(၂၄)
“အမှန်ပဲဒေါ်ဒေါ်၊ ကျွန်တော်အဲဒီနေ့က ဝတ်လာတဲ့အဝတ်အစားကဒေါ်ဒေါ်ပြောပြတဲ့အတိုင်းပဲ”
အနီရောင်လက်ရှည်ခေါင်းစွပ်နဲ့။ ဂျင်းဘောင်းဘီအပြာ၊ ရှူးဖိနပ်အနက်ရောင်နဲ့။ အကျီင်္ခေါင်းစွပ်အထဲကတီရှပ်အပြာနုရောင်။ မင်းမင်း တို့အိမ်ကနေလာခဲ့တဲ့နေ့။ ကျွန်တော့်ကိုဝိုင်းပြီးအနိုင်ကျင့်ကြတဲ့နေ့ပြီးနောက်တစ်နေ့ကန်ဘောင်ကိုကျွန်တော်လာတုန်းက အဲဒီအဝတ် အစားမှန်းကောင်းကောင်းမှတ်မိတာပေါ့။
“ဒါဆို လူလေးတကယ်လာခဲ့တာပေါ့”
“ဟုတ်ကဲ့၊ သူချိန်းတဲ့ ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့နေ့စွဲအတိုင်းပဲ ကျွန်တော်လာခဲ့ပါတယ်၊ ဒါပေမယ့် တစ်ဖက်ကားလမ်းကနေ လက်ယပ်ခေါ်တာ၊ သူ့ကိုမြင်တာမျိုးတော့မရှိခဲ့ဘူး”
“အင်းလေ၊ အခုက ၂၀၁၄ ခုနှစ်ကိုး”
ကျွန်တော်တို့နှစ်ယောက်ရဲ့ဘေးနားမှာတစ်စုံတစ်ယောက်ကနားထောင်နေခဲ့မည်ဆိုပါလျှင် ဘာတွေပြောနေမှန်းမသိဘူးဆိုပြီးမှတ်ချက် ပြုမည်မှာအမှန်ပင်။ အခြေအနေအကြောင်းအရင်းကို နားလည်သူနှစ်ယောက်မို့ တစ်ယောက်နဲ့တစ်ယောက်အရှိန်ကောင်းကောင်းနဲ့ ပြောဖြစ်ကြသည်။ အစ်မအကြောင်းတွေပေါ့။
“မင်းဟံသာလာမယ်ဆိုတာကို သူစိတ်ထဲတော်တော်မျှော်လင့်နေခဲ့တာ”
ကျွန်တော်ကရော။ သူမကိုတွေ့ဆုံခွင့်ရဖို့အတွက်အဲဒီကန်ဘောင်ကိုသွားခဲ့တာပါလား။ ဘယ်လိုပဲဖြစ်ဖြစ်မရောက်ရောက်အောင်တော့ သွားခဲ့ပါသည်။ ကျွန်တော့်ကိုတားဆီးနေတဲ့လူတွေရှိတဲ့ကြားက အဲဒီကိုရောက်အောင်သွားခဲ့ပါသည်။ မ လည်းအဲဒီနေ့အဲဒီအချိန်မှာ ကန်ဘောင်ပေါ်မှာထိုင်ကာ ကျွန်တော့်ကိုစောင့်နေခဲ့လိမ့်မည်ဆိုတာကိုတော့ ကျွန်တော့်စိတ်ထဲစွဲနေအောင်မှတ်မိခဲ့တာပဲလေ။
“သူအဲဒီနေ့သေဆုံးလိမ့်မယ်ဆိုတာကိုရော ဒေါ်ဒေါ်ကိုပြောပြခဲ့သေးလား”
မေးသင့်တဲ့မေးခွန်းဟုတ်မဟုတ်ကျွန်တော်မတွေးတော့ပါ။ သိချင်တာကိုပွင့်ပွင့်လင်းလင်းပဲမေးဖြစ်သည်။ ကျွန်တော့်မေးခွန်းကိုလည်း ကြားရော မျက်ရည်ရစ်ဝဲနေသော သူမမျက်ဝန်းတွေကမျက်ရည်ပေါက်တွေလိမ့်ဆင်းလာလေ၏။
