(၂၅)
“မင်းဟံသာ၊ မင်းကွာ ငါတို့ဘယ်လောက်စိတ်ပူနေမလဲဆိုတာမတွေးမိဘူးလား၊ မင်းကောင်မလေးကတော့ အရူးတစ်ပိုင်းဖြစ်နေပြီ၊ ဘယ်ပျောက်လို့ပျောက်သွားမှန်းလည်းမသိဘူး၊ အလုပ်ထဲသွားမေးတော့လည်း ခွင့်ယူထားတယ်လို့ပဲ ဖြေတယ်၊ တော်တော်အကျင့်မ ကောင်းတဲ့ကောင်”
“ငါဘာလုပ်လို့လဲ၊ မင်းတို့ကမှ အကျင့်မကောင်းတာ၊ ငါနဲ့ မရဲ့နောက်ဆုံးနေ့ကိုတွေ့ခွင့်မပေးဘဲ….”
“မင်း အဲကိစ္စကြောင့်ပြသနာတက်ခဲ့ပြီးပြီ၊ မတော်နိုင်သေးဘူးလား”
“အေး ငါကတော့မကျေနပ်တာကိုတော့ ပြောရမှာပဲ”
“ဘာလုပ်ချင်လဲပြော အဲဒါဆို၊ ငါတို့တစ်ယောက်ချင်းစီကိုထိုးမလား သတ်ချင်လား”
ကျွန်တော့်ကို ခေါင်းတောက်အောင်လိုက်ရှာနေကြသည်တဲ့လေ။ တစ်ပတ်ကျော်သွားရင် လူပျောက်တိုင်မလို့တောင်လုပ်ထားကြသေး တယ်ဆိုပဲ။ တမင်တကာအသိမပေးဘဲနဲ့ထွက်သွားတာ သူတို့ကိုအဲလောက်တော့စိတ်ဒုက္ခပေးချင်လို့ပင်။ ဒီလောက်တော့ ပညာပြန်ပြ ရမည်။
သူတို့တစ်ယောက်တစ်ပေါက်ပြောကြတာကို ကျွန်တော်ကလည်းတစ်ခွန်းမကျန်ချေပသည်။ နောက်ဆုံးတော့လည်းသူငယ်ချင်းဟာသူ ငယ်ချင်းပါပဲ။ စိတ်ဆိုးစိတ်ကောက်ပြီးပြန်ပြောပြီးတော့လည်း ပြီးသွားတာပါပဲ။ ခဏနေရင် အရင်အတိုင်းမျက်နှာတွေစပ်ဖြီးဖြီးပြန်ဖြစ် လာကြလေသည်။
“ဒီအတိုင်းတော့ မင်းတို့ကိုခွင့်မလွှတ်နိုင်ဘူး”
“အေး၊ မင်းပျောက်မှန်းမသိပျောက်သွားတဲ့အတွက်လည်း ငါတို့မင်းကိုခွင့်မလွှတ်နိုင်ပါဘူး”
“အေး၊ အဲဒီတော့ ဘာလုပ်ချင်လဲ”
ဒီကောင်တွေ ကျွန်တော့်ကိုဝိုင်းဖမ်းချူပ်ဖို့ပြင်လေသည်။ ကျွန်တော်ကအသည်းအသန်ရုန်းထွက်၏။ အဲဒီအချိန်မှာပဲ မင်းမင်းဆီကို ဖုန်း တစ်ကောဝင်လာ၏။
“ဟေ့ကောင်၊ မင်းစော်”
ကျွန်တော်က ပြောဖို့လှမ်းအယူသူကမပေးဘဲ အရင်ပြောလိုက်၏။
“အေး၊ ဒီကောင်ပြန်ရောက်နေပြီ၊ ခရီးထွက်သွားတာတဲ့ဟေး”
“…………………..”
“အင်း၊ အခုငါတို့နဲ့အတူရှိနေတယ်”
“……………….”
