(၄)
“သတင်းဘယ်နှစ်မျိုးရှိလဲ”
ပရော်ဖက်ဆာကြီးသည် အသက် ၆၀ ဝန်းကျင်ခန့်ရှိပြီး နှုတ်ခမ်းမွေးကားကား၊ နဖူး ပြောင်ပြောင်ဖြင့် တည်ကြည်ခန့်ညားသော ပုံသဏ္ဍာန်ရှိသည်။
သူ၏မေးခွန်းကို ဖြေမည့်သူနှစ်ယောက်ရှိသည်။ အဲဒီနှစ်ယောက် လက်ထောင်နေ ပါသည်။ ကျွန်တော်နှင့်သူမ။
မျက်လုံးချင်းဆုံမိကြသည်။ ကြည်လင်မှုမရှိသော၊ လှိုက်လှဲမှုမရှိသော အကြည့်ကို တွေ့ရသည်။
“Vietnumese”
ပရော်ဖက်ဆာကြီးက သူမကိုဖြေခိုင်းသည်။
“နှစ်မျိုးရှိပါတယ်။ Hard News နဲ့ Soft News ပါ”
ခေါင်းညိတ်သည်။
တခြားရှိသေးလားဟု ဆက်မေးပါသည်။ ဘယ်သူမှမဖြေကြ။ ဘယ်ဟာက Hard News လဲ၊ ဘယ်ဟာက Soft News လည်း သူမကို ဆက်ဖြေခိုင်းပါသည်။
“Hard News ဆိုတာ Breaking News လို့ အများကသိထားတဲ့သတင်းပါ။ အခု ဖြစ်ပျက်နေတာ ချက်ချင်းဖော်ပြရမယ့်ဟာကိုပြောတာပါ။ ဥပမာ မီးလောင်တာတို့၊ အစိုးရ ထုတ်ပြန်ချက်တို့ကို ဆိုလိုပါတယ်။ Soft News ဆိုတာကတော့ Feature လို့ သိကြတဲ့ ဟာပေါ့။ ချက်ချင်းဖော်ပြဖို့မလိုတဲ့ အကြောင်းအရာကိုပြောတာပါ။ သတင်းစာအများစုမှာ ဖော်ပြနေတာကတော့ ဒီနှစ်မျိုးအဓိကပါ”
ပရော်ဖက်ဆာကြီးက ခေါင်းညိတ်တော့ သူမက ကျွန်တော့်ကို အနိုင်ရသည့်အပြုံး ဖြင့်ကြည့်သည်။ ဒါသတင်းထောက်တိုင်းသိတာပဲလေ။ ဘာဆန်းလို့လဲ။ သတင်းရေးရင် “ဘ” ခြောက်လုံး (သူတို့သိတဲ့ ဖိုက်ဒဗလျူ အိတ်ချ်) ပြည့်စုံရမှာ၊ ပိရမစ်ဇောက်ထိုး ပုံစံ ရေးရမှာ … ဒါတွေကိုရောပြောပြီး လူတွင်ကျယ်လုပ်ဦးမလားမသိ။
“မနေ့ကပျော်ခဲ့ကြရဲ့လား ”
အားလုံး “yes” လို့ တစ်သံတည်းထွက်သည်။
“တက်ချ်မဟာက ဘယ်မြို့မှာရှိတာလဲ”
လာအိုအဖွဲ့ထဲက တစ်ယောက်လက်ထောင်သည်။
“Agra”
ပရော်ဖက်ဆာကြီး ခေါင်းညိတ်သည်။
“ဒါဆို Taj Mahal အကြောင်းရေးဖို့ ဘယ်သူအဆင်သင့်ဖြစ်ပြီလဲ”
အားလုံး “ဟာ” ခနဲဖြစ်သွားသည်။
“Hard News တွေ၊ Soft News တွေ မရခဲ့ကြဘူးလား၊ သတင်းသမားတွေ ရောက် တဲ့နေရာတိုင်း သတင်းရှိတယ်လေ”
တစ်ခန်းလုံး တိတ်ဆိတ်သွား၏။
“အိုကေ၊ မနက်ဖြန်ကျရင် မနေ့ကခရီးစဉ်အကြောင်း Story ကောင်းကောင်း တစ်ပုဒ်စီရေးလာနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်”
“စာမသင်ရသေးဘူး၊ အိမ်စာကလုပ်ရတော့မယ်”
ကျွန်တာ့်ဘေးနားက အောင်မျိုးထွန်းက စတင်ငြီးတွားလေသည်။ ကျွန်တော်တို့ မြန်မာအဖွဲ့ (သော်မျိုးနောင်၊ ညီညီ၊ အောင်မျိုးထွန်း၊ သူရ၊ သူဇာ၊ စံပယ်) မှာ အခြားနိုင်ငံ အဖွဲ့နည်းတူ တစ်တန်းတည်းတူတူထိုင်တာဖြစ်သည်။ သင်တန်းအစနေ့မို့ ဖွင့်ပွဲ၊ နေရာချရ နဲ့ စာသင်ချိန်ခဏသာရလေသည်။
