လွန်လေပြီးသော ချစ်သူ အပိုင်း (၂၃)

(၂၃)
မြူတွေပိန်းပိတ်အောင်မှောင်နေတာမို့ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရပါ။ ရာသီဥတုကအေးမြနေသလိုပဲ သူမရင်ထဲမှာလည်းအေးမြ နေလေသည်။ ဒီနေ့ သူမမျှော်လင့်ခဲ့ရသောလူတစ်ယောက်နဲ့တွေ့မည်။ အဲဒီလူဟာတကယ့်အပြင်လောကမှာရှိနေမည်ဆိုတာကိုတော့ သူမတစ်ထစ်ချယုံကြည်ထားသည်။ ဒါပေမယ့် အဲဒီလူနဲ့ဆုံတွေ့ရဖို့ကတော့ သူမ ရာနှုန်းပြည့်မယုံနိုင်ပါချေ။ မျှော်လင့်ချက်အကြီးကြီးကို သာဖက်တွယ်လျှက်ဆုတောင်းနေမိခဲ့လေသည်။
“သူနဲ့တွေ့ရပါစေ”
သူမအတွက် ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ကိုထူးဆန်းတဲ့နေ့လေးတစ်နေ့မှာတွေ့ဖို့အမျှော်လင့်ကြီးမျှော်လင့်ရတာပါ။ သူမအ တွက်ထူးဆန်းတဲ့နေ့။ အင်း။ အဲဒီနေ့ သူမသေဆုံးရမည်တဲ့။ ဟုတ်ချင်ဟုတ်မှာပေါ့။ သူမရဲ့အနာဂတ်တွေကိုအဲဒီကောင်လေးက ကြိုတင် သိလို့နေလေသည်။ သူမရဲ့ဒိုင်ယာရီကသူ့လက်ထဲကိုရောက်နေသည်တဲ့လေ။
သူက ၂၀၁၄ ခုနှစ်ကလူတစ်ယောက်။ အခုသူမလက်ရှိပိုင်ဆိုင်ထားတာက ၂၀၀၃-၂၀၀၄ ကာလ။ အချိန်စက်ဝန်းတစ်ခုထဲမှာမထင်မှတ် ဘဲဆုံတွေ့ကြရပြီ။ အနာဂတ်ကလူတစ်ယောက်ကအတိတ်ကိုရှာဖွေကြည့်ရှုနိုင်ပေမယ့် အတိတ်ကလူတစ်ယောက်ကအနာဂတ်ကိုကြို တင်တွက်ဆခြင်းမှအပတိတိကျကျမသိနိုင်ပါ။ သူကတော့ သူမ၏တစ်နေ့တာလှုပ်ရှားမှုတွေကို ဒိုင်ယာရီထဲကတစ်ဆင့်သိနေခဲ့သည်။ သူမ သွားရောက်ကြည့်ရှုခဲ့သောရုပ်ရှင်ဇာတ်ကားနာမည်တွေကိုသိနေခဲ့သည်။ သူမနေတဲ့ခုနှစ်မှာ ဘယ်မင်းသားဘယ်မင်းသမီးအကယ် ဒမီရသလဲဆိုတာကို ပြောပြနိုင်ခဲ့သည်။ အထူးဆန်းဆုံးက သူမရုတ်တရက်သေဆုံးမှာကိုသူကသိနေခဲ့တာပင်။
