(၂)
ခရီးဆောင်အိတ်တွေထည့်ဖို့အတွက် လက်တွန်းလှည်းတစ်ခုကို ယူမည်အပြု ကျွန် တော့်ရှေ့မှ တစ်စုံတစ်ယောက်က ဖြတ်ယူတာကို ခံလိုက်ရသည်။
“ဟင်”
ကြည့်လိုက်တော့ ဘန်ကောက်လေဆိပ်မှာတွေ့ခဲ့တဲ့ ဟိုငနာမလေးပဲ။ အကြည့် ချင်းဆုံတော့ အံ့သြသွားပုံရပါသည်။ ကျွန်တော် ပခုံးတစ်ချက်တွန့်ပြလိုက်သည်။ နယူး ဒေလီအထိတောင် ရေစက်ပါ လာသေးတာကိုး။ လူဝင်မှုကြီးကြပ်ရေးကောင်တာ (immigration) ကိုသွားတော့လည်း ကျွန်တော်တို့အဖွဲ့ရဲ ့နောက်ကို သူမ ကပ်ပါလာ သည်။
ကျွန်တော်ဘေးက ညီညီ့ကို လှမ်းပြောတော့ သူမအနောက်ကိုလှည့်ကြည့်ပြီး “အလန်းစားပဲ” ဟု ဝေဖန်သည်။
“လူကသာ အလန်းစား၊ တော်တော်စွာမယ့် အထာပဲကွ”
“ဟ…နေဦး နောင်နောင်၊ ငါတို့နဲ့ သင်တန်းအတူတက်မယ့် အာဆီယံ ဂျာနယ်လစ် တွေများလား”
အဲဒီတော့မှ ကျွန်တော်စဉ်းစားမိသည်။
ကျွန်တော်တို့သင်တန်းက အရှေ့တောင်အာရှ လေးနိုင်ငံကို ဖိတ်ခေါ်တာဖြစ်သည်။ ဒီကောင်မလေးပုံစံက ဖျက်ဖျက်လက်လက်နဲ့ ခပ်စွာစွာသတင်းထောက်ပုံစံဆိုတော့ ညီညီ ပြောတာ ဖြစ်နိုင်သည်။
အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနကကြီးမှူးဖွင့်လှစ်ပြီး နယူးဒေလီ မြို့တော်မှာ ရှိတဲ့ Indian Institute of Mass Communication (IIMC) မှာ စာနယ်ဇင်းသင်တန်း တစ်လကြာတက်ရောက်ရမည်ဖြစ်သည်။
“ဟေ့ကောင်၊ ဟိုမှာ အအေးဗူးယူသောက်နေပြီ”
လမ်းတစ်လျှောက် နေရာအနှံတွေ့ရသော pepsi မှန်ပုံးလေးတွေထဲက တစ်ခုအနား သူမရပ်ကျန်ခဲ့သည်။ အကြွေစေ့ထည့်ပြီး ဝယ်ရတာဖြစ်သည်။
“အေး…စောင့်လိုက်ပါဦး”
“အာ…ဘာလို့စောင့်ရမှာလဲ၊ သူ့မှာ အဖော်တစ်ယောက်ပါသေးတယ်။ ဟိုမှာ… တွေ့လား”
Immigration အနားရောက်တော့ ASEAN Journalists ဆိုတဲ့ ဆိုင်းဘုတ်ငယ် ကိုင်ထားသည့် အမျိုးသားနှစ်ဦးကိုတွေ့ရသည်။ မြန်မာနိုင်ငံကပါဆိုပြီး နှုတ်ဆက်တော့ သူတို့ကလည်း ပြန်နှုတ်ဆက်သည်။ အိန္ဒိယနိုင်ငံ သံရုံး၏ ကူညီထောက်ပ့့ံမှုဖြင့် စာနယ်ဇင်း သင်တန်းတက်ရောက်ခွင့်ရရှိခဲ့သည့် စာနယ်ဇင်းသမားများကို အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန (Ministry of External Affairs) မှ တာဝန်ရှိသူနှစ်ယောက်ကလာကြိုခြင်းပင်။
ကျွန်တော်တို့အဖွဲ့နှင့် မရှေးမနှောင်းမှာပင် သူမတို့နှစ်ယောက်ရောက်လာသည်။ ညီညီပြောတာ ရာနှုန်းပြည့်မှန်ခဲ့ပြီ။