“အေး၊ အေး”
ကျွန်တော့်ကိုပေးမပြောဘဲ ဖုန်းချလိုက်လေသည်။
“ဟေ့ကောင်၊ ငါပြောမလို့ဘာလို့ဖုန်းချပစ်လိုက်ရတာလဲ၊ ဘာလဲ အဲဒါမင်းစော်မို့လို့လား၊ ပြန်ခေါ်ပေး အခု”
“သူဒီကိုလာလိမ့်မယ်”
အားလုံးရဲ့မျက်လုံးက ကျွန်တော့်ကိုစိုက်ကြည့်နေသည်။ ဖူးဖူး ဒီကိုလာရင်ပြသနာတက်ပြီပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့အေးအေး လူလူဖြစ်နေသည့် အမူအယာဖြင့် သီချင်းညည်းကာဘောလုံးဂျာနယ်တစ်စောင်ကို ဟိုလှန်ဒီလှန်လုပ်နေလိုက်သည်။ ချစ်သူကိုအကျိုး အကြောင်း စုံလင်ရှင်းပြဖို့စဉ်းစားထားပြီးသား။ ဒေါ်ဒေါ်ကလည်းသဘောတူပြီးသားဆိုတော့ ပြောစရာမလို။ ယောက္ခမလောင်းကို ဒေါ် ဒေါ်က ရှင်းပြပေးလိမ့်မည်။
သိပ်မကြာလိုက်ပါ။ ကားဟွန်းသံကြားလိုက်ရပြီးအိမ်ထဲကို ကမူးရှူးထိုးဝင်လာသောဖူးဖူး။ ကျွန်တော့်ကိုလည်းမြင်ရော ထုံးစံအတိုင်း ပေါက်ကွဲတော့တာပါပဲ။ သူငယ်ချင်းတွေကလည်း ကျွန်တော်တို့နှစ်ယောက်ရဲ့အဖြစ်ကိုကြောင်ကြည့်နေကြသည်။
“ဘယ်လောက်စိတ်ပူနေလဲဆိုတာသိရဲ့လား၊ ရှင်တော်တော်မကောင်းတဲ့လူ”
သူမရဲ့ပုံစံအတိုင်းပါပဲ၊ ကျွန်တော့်တစ်ကိုယ်လုံးကိုထုထောင်းရိုက်နှက်တော့တာပါပဲ။ ကြာလာတော့ကျွန်တော့်တစ်ကိုယ်လုံးနာကျင်လာ သည်။ ခရီးကပြန်ရောက်ကတည်းကသွားလာလှုပ်ရှားနေရတာ တစ်ကိုယ်လုံးကိုက်ခဲညောင်းညာရတဲ့အထဲ သူမရဲ့အငြိုးကြီးမားစွာထု ထောင်းမှုက ပိုနာကျင်စေသည်။
“တော်ပါတော့ ဖူးရယ်၊ ကိုယ်နာလှပြီ”
“မရဘူး၊ လုပ်မှာပဲ၊ ရှင်ကျွန်မကိုပစ်ထားတာဘယ်လောက်ကြာပြီလဲ၊ ဒီကဖြင့်သူ့ကိုချစ်လိုက်ရတာ၊ စိတ်ကောက်တော့လည်းလာချော့ ဖော်မရဘူး၊ အဲဒီမိန်းမကဒီလောက်တောင်ဆွဲငင်အားကောင်းရသလား၊ ရှင်ဖူးကိုတကယ်ပဲ ပြတ်နိုင်ခဲ့ပြီပေါ့ ဟုတ်လားမင်းဟံသာ”
“အကြောင်းစုံကိုမသိဘဲနဲ့အပြစ်တင်မစောပါနဲ့ကွာ”