တကယ်ပဲသေဆုံးမှာလား။ ပထမတော့ ကြောက်ရွံနေခဲ့၏။ ဒါပေမယ့်လူတိုင်းဟာသေခြင်းတရားနဲ့တွေ့ဆုံရမယ်ဆိုတာသိသိကြီးနဲ့ ကြောက်ကြတာချည်းပဲလို့တွေးပြီး ဖြေသိမ့်နိုင်ခဲ့သည်။ သူပြောသမျှကအမှန်တွေချည်းပါပဲ။ သေဆုံးမှာဆိုတာလည်းအမှန်ပဲလို့ယုံကြည် ပေမယ့်လည်း တစ်ဖက်ကဘာအကြောင်းနဲ့များသေဆုံးမှာပါလဲလို့ ကိုယ့်ကိုကိုယ်တွေးမိကာမယုံကြည်နိုင်အောင်ဖြစ်နေလေသည်။ သူကတော့ ကာကွယ်စေချင်သည်။ သူမကတော့ ရှိနှင့်ပြီးသားအနာဂတ်ကိုပြန်လည်မပြင်ဆင်ချင်ပါ။ ကံကြမ္မာကဖန်တီးလာတဲ့အနာဂတ် ကိုကောင်းသည်ဖြစ်စေ မကောင်းဘူးဖြစ်စေ ခံယူဖို့အသင့်ဖြစ်အောင်ကြိုးစားခဲ့၏။
အဲဒီတော့ သူပြင်ခိုင်းတဲ့အရာတွေဘာတစ်ခုမှ သူမ လိုက်မလုပ်ခဲ့ပါ။ မမှတ်မိချင်ယောင်သာဆောင်နေခဲ့သည်။ ဒိုင်ယာရီမှာရေးခဲ့ပြီးသား ကိစ္စတွေကိုု ပြန်မပြင်နိုင်ပါ။ ပြင်လို့ရမည်ဆိုသည့်တိုင်အောင်ပြင်ချင်စိတ်လည်းမရှိပါ။ သူ့လက်ထဲမှာရောက်ရှိနေသည့် ဒိုင်ယာရီထဲက နေ့စွဲတွေအတိုင်းကိုသာ သူမဖြတ်သန်းချင်သည်။ သေဆုံးရင်သေဆုံးပါစေ။ ကာကွယ်မှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေမလုပ်ချင်တော့ပါ။
“အမှန်အတိုင်းပြောရရင် အဲဒီကိစ္စကိုအစ်မတကယ်မေ့နေတာ၊ စာရေးထားပေမယ့်လည်း အဲဒီကပ်ထားတဲ့စာက ကွာကျသွားပြီးအိမ်သိမ်း တဲ့ကောင်မလေးလွှင့်ပစ်လိုက်တာလား၊ ပျောက်သွားတာလားမသိဘူး၊မတွေ့တော့ဘူး၊ မေ့လည်းမေ့နေတာအခုအွန်လိုင်းပေါ်တက်လာ မှပဲ သတိရမိတယ်၊ ကံကြမ္မာကို ပြုပြင်လို့မရဘူးဆိုတာအစ်မလက်ခံတော့မယ်မောင်လေးရယ်”

“ဟာ အစ်မကလည်း ကံဆိုတာလူကဖန်တီးတာဆို၊ အဲဒီစကားက မမှန်ဘဲနဲ့တော့မရှိလာဘူးလေ၊ ကျွန်တော်တို့တတ်နိုင်သလောက် ကြိုးစားကြည့်ကြမယ်ဗျာ၊ ကျွန်တော်တစ်ခုစဉ်းစားမိတယ်၊ အစ်မခေါင်းထဲမှာ အဲဒီ သေခြင်းတရားကိုရင်ဆိုင်ရတော့မယ်ဆိုတာကိုတော့ သတိရပြီး တစ်ခြားကျွန်တော်နဲ့ပြောတဲ့အကြောင်းအရာကို ဘာလို့သတိမရနိုင်တာလဲ၊ အစ်မရဲ့ဒိုင်ယာရီမှာ နှစ်ပတ်ပဲရေးထားတာရှိ တယ်လို့ပြောတာလည်းကျွန်တော်ပဲ၊ ဒိုင်ယာရီထဲကအကြောင်းအရာတွေကို ဖတ်ပြတာလည်းကျွန်တော်ပဲလေ”