“မပြောခဲ့ပါဘူးကွယ်၊ ဒေါ်ဒေါ့်ကိုမပြောခဲ့ပါဘူး”
“သူကိုယ်တိုင်လည်းမယုံလို့နေမှာပါ”
“လူလေးက သူသေဆုံးမယ့်နေကိုကြိုသိနေခဲ့တာလား”
“ကျွန်တော်ကြိုမသိပါဘူး၊ ခန့်မှန်းရုံပဲခန့်မှန်းကြည့်တာပါ”
မိခင်တစ်ယောက်အနေနဲ့သူ့သမီးသေးဆုံးတာကို အခုချိန်ထိပူပူနွေးနွေးခံစားနေရတုန်းပဲဆိုတာ ကျွန်တော်နားလည်လိုက်သည်။
“အဲဒီနေ့က ပြည်လမ်းမတစ်လျှောက်မှာသွေးတွေ သွေးတွေအများကြီးပဲ၊ သမီးဆီကထွက်ကျလာတဲ့သွေးစက်တွေလေ၊ ကြာတော့ ကြာခဲ့ပါပြီကွယ်၊ ဒါပေမယ့်မနေ့တစ်နေ့ကလိုပါပဲ၊ မျက်လုံးထဲခုထိမြင်ယောင်နေတုန်းပဲ”
အဲဒီအတိတ်ကို ဘယ်သူကလွယ်လွယ်နဲ့မေ့လို့ရမှာလဲ။ သူမရဲ့စကားအရှိန်ကိုပျောက်မသွားအောင်ငြိမ်သက်နားထောင်နေမိသည်။
“သမီး ကားတိုက်ခံရပြီဆိုတဲ့အသိ အဲဒီအသိဝင်လိုက်တဲ့ခဏမှာပဲ ဒေါ်ဒေါ်ပြေးသွားလိုက်တယ်၊ သမီးဆီကိုလေ၊ တစ်ခဏတွင်းချင်း မှာပဲပြည်လမ်းမအဲဒီနားတစ်ဝိုက် ဆူညံသွားတယ်၊ အဲဒီခဏရင်ထဲကပူလောင်မှုဟာ ကမ္ဘာပေါ်မှာအပူလောင်ဆုံးပဲဖြစ်လိမ့်မယ်ထင် တယ်၊ ဒေါ်ဒေါ်ပြေးသွားတာကိုမြင်တော့ လမ်းတစ်လျှောက်မောင်းနေတဲ့ကားတွေလည်းရပ်သွားကြတယ်၊ လမ်းသွားလမ်းလာလူတစ်ချို့ နဲ့ကန်ဘောင်ပေါ်ကလူတစ်ချို့လည်းရောက်လာခဲ့တယ်”
မျက်လုံးထဲမှာတော့ ရုပ်ရှင်ပြကွက်တစ်ခုလိုမြင်ယောင်မိလိုက်သည်။ အဲဒီအချိန်၊ အဲဒီနေရာကို ကျွန်တော်ကိုယ်တိုင်ရောက်သွားချင် လိုက်တာ။ မ ရဲ့ကိုယ်လေးကိုထွေးပွေ့ပြီးဆေးရုံကို ခေါ်သွားခွင့်ရချင်ပါသည်။
“ဒဏ်ရာတွေများလွန်းတာကြောင့် သတိလစ်သွားခဲ့တယ်၊ ဒေါ်ဒေါ့်လက်ထဲကိုရောက်ပြီးခဏမှာပဲသတိလစ်သွားခဲ့တယ်၊ ဆေးရုံကိုဝိုင်း ဝန်းပို့ကြတာပေါ့၊ ဒေါ်ဒေါ်လည်းအမျိုးတွေ၊ သမီးသူငယ်ချင်းတွေကိုလက်လှမ်းမီသလောက်ဖုန်းဆက်ခေါ်တယ်၊ သမီးကိုတိုက်ခဲ့တဲ့ ကားပိုင်ရှင်ကတော့ အစအဆုံးဆောင်ရွက်ပေးပါတယ်၊ ကားလမ်းမဆီကိုသမီးက ဇွတ်ပြေးသွားတာမို့ တိုက်မိတဲ့ကားပိုင်ရှင်ကိုအပြစ် တင်ဖို့ ဒေါ်ဒေါ့်မှာ စိတ်ကူးမရှိပါဘူးကွယ်၊ အရာရာတိုင်းကအကြောင်းအကျိုးဆက်စပ်နေလို့ပဲ လို့အတတ်နိုင်ဆုံးဖြေသိမ့်ပါတယ်”