“သိတယ်၊ သိတယ် သိလွန်းလို့အပြစ်တင်တာ၊ ကျွန်မက အွန်လိုင်းမှာပဲမြင်ဖူးပြီးအပြင်မှာမမြင်ဖူးတဲ့မိန်းမတစ်ယောက်လောက်တောင် ဆွဲဆောင်အားမကောင်းဘူးပေါ့လေ၊ ဘယ်လောက်ထိခံစားရလဲဆိုတာရှင်သိလား၊ ရှင်တော်တော်အကျင့်မကောင်းတဲ့လူပဲ မင်းဟံသာ”
“အပြင်ကချစ်သူလောက်ဆွဲဆောင်မှုဘယ်ရှိပါ့မလဲ၊ ဟိုဟာက လွန်လေပြီးသောချစ်သူဟာကို ဘယ်တူပါ့မလဲ၊ အွန်လိုင်းပေါ်ကသူ့ကို ဟောဒီလို ဟောဒီလိုနမ်းလို့မရဘူးလေ”
ရုတ်တရက်အနမ်းခံလိုက်ရတာမို့ သူမ ရှက်သွားကာ ကျွန်တော့်ကိုဆက်ပြီးထုရိုက်လေတော့သည်။ ကျွန်တော်သူမကိုရင်ခွင်ထဲ ဆွဲသွင်း လိုက်လေသည်။
“ဟေး၊ ဟေး…ငါတို့တွေရှိတာကိုလည်းသတိထားဦး”
သူငယ်ချင်းတွေဝိုင်းအော်တော့ သူမရုန်းထွက်လိုက်၏။ ကျွန်တော် ချစ်သူရဲ့မျက်နှာလေးကိုစိုက်ကြည့်လိုက်တော့ သူမက အကြည့်လွှဲ သွားလေသည်။ မကျေနပ်တဲ့သဘော။
“စိတ်ကောက်စရာမရှိ မကောက်ပါနဲ့ကွာ၊ ကိုယ်တစ်ယောက်လုံး ဖူးဘေးနားကိုရောက်နေပြီပဲ၊ ဘာလိုသေးလို့လဲ”
“ဘာ၊ ဒါကိုစိတ်ကောက်စရာမဟုတ်ဘူး ဟုတ်လား၊ ပြောပါဦး ဒါဆိုဘာကိုကောက်ရမှာလဲ၊ ဒီထက်ကြီးတဲ့ပြသနာဘာရှိလို့လဲ”
“အဲဒါက ပြသနာမဟုတ်ပါဘူးဖူးရဲ့၊ ထူးဆန်းတဲ့ကံကြမ္မာတစ်ခုကိုယ့်ဆီရောက်လာတာ”
“ဘယ်လို”
အစ်မမြတ်သစ်ခွနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းရှိပြီလို့ ထင်ထားပေမယ့် ကျွန်တော်လုပ်စရာတစ်ခြားအရေး ကြီးအလုပ်တစ်ခု။ အဲဒါ ကတော့ ဖူးဖူးကိုနားလည်အောင်ရှင်းပြဖို့ဖြစ်သည်။ အခု သူငယ်ချင်းတွေအားလုံးလည်းစုံစုံလင်လင်ရှိနေတာမို့ ကျွန်တော်အားလုံးလည်း သိသွားအောင်ရှင်းပြဖို့စီစဉ်လိုက်ကာ အသင့်ပါလာသောအစ်မမြတ်သစ်ခွရဲ့စာအုပ်ကိုထုတ်လိုက်သည်။
ပြီးတော့ ဖူးဖူးဆီကိုပေးဖတ်လိုက်၏။ သူမက သိပ်စိတ်မဝင်စားတဲ့ပုံစံနဲ့စာအုပ်ကိုယူကာဟိုလှန်ဒီလှန်လုပ်သည်။
“သေချာကြည့် အဲဒါဘယ်သူ့လက်ရေးလဲ”
အဲဒီတော့မှလက်ရေးကိုသတိထားမိသွားပုံရသည်။
“ဟင်…ဒါဖူးလက်ရေးပဲ”