“အစ်မလည်းတွေးမိတယ်၊ ဒါပေမယ့် ဘယ်လိုမှစဉ်းစားလို့မရဘူးဖြစ်နေတယ်၊ ဒီအကြောင်းအရာကိုဖယ်ပြီးတစ်ခြားလုပ်စရာရှိတာကို ပဲ လုပ်တော့မယ်မောင်လေးရယ်၊ အစ်မအတွက် ဘုရားတရားအာရုံပြုတာကလွဲရင် အခုချိန်မှာဘာမှအရေးမကြီးတော့ပါဘူးကွယ်၊ ကဲပါ ဖြစ်လာတဲ့ပြသနာတွေကိုခါးစည်းရင်ဆိုင်ဖို့အစ်မအားမွေးမယ် ဟုတ်ပြီလား”

“ဟုတ်၊ ကျွန်တော်တို့ တတ်စွမ်းသလောက်ကြိုးစားကြမယ်၊ ဇန်နဝါရီ ၁၄ ရက်နေ့ကျော်တဲ့အထိ အစ်မကိုအွန်လိုင်းပေါ်မှာတွေ့နေရ အောင်၊ အမြဲတမ်း ကျွန်တော်နဲ့ဒီအချိန်ချက်တင်ဝင်လို့ရအောင်ပေါ့၊ နောက်နေ့တွေလည်းအွန်လိုင်းတက်နော်အစ်မ၊ ကျွန်တော်တို့တွေ ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းကြမယ်၊ နောက်ရက်တွေမှာ အစ်မသိချင်တဲ့ ကျွန်တော့်စာတမ်းအကြောင်းကို ပြောပြမယ်လေ”

သူကတော့ အမြဲနှစ်သိမ့်ပေးနိုင်ခဲ့လေသည်။ သူမအတွက်သူဟာအံသြစရာတွေကိုဖန်တီးခဲ့သလို တစ်ခါမှမဖြစ်ပေါ်ဖူးတဲ့ချစ်စိတ်ကို လည်းဖန်တီးပေးခဲ့လေသည်။ ထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့သလိုပဲ ထူးဆန်းတဲ့သူနဲ့အပြင်လောကမှာတွေ့ဆုံရဖို့ကိုလည်း သူမမျှော်လင့်မိတာ မဆန်းဘူးလို့ထင်ပါသည်။ အဲဒီနေ့ သူနဲ့တွေ့နိုင်လိမ့်မည်လို့ သူမထင်ထားပါသည်။ ခဏတာပဲဖြစ်ဖြစ် ကန်ဘောင် ပေါ်မှာတွေ့ရမယ်လို့ သူမရဲ့စိတ်ကကြီးစိုးစွာထင်နေခဲ့လေသည်။ ဘာကြောင့်လဲ။ မဖြစ်နိုင်တဲ့ကိစ္စကိုသူမဘာလို့မျှော်လင့်နေတာလဲ။ သူမကိုယ်တိုင်လည်းမတွေးတတ်တော့ပါ။ မဖြစ်နိုင်တာကိုမျှော်လင့်မိတာတော့ လူတိုင်းမှာရှိတတ်တာပဲမဟုတ်လား။ သေချာတာက တော့ မင်းဟံသာဟာပြင်ပလောကမှာတကယ်ရှိနေတဲ့သက်ရှိလူသားတစ်ယောက်။ သူမကလည်း သက်ရှိထင်ရှားလူသားတစ်ယောက်။ ဒီနှစ်ယောက်က ဘာလို့မတွေ့နိုင်ရမှာလဲ။ ကံကြမ္မာက အချိန်စက်ဝန်းတစ်ခုမှာအွန်လိုင်းပေါ်တွေ့ဆုံစေခဲ့ပြီးမှ အပြင်မှာမျက်နှာချင်းဆိုင် တွေ့ဆုံဖို့ဘာလို့မဖန်တီးပေးရမှာလဲ။