သူမဘယ်လိုပဲဖြေသိမ့်ဖြေသိမ့် အခုချိန်ထိမမေ့နိုင်တာအသေအချာပင်။
“သမီးရဲ့သူငယ်ချင်းတွေတော်တော်များများကြားကြားချင်းလိုက်လာကြတယ်၊ မောင်အောင်ချစ်ကတော့ သမီးအနားမှာတောက်လျှောက် နေပေးခဲ့တယ်”
ပထမဦးဆုံးကြားလိုက်ရပြီ။ ပြောမှပြောပါ့မလားလို့မျှော်နေခဲ့တာ။ ရှန်ဟိုင်းမှာဦးအောင်ချစ်နဲ့သွားတွေ့တဲ့ကိစ္စကို သူမကိုမပြောဖြစ်သေး ပါ။ ဦးအောင်ချစ်ဘယ်လောက်တောင်များဆောင်ရွက်ပေးခဲ့ပါသလဲ။ ဘယ်လောက်အတိုင်းအတာအထိ အစ်မမြတ်သစ်ခွကိုချစ်နိုင်ခဲ့ပါ သလဲဆိုတာ ဒေါ်ဒေါ်ပြောပြတာကိုနားထောင်ချင်ပါသည်။
ဒါပေမယ့် ဒေါ်ဒေါ်ကအသေးစိတ်ပြောမပြခဲ့ပါ။ အကြောင်းအရာအားလုံးကိုခြုံငုံပြီးတော့ပဲပြောပြခဲ့လေသည်။
“တစ်ရက်တာလောက်တောင်မနေခဲ့ရပါဘူး၊ အဲဒီနေ့ညနေမှာပဲသူဆုံးသွားခဲ့တယ်၊ ဆေးရုံတင်လိုက်ရတဲ့အချိန်ကနေစပြီးတော့သေဆုံး ရက်လည်တဲ့အထိပါပဲ၊ အားလုံးမောင်အောင်ချစ်ပဲလုပ်ပေးခဲ့တာပါ၊ အဲဒီနေ့နေ့လည်ဖက်လောက်မှာသတိခဏရလာခဲ့တယ်၊ အဲဒီအချိန် မှာ မောင်အောင်ချစ်နဲ့စကားတွေပြော စာတွေရေးနေတာတွေ့တော့အခြေအနေကောင်းလာပြီလို့ ဒေါ်ဒေါ်တို့ကထင်ပြီးဝမ်းသာနေခဲ့တာ၊ ဒါပေမယ့်…ဒါပေမယ့် အဲဒီအပြုအမူတွေဟာ သူ့ရဲ့နောက်ဆုံးအားနဲ့အစွမ်းကုန်ထုတ်သုံးပြီးမှာချင်တာကိုမှာခဲ့တာဆိုတာကို သိလိုက်ရတဲ့ အချိန်က သိပ်နောက်ကျခဲ့ပါပြီ”
အော်… မ ရယ်။ ဒီတစ်ခါတော့ ဒေါ်ဒေါ်တင်မဟုတ်။ ကျွန်တော်ပါမျက်ရည်ကျလာရပြီ။ ကျွန်တော့်ကြောင့်၊ ကျွန်တော့်ကြောင့်အစ်မမြတ် သစ်ခွ သေဆုံးခဲ့တာပါလားဆိုတဲ့အသိက စိတ်မကောင်းခြင်းကြီးစွာပင်ခေါင်းထဲဝင်လာခဲ့လေသည်။