“We come from Vietnam”
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံမှ စုစုပေါင်း ခြောက် ယောက်ပါဝင်မည်ဖြစ်ပြီး ကျန်လေးယောက်မှာ ဟနွိုင်းမှလာကြမည်ဟုပြောပါသည်။ တစ် နိုင်ငံလျှင် ခြောက်ဦးနှုန်းဖြင့် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို လေးနိုင်ငံမှ စုစုပေါင်း ၂၄ ယောက်ဖြစ်သည်။ ကျွန်တော်တို့ မြန်မာအဖွဲ့တွေနှင့် ဗီယက်နမ်သူ နှစ် ယောက်တို့ အပြန်အလှန်နှုတ်ဆက်ပြီး လက်ဆွဲနှုတ်ဆက်ကြသည်။
“ကျွန်တော် သော်မင်းနောင်ပါ၊ အပတ်စဉ်ထုတ်ပြည်တွင်း ဂျာနယ်တစ်စောင်ရဲ့ အကြီးတန်းသတင်းထောက်ပါ”
အတတ်နိုင်ဆုံး မျက်နှာချိုသွေးပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်တော့ မျက်နှာကြောတင်းတင်းနဲ့ မသိချင်ယောင်ဆောင်သွားပါသည်။ ရှက်လိုက်တာ။
“ငနာမလေး၊ နေနှင့်ဦးပေါ့”
ကျွန်တော့်ကို အားလုံးကပြုံးစိစိကြည့်သည်။
ရှက်ရှက်နဲ့ လေဆိပ်ဘေးပတ်ပတ်လည်ကိုကြည့်နေလိုက်ပါသည်။ ဒေသစံတော်ချိန် ည ကိုးနာရီကျော်ခဲ့ပြီဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ နိုင်ငံဖြစ်သည်နှင့် အညီ လေဆိပ်နံရံဘေးပတ်ပတ်လည်မှာ ရွှေရောင်မုဒြာပုံစံအမျိုးမျိုးကို တွေ့ရ၏။ နယူးဒေ လီ၏ ဒေသစံတော်ချိန်သည် မြန်မာနိုင်ငံထက် တစ်နာရီအတိ နောက်ကျပါသည်။ ရန်ကုန် မှာဆိုရင် ည ဆယ်နာရီကျော်နေပြီပေါ့။
နိုင်ငံအသီးသီးက စာနယ်ဇင်းသမားအချင်းချင်း လေဆိပ်မှာလူစုနေတုန်း တစ် ယောက်နဲ့တစ်ယောက် နှုတ်ဆက်စကားပြောကာ ခင်မင်မှုရရှိခဲ့ပေမယ့် ဘယ်လိုရေစက် ကြောင့်တော့မသိ။ သူမနှင့် ကျွန်တော် မခင်မင်နိုင်ပဲရှိလေသည်။။
“Nguyen Thi Hoa (ငုယင်သိဟွာ)”
ကျွန်တော် နာမည်ကိုတော့ အလွတ်ရခဲ့ပါသည်။ ဗီယက်နမ်သူမျိုးတွေရဲ့ နာမည် အစမှာ ငုယင်ဆိုတာကြီးကပါနေကျမို့ နောက်ကစာလုံးကို အလွယ်တကူမှတ်ရုံသာ။
တည်းခိုမည့် ဟိုတယ်ကိုသွားဖို့အတွက် ကားအတန်ကြာစီးရပါသည်။ ကားပေါ် ရောက်တော့ ဟိုစုစု ဒီစုစုနဲ့ တွတ်ထိုးနေမိကြသည်။ ကျွန်တော်တို့ မြန်မာအုပ်စုသည် လည်း တစ်ယောက်အကြောင်းတစ်ယောက်ပြောရင် အခုမှ သေချာရင်းနှီးကြလေသည်။