ထင်ထားသည့်အတိုင်းပင်အံသြနေ၏။ သူငယ်ချင်းတွေကလည်း ကျွန်တော်ပြောပြမည့်အကြောင်းအရာကိုစိတ်ဝင်တစားနားထောင်ဖို့ အသင့်ပုံစံနဲ့ငြိမ်သက်နေကြသည်။
“စဉ်းစားလိုက်ပါဦး ဖူးဖူနဲ့လက်ရေးတူတတ်တဲ့သူတွေများ ပတ်ဝန်းကျင်မှာရှိလား”
“ဖူးနဲ့လက်ရေးတူတဲ့သူ အင်း၊ ဒီလောက်ထိအောင်တူတာဘယ်သူများရှိမှာလဲ”
“ဖူး …မြတ်သစ်ခွဆိုတဲ့နာမည်ကို သိလား”
“မြတ်သစ်ခွ၊ ဟင် အဲဒါ အန်တီမြတ်၊ ဖူးအစ်မလေ၊ ဟုတ်တယ်၊ ဒါမမမြတ်လက်ရေးပဲ”
“အင်း၊ ကိုယ်နဲ့ အွန်လိုင်းမှာတွေ့တဲ့သူကအဲဒီ ဖူးရဲ့အဲဒီမမမြတ်ပဲ”
အစကတည်းကစဉ်းစားထားသည့်အတိုင်းပင်အကြောင်းစုံကိုပြောပြလိုက်တော့၏။ သူငယ်ချင်းတွေရော ကျွန်တော့်ပြောပြချက်တွေကို စိတ်ဝင်တစားနားထောင်ကြလေသည်။
++++++++++++++++++++++++++++++++++++++
(၂၆)
“တစ်ခါတစ်လေမှာ စိတ်ကူးယဉ်ဖို့တောင်မဖြစ်နိုင်တဲ့ကိစ္စတွေလည်းဖြစ်လာတတ်တယ်နော်”
ကျွန်တော့်ပြောပြချက်တွေကိုနားထောင်ပြီး ဖူးကမှတ်ချက်ပေးသည်။
“အင်း၊ အဲဒီကိစ္စကို ပြောပြတဲ့အခါ အမှန်တရားမဟုတ်နိုင်ဘူးဆိုပြီး မယုံတဲ့သူတွေလည်းရှိတယ်၊ အူတိုစိတ်ပုတ်တဲ့လူလည်းရှိတယ်”
သူမ ကကျွန်တော့်ကိုမျက်စောင်းလှမ်းထိုးလေသည်။
အားလုံးရဲ့ဘဝတစ်သက်တာမှာ တစ်ခါမှမျှော်လင့်မထားတဲ့အဖြစ်အပျက်တွေ တကယ်တမ်းဖြစ်လာတာမျိုးအနည်းနဲ့အများ တွေ့ကြုံဖူး ကြမှာပါ။ လောကကြီးမှာထင်မှတ်မထားတဲ့အရာတွေ ဖြစ်လာတတ်တာဟာ အထူးအဆန်းမဟုတ်သလိုဖြစ်နေပေမယ့် ကျွန်တော့်လို အဖြစ်အပျက်ကတော့ ဘယ်သူကမှတွေ့ကြုံဖူးကြလိမ့်မယ်လို့တော့မထင်ပါ။ ကျွန်တော့်ရဲ့အဲဒီအကြောင်းအရာကိုသိရင်တော့ အဲဒါမျိုး တကယ်ရှိပါ့မလား ဆိုပြီးတော့တောင်သံသယဝင်ကြလိမ့်မှာအသေအချာပင်။ ဒါပေမယ့် ကျွန်တော်တကယ်တွေ့ကြုံခဲ့ရတာပါ။ လူတစ်ရာ မှာတစ်ယောက်၊ အိုဗျာ…တစ်ထောင်မှာတစ်ယောက်တောင် တွေ့ချင်မှတွေ့ဖူးကြမယ့်အဖြစ်အပျက်မျိုးပါ။
++++++++++++++++++++++++++++++++++++++
ပြီးပါပြီ။
မေတ္တာရိပ်မှာအေးချမ်းပါစေ။
တိမ်တိုက်ထွန်း(ကစ္ဆပနဒီ)