“ဘာပဲဖြစ်ဖြစ်တွေ့မယ်လို့မျှော်လင့်နေတယ် မောင်ရယ်”
သူမ အိမ်ကထွက်ခွာချိန်က မနက်ခုနစ်နာရီကျော်ကျော်လောက်သာရှိဦးမည်။ အမေ့ကိုလည်း အမှန်အတိုင်းပဲပြောပြခဲ့ပါသည်။ တကယ်သာ သူမသေဆုံးရမယ့်နေ့ဆိုရင် အမေ့အနားမှာပဲသေဆုံးချင်သည်။ ဒါကြောင့် ဒီနေ့တစ်နေ့လုံးကို အမေနဲ့အတူပဲဖြတ်သန်းချင် လေသည်။
“အမေ၊ ဒီနေ့ သမီးဘယ်သွားသွားအမေလိုက်ခဲ့ရမယ်နော်”
အမေက အသာတကြည်ပင်ခေါင်းညိတ်သဘောတူ၏။ အမေ့ကို မင်းဟံသာနဲ့ပတ်သက်တဲ့အကြောင်းတွေမကြာမကြာပြောဖြစ်သည်။ မင်းဟံသာနဲ့သွားတွေ့မှာကိုလည်းအမေကသိနေခဲ့၏။ ပြီးတော့ သူတကယ်ရောက်နေမှာမဟုတ်ဘူးဆိုတာကိုလည်းအမေကပြောပြထား သလို သူမကိုယ်တိုင်ကလည်းသိနေလေသည်။ ဒါပေမယ့် တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်ကိုတော့အမေမတားဆီးနိုင်ခဲ့ပါချေ။
“အမေ၊ သမီးတို့အသုတ်စားရအောင်”
သူမတို့လမ်းထိပ်နားရောက်တော့ မနက်စာစားဖို့အမေ့ကိုပြောလိုက်၏။ အမေရော သူမရောကြိုက်တဲ့ ခ (၅) လမ်းထိပ်ကအပျိုကြီး အသုတ်ဆိုင်ဆီကိုလာခဲ့ကြ၏။ ညနေအလုပ်ကပြန်လာရင်အမေ့ဖို့ ဝယ်လာနေကျ။ အခုလိုမနက်ပိုင်းကတော့ အမြဲတမ်းမစားဖြစ်ပါ။ ညနေတော်တော်များများကတော့ အပျိုကြီးဆိုင်အသုတ်နဲ့ပဲခံတွင်းတွေ့စေခဲ့သည်။ ရခိုင်မုန့်တီ၊ ကြာဆံချက်၊ အသုတ်စုံ ရောင်းတဲ့အဲဒီ ဆိုင်က ညနေခင်းတိုင်းမှာလူပြည့်နေခဲ့၏။ အများဆုံးကတော့ အသုတ်စားကြတာပင်။ အစပ်အဟပ်တည့်လှတဲ့အဲဒီအသုတ်ကိုဒီရပ်ကွက် ထဲကလူတော်တော်များများစားဖူးကြသည်။ သူမတို့အနီးအနားတစ်ဝိုက်မှာတော့နာမည်အကြီးဆုံးပေါ့လေ။ တစ်ခါတစ်လေ ရုံးကသူငယ် ချင်းတွေကိုလည်းခေါ်ကျွေးဖြစ်သည်။
အပျိုကြီးအသုတ်က တစ်ခြားတစ်ခြားသောဆိုင်တွေလိုပစ္စည်းခိုကပ်မရောင်းပါ။ အစုံသုတ်ဆိုရင် ပဲပြား၊ အာလူး၊ ပဲပင်ပေါက်၊ တိုဟူး အားလုံးစုံစုံလင်လင်ထည့်ပေးသည် အရွက်စုံနဲ့ချဉ်ငံစပ်အရသာ ပီပြင်လှ၏။
