟင့်အင်း၊ အချိန်မရှိတော့ဘူးမောင်၊ မနက်ဖြန်တစ်ရက်ကိုတခြားအကြောင်းအရာတွေပြောရဦးမယ်လေ”

“အဲဒါဆိုရင်လည်း မ တစ်ယောက်တည်းမလာပါနဲ့၊ သူငယ်ချင်းတစ်ယောက်ကိုတော့ခေါ်လာလေ”

“အမေ့ကိုခေါ်လာရင်ကော”

သူမ တကယ်ဘဲမိခင်ဖြစ်သူကိုခေါ်လာခဲ့တာပါလား။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်အကြောင်းကိုလည်း ပြောပြထားတာပါလား။ ဦးအောင်ချစ်ပြောသလိုပါပဲ။ အဖြစ်အပျက်ကရိုးရိုးလေးပဲဖြစ်ပျက်ခဲ့တာပါ။ လည်ပတ်နေတဲ့သံသရာအချိန်စက်ဝန်းတစ်ခုမှာ ငြိပြီးတော့ သူမနဲ့ ကျွန်တော်ဆယ်စုနှစ်တစ်ခုခြားကာတွေ့ကြရသည်။ အဓိကအကြောင်းအရင်းကအဲဒါပဲ။ သူ့ကံကြမ္မာ၊ ကိုယ့်ကံကြမ္မာ ပြောင်းလဲစေ နိုင်လောက်တဲ့ အဖြစ်အပျက်ကြီးကြီးမားမားတွေကို ကျွန်တော်တို့နှစ်ယောက်ဖန်တီးလို့မရခဲ့ကြပါ။ ကဲ ဒီထက်ရှင်းတာရှိပါဦးမလားလေ။

“အဲဒီနေ့အကြောင်းကို ကျွန်တော့်ကိုပြောပြပါလား ဒေါ်ဒေါ်ရယ်”

“အင်း၊ မင်းမေးမယ်လို့ဒေါ်ဒေါ်သိပြီးသားပါ၊ ပြောပြဖို့လည်းအဆင်သင့်ပါပဲကွယ်”

လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကနေ့စွဲတစ်ခုရဲ့အကြောင်းအရာကို ခရေစေ့တွင်းကျမှတ်မိနေဟန်။ အဲလိုမှတ်မိနိုင်လောက်တဲ့အကြောင်း တရားလည်းဖြစ်နေလေသည်။ သူမ၏သမီး။ သားသမီးရတနာဆုံးရှုံးလိုက်ရတဲ့မိခင်တစ်ယောက်အနေနဲ့ သတိမရစရာကိစ္စမှမဟုတ်တာ။ သူမ၏မျက်ဝန်းမှာ မျက်ရည်များရစ်ဝဲလာသည်။ အရာရာကိုမှုန်ဝါးဝါးမြင်ရလောက်အောင်အထိ သူမမျက်ရည်တွေကမျက်လုံးမှာခဏ အတွင်းပြည့်လျှံသွားလေ၏။

“အဲဒီနေ့ဟာ နှင်းတွေအရမ်းကျတဲ့ မနက်ခင်းတစ်ခုပေါ့”
++++++++++++++++++++++++++++++++++++++