တကယ်တော့ ကျွန်တော်ဟာလူသတ်တရားခံတစ်ပိုင်းပါပဲ။ ဘာထူးလဲ။ အစ်မမြတ်သစ်ခွကိုကျွန်တော်သတ်တာပါပဲ။ ကျွန်တော်တို့နှစ် ယောက်အွန်လိုင်းမှာမတွေ့ခဲ့ရင်၊ မချိန်းခဲ့ရင်၊ စကားတွေအများကြီးမပြောခဲ့ရင် ဒီအဖြစ်အပျက်တွေဖြစ်လာခဲ့မှာမဟုတ်ပါဘူး။ အထူး သဖြင့် သူမရဲ့ဒိုင်ယာရီစာအုပ် ကျွန်တော့်လက်ထဲရောက်လာတာကို မပြောပြသင့်ခဲ့ပါဘူး။ နောက်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ကနေစပြီး ဒိုင်ယာရီထဲမှာ စာတွေမတွေ့ရတော့ဘူးဆိုတာကို ဘယ်လိုအခြေအနေပဲရောက်ရောက် မပြောပြသင့်ခဲ့ဆုံးပင်။
လူတစ်ယောက်သေဆုံးမယ်ဆိုတဲ့အဖြစ်အပျက်ကိုကျွန်တော်ဘာကြောင့်ပြောပြဖြစ်ခဲ့တာပါလိမ့်။ ပြီးတော့ ဒိုင်ယာရီထဲမှာစာမတွေ့တော့ တာဟာ သေဆုံးတာမဟုတ်ဘဲနဲ့တစ်ခြားအကြောင်းရောမဖြစ်နိုင်ဘူးလား။ ဘာလို့သေဆုံးသွားတယ်ဆိုတာပဲ ကျွန်တော်တွေးမိခဲ့ပါလိမ့်။ ဟူး စဉ်းစားရခက်လာသည်။
“မပြောသင့်တဲ့စကားကိုပြောမိလိုက်တဲ့အတွက် ရလာဒ်ကဆိုးရွားခဲ့ပြီ၊ ငယ်ငယ်တုန်းကရင်းနှီးခဲ့တဲ့ နှုတ်မစောင့်သောလိပ်ပုံပြင်လိုပါပဲ၊ နှုတ်၏စောင်မခြင်းမရှိတဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ခဲ့ပြီ၊ ဒါပေမယ့် အဲဒီဆိုးကျိုးဟာ မ အပေါ်မှာမဟုတ်ဘဲနဲ့ကာယကံရှင် ကျွန်တော့်အပေါ်မှာပဲ ကျရောက်လိုက် ပါလား မ ရယ်၊ ဘာလို့အပြစ်မရှိ ရိုးရိုးသားသားနဲ့ဘဝကိုဖြတ်သန်းနေတဲ့ မ ဆီကိုရောက်သွား ရတာပါလဲ”
ဒေါ်ဒေါ်ရဲ့ ရှိုက်တစ်ခါငိုတစ်လှည့်ပြောပြနေသောစကားတွေကိုနားထောင်ရင်းတွေးမိသည်။
“ကျွန်တော့်ကြောင့် ဒေါ်ဒေါ့်သမီးသေဆုံးသွားရတဲ့အတွက်ကျွန်တော်အနူးအညွှတ်တောင်းပန်ပါတယ်၊ ကျွန်တော်လည်းမဖြေနိုင်အောင် စိတ်မကောင်းဖြစ်ရပါတယ်ဒေါ်ဒေါ်ရယ်၊ ဘာဆက်လုပ်ပေးလို့လုပ်ပေးရမှန်းလည်းမသိတော့ပါဘူးဗျာ”