“သမီး အမေတို့ဘယ်အချိန်ပြန်လာကြမှာလဲဟင်”
“မကြာပါဘူးအမေရဲ့ ကိုးနာရီခွဲလောက်ဆိုရင်ပြန်ကြမယ်လေ၊ ခဏပဲ သူနဲ့တွေ့ရင်လည်း အိမ်ကိုနေ့လည်စာစားဖို့တစ်ခါတည်းဖိတ်လိုက် မယ်လေ၊ အမေ သူ့အတွက်ထမင်းချက်ပေးနိုင်မယ်မှလား”
“ချက်ပေးနိုင်ပါတယ်သမီးရယ်၊ ဟင်းရွက်တွေရော၊ အသားတွေရောအဆင်သင့်ရှိပါတယ်၊ ဒါပေမယ့် သမီးရဲ့အဲဒီသူငယ်ချင်းလေးကိုတွေ့ ပါ့မလား”
အမေကတော့ သံသယတွေနဲ့။ ဒါပေမယ့် သူမမျှော်လင့်ချက်ကတော့ မနက်ကိုးနာရီမရောက်မချင်းရှိနေဦးမှာပါပဲ။
“တွေ့မှာပါအမေရယ်”
“အေးအေး၊ ဘယ်လိုပဲဖြစ်ဖြစ် အမေတို့စောစောပြန်ရအောင်သမီးရယ်၊ အိမ်ပြန်ပြီးဘုရားပန်းလေးဘာလေးလဲဦးမယ်၊ နေ့လည်ဆွမ်းကပ်၊ ရေသပ္ပါယ်ရအောင်ကွယ်၊ အမေစိတ်တွေလေးနေသလိုပဲ”
“ဘာဖြစ်နိုင်မှာမို့လို့လဲ အမေရယ်၊ သမီးတို့ မင်းဟံသာကိုမတွေ့ရင်ပြန်လာရုံပေါ့”
“အေးပါ၊ အေးပါ အမေ့စိတ်ထဲမှာတစ်ခါမှမဖြစ်ဖူးတဲ့စိုးရိမ်စိတ်လိုဟာမျိုးဖြစ်နေလို့ပါကွယ်”
သူမ သာသေဆုံးရမယ့်နေ့လို့မင်းဟံသာပြောပြတယ်ဆိုတာကိုအမေ့ကို ပြန်ပြောခဲ့ရင် ဒီနေ့အိမ်ထဲကအိမ်ပြင်တောင်ပေးထွက်မှာမဟုတ် ပါ။ အမေ့ကို စိတ်မဆင်းရဲစေချင်ပါ။
အသုတ်စားပြီးတဲ့နောက်မှာတော့ ညောင်ပင်ကားမှတ်တိုင်ကနေ (၄၈) ဂိတ်မှတ်တိုင်ကိုကားစီးပြီး (၄၈) ကားဂိတ်ကနေလှည်းတန်းကိုစီး လာခဲ့ကြသည်။ လှည်းတန်းကနေတံတားဖြူမှတ်တိုင်ကိုကားစောင့်စီးဖို့ပြည်လမ်းကိုတစ်ခါလျှောက်လာခဲ့သည်။
“အမေလျှောက်နိုင်လားဟင်၊ ကားငှားမလား”
“လျှောက်နိုင်ပါတယ်အေ၊ ဒီလောက်လေးများ”
အမေက သူ့ကိုအထင်သေးရကောင်းလားဆိုပြီးဘုတောပြောသည်။ ဒါပေမယ့် အမေပင်ပန်းမှာတော့ သူမကြောက်မိပါသည်။ အင်းစိန်မြို့ သစ်ကနေ အင်းလျားကန်ဘောင်ကိုလိုင်းကားလေးဘာလေးထားပေးရင်သိပ်ကောင်းမှာပဲ။ အခုလိုကားသုံးဆင့်လောက်စီးရတာအဆင် မပြေလှပါ။ ကားငှားသွားရင်လည်းစျေးကခပ်ကြီးကြီးရယ်။