ကျွန်တော်နဲ့ ညီညီက ရန်ကုန်မှာ သတင်းလိုက်ဖော်လိုက်ဖက်တွေဆိုပေမယ့် ကျန် တဲ့လေးယောက်နဲ့တော့ တစ်ခါတစ်လေ စာနယ်ဇင်းရှင်းလင်းပွဲတွေမှာ မျက်မှန်းတမ်းမိ ရုံလောက်သာဖြစ်သည်။ တစ်လတိတိ သင်တန်းအတူတက်ရမှာမို့ အခုတော့လည်း ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်သွားကြပြီ။ မြန်မာအဖွဲ့မှာ ယောက်ျားလေးလေးယောက်၊ မိန်းကလေးနှစ်ယောက် ပါဝင်ပါသည်။ အားလုံးက မတိမ်းမယိမ်းအရွယ်တွေဖြစ်တာရယ်၊ စာနယ်ဇင်း သမားတွေဖြစ်တာရယ်ကြောင့် ပိုရင်းနှီးလွယ်သည်။
တည်းခိုမည့် ဟိုတယ်ကိုရောက်တော့ ကျွန်တော်တို့ကို စောင့်ကြိုနေသော သံရုံးက အမျိုးသမီးတစ်ဦးကို တွေ့ရသည်။ သူကပဲ ဦးဆောင်ပြီးတည်းခိုဖို့အခန်းသော့တွေကို စီစဉ်ပေးပါသည်။ ကျွန်တော်နဲ့ ညီညီက တစ်ခန်းရသည်။ နှစ်ယောက်ခန်းနဲ့ သုံးယောက် ခန်းတွေကို အဆင်ပြေသလိုယူရတာဖြစ်သည်။
“အခန်းကိုမသွားခင် ညစာအရင်စားဖို့စီစဉ်ထားပါတယ်”
မိုးလည်းချုပ်နေပြီမို့ အခန်းပြန်ရေမချိုးတော့ဘဲ ညစာအရင်စားကြပါသည်။
ဘူဖေးညစာ ဟင်းအမယ်စုံလှပါ၏။
ပဲ၊ နို့ နဲ့ ဟင်းသီးဟင်းရွက်အစုံကို ပုံစံအမျိုးမျိုးနဲ့ ချက်ထားတာတွေ့ရသည်။ အသား ဟင်းကတော့ ကြက်သားနဲ့ သိုးသားဖြစ်သည်။ သိုးသားကို နို့စိမ်းနဲ့ရောချက်ထား၏။ ဟင်းနံ့ တွေကတော့ အိန္ဒိယနိုင်ငံရဲ့ ထုံးစံအတိုင်းမဆလာနံ့တသင်းသင်း။ မြန်မာနို်င်ငံသားတွေအ နေနဲ့ အိန္ဒိယ အစားအစာဟာ မစိမ်းလှပေမယ့် ရန်ကုန်မှာ မြင်ဖူးနေကျ ပုံစံနဲ့ကွဲပြားလှ၏။
မဆလာနံ့ တထောင်းထောင်းထနေသော ဟင်းတွေကိုကြည့်ရင်း အားလုံးရယ်မော မိကြသည်။ ပေါင်မုန့်၊ ဒိန်ခဲ စသည့် ဥရောပ အစားအစာတွေနဲ့ ဒေသထွက် အသီးအနှံများ လည်းထားထားပေးပါ သည်။
“သူတို့တွေ မစားကြဘူးကွ၊ ဟိုမှာကြည့်အသီးအနှံနဲ့အအေးပဲ တွေ့တယ်။
ညီညီကသူတို့လုပ်သမျှ တောက်လျှောက်လိုက်ကြည့်နေသည်။
ညစာစားပြီးတော့ ဟိုတယ်ရဲ့ ဧည့်ကြိုခန်းမှာ လူပြန်စုသည်။ မနက်ဖြန်က တနင်္ဂနွေ နေ့မို့ Sight Seeing ခရီးစဉ်တစ်ခုလိုက်ပို့မည်တဲ့။ သင်တန်းက တနင်္လာနေ့မှစမှာဖြစ် သည်။ ခရီးသွားမှာမို့ မနက် ခြောက်နာရီထရမည်ဆိုတော့ အားလုံးက ဟာခနဲဖြစ်သွား သည်။ အားလုံးက ပင်ပန်းနေပြီမို့ အိပ်ရေးဝဝအိပ်ချင်သည်။ ဒါပေမဲ့ သွားမယ့်နေရာကိုပြော တော့ အားလုံးတက်ကြွသွား၏။
“တက်ချ်မဟာ”
သူမနဲ့ ကျွန်တော်အကြည့်ချင်းဆုံမိကြသည်။ “ဟာ” ဘာကြောင့်ပါလိမ့်။ သူမရဲ့ မျက်ဝန်းမှာ မုန်းတီးမှုတွေကို ကျွန်တော်တွေ့လိုက်ရသည်။
X x x x x