“အို၊ သားအပြစ်မဟုတ်ပါဘူး လူလေးရယ်၊ သားကဘာသိမှာလဲ၊ အဲဒီအချိန်တုန်းက သားအရွယ်ကဘာရှိဦးမှာလဲကွယ်၊ သူ့မှာဖြစ်စရာ ကံကြမ္မာကပါလာပြီးသားမို့ဖြစ်သွားရတာပဲလို့ ဒေါ်ဒေါ်တို့ဖြေသိမ့်နိုင်ခဲ့ပါတယ်၊ သားစိတ်မကောင်းမဖြစ်ပါနဲ့၊ ဒေါ်ဒေါ်တို့လုပ်ပေးနိုင်တာ ရှိပါတယ်”
“ဗျာ”
“သားလည်းရောက်လာပြီဆိုတော့ ခုနကပြောတဲ့အတိုင်း သူ့အတွက်ရည်စူးပြီးအလှူတစ်ခုလုပ်၊ ရေစက်ချအမျှဝေဖို့လေ”
“ဟုတ်ကဲ့၊ ကျွန်တော်တို့အမြန်ဆုံးအကောင်အထည်ဖော်စေချင်ပါတယ်”
“အင်း၊ ဒေါ်ဒေါ်လည်း မင်းလာမယ့်နေ့ကို မသိစိတ်ကမျှော်မှန်းမသိမျှော်နေခဲ့တာပါကွယ်”
“ကျွန်တော်လာလိမ့်မယ်ဆိုတာ ဒေါ်ဒေါ့်ကို မ…အဲ…အစ်မမြတ်သစ်ခွပြောခဲ့တာလားဟင်”
“သူ့မှာချစ်သူရှိလား၊ မောင်အောင်ချစ်လားလို့ဒေါ်ဒေါ်ကမကြာမကြာမေးတိုင်းသူပြန်ဖြေတတ်တဲ့စကားမို့မှတ်မိနေတာပါကွယ်၊ သူမှာခဲ့ တာတော့မဟုတ်ပါဘူး၊ မင်းဟံသာဆိုတဲ့သမီးချစ်သူကို အခုမတွေ့ရရင်နောက်ဆယ်နှစ်လောက်အကြာမှာ အမေ့ဆီကိုရောက်လာ လိမ့်မယ်တဲ့၊ အဲလိုတော့ပြောတတ်တယ်၊ နောက်တာလို့ပဲထင်ထားပေမယ့် ကြားရဖန်များလာတော့လည်း တကယ်လို့မသိစိတ်ကထင် နေခဲ့တာပေါ့ကွယ်၊ သမီးသေဆုံးပြီးတဲ့နောက်ပိုင်း အဲဒီစကားကိုပဲကြားယောင်ပြီး လူလေးအလာကိုစိတ်ထဲမှာမှန်းနေခဲ့တာပါ”
ကျွန်တော် ဒေါ်ဒေါ့်ဆီကိုရောက်လာမယ်ဆိုတာ မ ကကြိုတင်မှန်းဆခဲ့သည်။ အဲဒီအတိုင်းပဲ ကျွန်တော်ရောက်လာခဲ့လေသည်။
“သမီးမရှိတဲ့နောက်ပိုင်းမှာ တစ်ယောက်တည်းဘဝကိုဖြတ်သန်းရတာဒေါ်ဒေါ်မပျော်တော့ဘူး၊ ဆွေမျိုးတွေကတော့ဖေးကူစောင့်ရှောက် ကြပါတယ်၊ ဒါပေမယ့် သံယောဇဉ်တစ်စပြတ်သွားပြီးတဲ့နောက်မှာတော့ ဘုရားတရားပဲအာရုံပြုဖို့စိတ်အားထက်သန်လာတော့တယ်၊ အဲဒါကြောင့် အိမ်လေးကိုအမျိုးတွေကိုပေးနေပြီး ဒေါ်ဒေါ်ဝင်နေကျတရားရိပ်သာနဲ့နီးတဲ့ဟောဒီနေရာမှာ နေလာတာဆယ်နှစ်လောက် တောင်ရှိပေ့ါကွယ်၊ ပိုက်ဆံ၊ စားစရာတွေကတော့မပူရပါဘူး၊ သမီးရှိကတည်းကဘဏ်တိုးနဲ့စားနေတဲ့ငွေစတစ်ချို့ရယ်၊ အတွင်းပစ္စည်း တစ်ချို့ရယ်ရှိတယ်၊ ဒေါ်ဒေါ်ညီမလည်း မကြာမကြာလာနေပေးတယ်”