တံတားဖြူမှတ်တိုင်ကိုအရောက်မှာတော့ ရင်တွေခုန်နေမိ၏။ လက်ပတ်နာရီလေးကိုကြည့်လိုက်တော့ မနက်ရှစ်နာရီဆယ့်ငါး။ ဒီအချိန် ဆိုရင် မောင်ဘယ်ရောက်ပါဦးမလဲ။ ရင်ခုန်မှုအမြင့်ဆုံးအချိန်ပေါ့။ ၂၀၁၄ ခုနှစ်ကနေပြီး ၂၀၀၄ ခုနှစ်မှာရှိတဲ့မြတ်သစ်ခွရင်ခွင်ထဲကိုဝင် ရောက်လာခဲ့တဲ့မောင်။ အခုကန်ဘောင်ပေါ်မှာရှိမနေနိုင်ဘူးလို့ဘယ်သူပြောလဲ။
“အမေ၊ ခဏနားဦးမလား စောသေးတယ်”
“ဘယ်အချိန်ချိန်းထားကြတာလဲ”
“ကိုးနာရီ အမေ”
ချစ်သူနဲ့ချိန်းတွေ့ဖို့အတွက် မိခင်ဖြစ်သူကိုခေါ်လာတဲ့သမီး မြန်မာနိုင်ငံမှာဘယ်နှစ်ယောက်များရှိပါမလဲ။ အဲဒီထဲမှာ မြတ်သစ်ခွကတော့ ရှေ့ဆုံးကပါလာခဲ့ပြီ။
“အင်း၊ ကန်ဘောင်ပေါ်တက်နားကြတာပေါ့သမီးရယ်၊ အဲဒီမှာ ခုံတန်းလေးတွေရှိတယ်လေ”
“အမေက သိတယ် ဟုတ်လား”
“ကျူပ်လည်း ငယ်ရာကနေကြီးလာတာပါတော်”
အမေက သူမကိုမျက်စောင်းထိုးကာလှမ်းပြောသည်။
“နေပါဦး၊ သူရောက်လာမယ်လို့ သမီးကဘာလို့ယုံနေရတာလဲ”
“သမီးစိတ်ထဲကထင်နေတာပါအမေရယ်၊ မရောက်လာနိုင်ဘူးဆိုတာသမီးဦးနှောက်ကသိနေတယ်၊ ဒါပေမယ့် သူရောက်ကိုရောက်လာ မယ်လို့လည်း သမီးရင်ထဲကယုံကြည်နေတယ်အမေ”
“ကဲ၊ အဲဒါဆိုလည်း စောင့်ကြတာပေါ့သမီးရယ်၊ ကဲတက်ကြစို့”
အမေက ကန်ဘောင်ကိုဦးဆောင်တက်သွား၏။ သူမကတော့ နောက်ကနေလိုက်သည်။ ကားမှတ်တိုင်ကနေကန်ဘောင်ကိုအကူးမှာပဲ ဆွဲငင်ညှို့ယူမှုတစ်စုံတစ်ရာကို သူမခံစားရသည်။
နွေးထွေးမှု၊ ကြင်နာယုယမှု တွေပါဝင်သောဆွဲငင်အားတစ်ရပ်။ အဲဒီဆွဲငင်အားက သူမရဲ့အနောက်ဖက်ဆီတည့်တည့်မှာထင်ရ၏။
“မ ရေ”
ဘုရား၊ ဘုရား။ ချိုမြိန်လှသောမောင့်အသံ။ ဒါပထမဦးဆုံးကြားဖူးတာပဲ။ အဲဒီတဒင်္ဂမှာတော့ ကမ္ဘာကြီးကိုမေ့သွားသလိုခံစားလိုက်ရ သည်။ မျှော်လင့်နေခဲ့တဲ့နေ့။ သူမမျှော်လင့်ထားသလိုဖြစ်လာခဲ့ပြီမဟုတ်ပါလား။ ထင်တော့ထင်သားပဲ။ ဒီလောက်အချိန်အကြာကြီးအွန် လိုင်းမှာတွေ့အောင်ကံကြမ္မာကဖန်တီးပေးခဲ့တာ လူချင်းတွေ့အောင်ရောဘာလို့မဖန်တီးပေးနိုင်ရမှာလဲ။