“ဟိုတစ်ခါ ကျွန်တော်တွေ့တဲ့အန်တီထင်တယ်”
“ဟုတ်ပါတယ်၊ အဲဒါဒေါ်ဒေါ့်ညီမအရင်းပဲ”
သူမ ကအခန်းထဲကိုဝင်သွားကာဓါတ်ပုံအယ်လ်ဘမ်တစ်ခုယူလာပေးသည်။
“ရော့ အဲဒီမှာဒေါ်ဒေါ်တို့မိသားစု၊ ဆွေမျိုးတွေရဲ့ပုံတွေ လူလေးကြည့်ချင်ရင်ကြည့်လို့ရအောင်”
ကျွန်တော်က အစ်မမြတ်သစ်ခွရဲ့ဓါတ်ပုံတွေများနံရံပေါ်မှာကပ်ထားမလားဆိုပြီး နံရံပေါ်မှာချိတ်ဆွဲထားတဲ့ပုံတွေကို လိုက်ကြည့်နေတာ ရိပ်မိသွားပုံရသည်။ သူမပေးသော အယ်လ်ဘမ်ကိုလက်နှစ်ဖက်ဖြင့် ရိုရိုသေသေယူကာလှန်လှောကြည့်လိုက်သည်။ ကျွန်တော်မြင်ချင် လှတဲ့ အစ်မမြတ်သစ်ခွရဲ့ပုံတွေ။ ဘွဲ့ဝတ်စုံနဲ့ရော ရုံးယူနီဖောင်းနဲ့ရော အပြင်သူငယ်ချင်းတွေနဲ့တွဲရက်ပုံရော စုံလို့ပါပဲ။ မိသားစုဝင်တစ်ချို့ နဲ့တွဲရိုက်ထားတာတောင်ပါလိုက်သေးသည်။
အယ်လ်ဘမ်ရဲ့တစ်ဝက်ကျော်ကိုရောက်လာတော့ အစ်မမြတ်သစ်ခွရဲ့ပုံတွေကိုမတွေ့ရတော့ပါ။ တစ်ခြားအမျိုးတွေရဲ့ပုံတွေကိုသာ တွေ့ရလေသည်။ ကျွန်တော်မကြည့်တော့ဖို့ဆုံးဖြတ်ကာ နောက်ဆုံးတစ်ရွက်ကိုဖြစ်သလိုလှန်လိုက်တော့ မျက်လုံးပြူးသွားရတဲ့အဖြစ် အပျက်ကိုတွေ့ရလေတော့သည်။
“ဟင်”
ဖူးဖူးတို့မောင်နှမပုံ။ မောင်နှမ နှစ်ကောင်သားသစ်ပင်ပေါ်ကိုတက်ကာမျောက်လိုဆော့နေကြတာကိုရိုက်ထားတာဖြစ်သည်။ ဟုတ်ပါ တယ်။ အသေအချာပါပဲ။ နောက်စာမျက်နှာတွေကိုလှန်ကြည့်လိုက်တော့ပိုသေချာသွားတဲ့သက်သေတွေကိုတွေ့ရလေ၏။ ဝတ်ကောင်း စားလှတွေနဲ့ ဖူးဖူးဓါတ်ပုံတွေ။
“ဒါ ဒါ ဖူးဖူး မှလား ဒေါ်ဒေါ်”
“ဟုတ်တယ်လေ၊ အဲဒါ တူမလေး၊ လူလေးနဲ့သိကြတယ်လား”
“ဟုတ်၊ အမှန်အတိုင်းဝန်ခံရရင် သူက အခုလက်ရှိ ကျွန်တော့်ချစ်သူပါ”
မထူးတော့ပါ။ လိမ်ညာပြောချင်စိတ်လည်းမရှိ၊ ဖုံးကွယ်ထားချင်စိတ်လည်းမရှိတော့။ ပြီးတော့ ဒါကတစ်နေ့မသိမဖြစ်သိလာရမည့်အ ကြောင်းအရာလည်းဖြစ်နေသည်။ လောလောဆယ်တော့ မျက်နှာပူမိနေတာလည်းအမှန်ပင်။