“မ ရေ”
ဒုတိယအကြိမ်မြောက်ခေါ်သံအကြားမှာတော့ ဘယ်နေရာကခေါ်နေသလဲဆိုတာကို သူမအတပ်သိလိုက်ရပြီ။ အဲဒီအသိနဲ့အတူအ နောက်ဖက်ကိုကြည့်လိုက်လေသည်။
“မောင်”
ဟုတ်ပါရဲ့။ ပြည်လမ်းကားလမ်းတစ်ဖက်မှာ။ သူမရှိနေသောနေရာရဲ့ကားလမ်းတစ်ဖက်မှာ။ မင်းဟံသာ။ ဒါမောင်မှမောင်အစစ်ပါပဲ။ ဓါတ်ပုံထဲမှာသေချာမြင်ဖူးနေကျ။ နေ့တိုင်းအခေါက်မရေတွက်နိုင်အောင်ကြည့်နေကျမို့ ပြင်ပရုပ်ကိုလည်းစွဲထင်နေလေသည်။ မောင်ဝတ် ထားတဲ့အကျီင်္က အနီရောင်၊ အနီရောင်လက်ရှည်ခေါင်းစွပ်နဲ့။ ဂျင်းဘောင်းဘီအပြာ၊ ရှူးဖိနပ်အနက်ရောင်နဲ့။ အကျီင်္ခေါင်းစွပ်အထဲကတီ ရှပ်အပြာနုရောင်ကိုလည်း ထင်ထင်ရှားရှားမြင်နေရသည်။ အနီးဆုံးအနေအထားမဟုတ်ပေမယ့် မောင့်ကိုသူမ သဲသဲကွဲကွဲမြင်နေရပါ သည်။
“အမေ၊ သူလာတယ်အမေ”
အမေ့ကို ဝမ်းသာအားရနဲ့လှမ်းပြောမိသည်။ အမေကလှေကားထစ်တချို့တက်အပြီးမှာသမင်လည်ပြန်ကြည့်သည်။
“ဟုတ်လား၊ ဘယ်မှာလဲ”
“ဟိုမှာလေအမေ၊ ဟိုဖက်ကားလမ်းမှာ..”
လက်ညိုးထိုးပြလိုက်၏။ ဒါပေမယ့် အမေမြင်ပုံမရပါ။ သူမနဲ့အမေနဲ့ပေနှစ်ဆယ်လောက်အကွာမှာရှိနေသည်။
“ဟဲ့သမီး၊ အမေမမြင်ရဘူး”
“ဟင်အမေကလည်း၊ ဟိုဖက်ကားလမ်းမှာလေ၊ အကျီီခေါင်းစွပ်လက်ရှည်အနီရောင်၊ ဂျင်းဘောင်းဘီနဲ့လေ၊ ဟောအထဲကအကျီင်္အပြာနု ရောင်လေးဝတ်ထားတယ်၊ရှူးဖိနပ်က အနက်ရောင်လေအမေရယ်၊ သမီးကိုလာဆိုပြီးလက်ယပ်ခေါ်နေတယ်လေ၊ မြင်ပြီလားအမေ”
“ဟင့်အင်း၊ အမေမမြင်ပါဘူး”
“အော် အမေကလည်း၊ နေ နေ သမီးသွားခေါ်ပြီးပြမယ်၊ အမေဒီမှာခဏနေခဲ့”
မောင်လက်ယပ်ခေါ်နေသည်။ သူမအဲဒီကိုသွားဖို့ဆုံးဖြတ်လိုက်သည်။ မောင်ရှိရာတစ်ဖက်ကားလမ်းဆီကို မဆိုင်းမတွပင်ကူးဖြတ်လိုက် စဉ်မှာ အမေ့ရဲ့လှမ်းတားသံကိုကြားလိုက်ရသည်။
“သမီး၊ မသွားနဲ့”
ဒါပေမယ့် အမေ့ရဲ့အသံကနောက်ကျသွားလေပြီ။ သူမ လမ်းကိုစတင်ကူးဖြတ်လိုက်ပြီဖြစ်လေသည်။ မောင်က သူမကိုခေါ်ရုံတင်မကဘဲ ညှို့ယူနေသယောင်။ သူမရဲ့အကြည့်တွေကမောင့်ဆီကလွဲရင် တစ်ခြားအာရုံရောက်မနေပါ။
ပြည်လမ်းမပေါ်အရှိန်ပြင်းပြင်းမောင်းနှင်လာသော ကားတစ်စီး။
ရုတ်တရက် လေပြင်းတွေဟူးခနဲတိုက်ခတ်သွားလေသည်။ ကားကသူမခန္ဓာကိုယ်ပေါ်ကိုဝုန်းခနဲတိုက်ပစ်လိုက်လေ၏။ ပေါ့ပါးနေသော ခန္ဓာကိုယ်လေး ခပ်ဝေးဝေးဆီကိုလွင့်စင်သွားလေသည်။ အဲဒီခဏမှာ အမေ့ရဲ့ခေါ်သံကျယ်ကြီးကို နားထဲမှာသဲ့သဲ့လေးကြားလိုက်ရလေ သည်။ ကားတိုက်မိပြီဆိုတဲ့အသိကလည်း သူမခေါင်းထဲဝင်လာခဲ့၏။
“ဟာ၊ ကားတိုက်ပြီဟ၊ လုပ်ကြပါဦး”
ငြိမ်သက်တိတ်ဆိတ်နေသောမနက်ခင်းလေး လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ လူသူရှင်းလှပြီဟုထင်ရသော အဲဒီနေရာတစ်ဝိုက်လူ တွေပြည့်ကြပ်သွားလေ၏။
“သမီး”
အမေ သူမဆီကိုပြေးလာတာသူမှုန်ဝါးဝါးမြင်ရသည်။ သူမ မသေသေးဘူးဆိုတဲ့အသိဝင်လာ၏။ မောင်၊ မောင်ရောဘယ်ရောက်သွားလဲ။ နာကျင်မှုတွေကြားက မောင်ရှိရာကိုအားယူကြည့်လိုက်တော့ မောင်ရှိမနေတော့တာကိုမြင်ရသည်။
မောင်ဘာလို့ရုတ်တရက်ပျောက်ကွယ်သွားတာပါလဲ။ တကယ်ဆိုသူမအနားမှာလာပြီးစိတ်ပူဖေးကူပေးရမှာပေါ့။ အခုတော့ မောင့်အစား တစ်ခြားလူတစ်ယောက်ကိုတွေ့ရသည်။ ပြီးတော့အမေ။ အမေကတော့သူမနာမည်ကိုတသသခေါ်လျှက်။
“ဖြစ်မှဖြစ်ရလေ သမီးရယ်၊ လုပ်ကြပါဦးရှင် ၊ ကျွန်မ သမီးလေးကိုကယ်ကြပါဦး”
ဘေးနားပတ်ဝန်းကျင်ဆူဆူညံညံအသံတွေကြားရသည်။
“ဆေးရုံပို့ဖို့လုပ်ကြဟေ့၊ ဒီနားမှာအနီးစပ်ဆုံးဆေးရုံးဘယ်မှာရှိမလဲ”
တစ်ယောက်တစ်ပေါက်စကားပြောသံတွေကိုကြားနေရသည်။ နာကျင်မှုတွေကိုလည်းမချိမဆန့်ခံစားရ၏။ မောင်ရယ်။ မောင့်စကားနားမ ထောင်ခဲ့လို့ မ အခုလိုဖြစ်သွားတာလား။ ဒါဆိုမောင်ကရော ဘာလို့ချိန်းတဲ့နေရာကိုလာခဲ့တာလဲ။ မောင်ရေ။
++++++++++++++++++++++++++++++++++++++