“ဟိုတစ်ခါတွေ့တယ်ဆိုတဲ့တစ်ယောက်က သူ့အမေပေါ့”
အော်။ ကျွန်တော်က ယောက္ခမလောင်းနဲ့ပါကြိုစကားပြောဖူးခဲ့တာပဲ။ အိမ်နဲ့ရင်းနှီးအောင်ဆိုပြီးဖူးဖူးက ကျွန်တော့်ကိုရွှေလမ်းငွေလမ်းခင်း ပေးဖို့ကြိုးစားခဲ့သည်။ အိမ်ကိုခေါ်သွားဖို့အခါခါကြံစည်ခဲ့သည်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အထမမြောက်ခဲ့။ မိသားစုနဲ့ရင်း နှီးအောင်ဆိုပြီး အောင်အောင့်ကိုကျွန်တော့်ဆီကိုမကြာမကြာခေါ်လာစကားစမြည်ပြောခိုင်းခဲ့သည်။ ဒါပေမယ့် အောင်အောင်နဲ့ကျွန် တော်မျက်နှာကြောမတည့်။
“ဟို…ကျွန်တော်…”
“ကဲပါ၊ ရှက်မနေပါနဲ့ မင်းအမှန်ကိုဝန်ခံတာပဲ ကျေးဇူးတင်ပါတယ်၊ လူလေးနဲ့တူမလေးနဲ့ဆို ဒေါ်ဒေါ်ကသဘောတူပါတယ်”
“ဝမ်းသာလိုက်တာဗျာ”
“သမီးအတွက် စီစဉ်စရာတွေစီစဉ်ဖို့ ဘယ်နေ့ထပ်လာဦးမလဲ”
“ကျွန်တော်မနက်ဖြန်ပဲလာခဲ့လိုက်မယ်ဒေါ်ဒေါ်၊ ဒေါ်ဒေါ်ဝင်နေကျတရားစခန်းမှာပဲ တစ်နေ့စာဆွမ်းလှူရင်ကောင်းမလားလို့”
“အင်း၊ သိပ်ကောင်းတယ်”
အစ်မမြတ်သစ်ခွအတွက် နောက်ဆုံးလုပ်ပေးနိုင်တာအလှူအတန်းကလွဲလို့ဘာများရှိဦးမှာလဲ။ အဲဒီနေ့ ကျွန်တော်ပြန်မယ်ဆိုပြီးလှည့် အထွက်မှာ ဒေါ်ဒေါ်က ကျွန်တော့်ကိုစကားတစ်ခွန်းပြောခဲ့သည်။ ကျွန်တော်မတွေးမိသောအချက်တစ်ချက်လည်းဖြစ်လေသည်။
“မင်းဟံသာ၊ မြတ်သစ်ခွနဲ့ဖူးဖူးနဲ့ တူတဲ့အချက်တစ်ချက်ရှိတယ်၊ အဲဒါက သူတို့စာရေးတဲ့အခါ လက်ရေးတူတာပဲ”
ကျွန်တော် အစ်မမြတ်သစ်ခွရဲ့ဒိုင်ယာရီကို စတင်ဖတ်တုန်းက လက်ရေးကိုမြင်ဖူးသလိုလိုဖြစ်နေတဲ့အဖြေက အဲဒီစကားကြောင့်ရှင်း လင်းသွားခဲ့လေသည်။ အစ်မမြတ်သစ်ခွနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းရှိပြီလို့ ထင်ထားပေမယ့် ကျွန်တော်လုပ်စရာတစ်ခြားအရေး ကြီးအလုပ်တစ်ခုရှိပါသေးသည်။
++++++++++++++++++++++++++++++++++++++