ကျွန်တော်တို့ တည်းခိုရာဟိုတယ်မှ Indian Institute of Mass Communication ကို ဖယ်ရီဖြင့် လေးဆယ့်ငါးမိနစ်ခန့် စီးရပါသည်။ ဟိုတယ်မှ နေ့စဉ် ရှစ်နာရီခွဲထွက်ခွာရမှာ ဖြစ်ပြီး IIMC ကို ကိုးနာရီခွဲခါနီးမှာရောက်၊ ခဏနား၊ ဆယ်နာရီအတိမှာ အတန်းစမည်။ တစ်နေ့ Tea Break နှစ်ချိန်နှင့် Lunch Break တစ်ချိန်ရပါမည်။ ညနေ ငါးနာရီမှ training ပြီးမှာဖြစ်ပြီး ဟိုတယ်ကို ပြန်လာရမှာဖြစ်သည်။
“မနက်ဖြန် တက်ချ်မဟာ အကြောင်းရေးဖို့အတွက် သိလိုတဲ့အချက်တွေ မေးနိုင်ဖို့ ဆရာတစ်ယောက်ကို ဖိတ်ထားပါတယ်။ မကြာခင်သူလာလိမ့်မယ်။ သိလိုတာတွေ သူ့ကို မေးပါ။ အကောင်းဆုံး ဆောင်းပါးဆုပေးလိမ့်မယ်”
ပရော်ဖက်ဆာကြီး စကားပြောပြီးတိုင်း ပြောပြီးတိုင်း “any question” ဆိုပြီး မေးခွန်းတွေ မေးခိုင်းတတ်ပါသည်။ အားလုံးက အာဆီယံကျောင်းသားတွေပီပီ သိပ်မမေး ကြ။
ခဏကြာတော့ ဖိတ်ခေါ်ထားသည့်ဆရာ ရောက်လာသည်။ မနက်ဖြန် သတင်း ဆောင်းပါးရေးလာဖို့အတွက် ကိုယ်ရေးမယ့်ရှုထောင့်က လိုအပ်တာတွေကိုမေးခိုင်းသည်။ မမေးခင်မှာ တစ်ယောက်ချင်းမိတ်ဆက်ရ၏။ Nguyen Thi Hoa သည် ဟိုချီမင်းမြို့ နေ့စဉ် ထုတ် သတင်းစာတစ်စောင်၏ ဂျူနီယာသတင်းထောက်သာဖြစ်သည်။
“ရှားဂျာဟန်း ဘုရင်ကြီးက သူ့မိဖုရားကိုချစ်ကြောင်း သက်သေထူဖို့၊ အလွမ်းဖြေဖို့ သက်သက်အတွက် တက်ချ်မဟာကို ဆောက်ခဲ့တာလားသိချင်ပါတယ်၊ တခြား ပယောဂ တစ်ခုခုများရှိမလားလို့ပါ။”
ကမ္ဘောဒီးယားက တစ်ယောက်၏မေးခွန်း။
ဘယ်လိုပဲလျှို့ဝှက်ချက်တွေရှိရှိ၊ သတင်းကမလတ်ဆတ်နိုင်ပါ။ ဆောင်းပါးအဖြစ်ပဲ သူပုံဖော်နိုင်လိမ့်မည်။ ကျွန်တော်တို့သွားတဲ့နေ့က တက်ချ်မဟာအနီးတစ်ဝိုက် အဓိကရုဏ်း တစ်ခုခုဖြစ်တာမျိုး၊ ဒါမှမဟုတ် လူဝင်ရောက်မှုသမိုင်းမှာ စံချိန်ချိုးပြီး ဧည့်ဝင်အများဆုံး ဖြစ်တာမျိုး၊ အဲဒီနေ့က တစ်ယောက်ယောက်ရဲ့ပယောဂကြောင့် အဆောက်အဦးကြီး တစ်စုံတစ်ရာပွန်းပဲ့ထိခိုက်သွားတာမျိုးတွေကသာ breaking news အဖြစ် ရေး၍ရမည်ဟု ကျွန်တော်ထင်ပါသည်။
“ဘုရင်နဲ့ ကြင်ယာတော်က ကြည်နူးပျော်ရွှင်နေတဲ့ ကာလကတည်းက ကတိစကား လေးခွန်းထားခဲ့ကြတယ်လို့ အဆိုရှိတယ်။ Guide က မရှင်းပြလိုက်ဘူးလား”
အားလုံးတစ်သံတည်း။
“နိုး”
အမှန်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာနေကြတာမို့ Guide ရှင်းပြတာကို သေချာအာရုံစိုက်ပြီး နားမထောင်ကြတာဖြစ်သည်။
“မိဖုရားလေးကွယ်လွန်ရင် ဘုရင်ကြီးက ဂူဗိမာန်ကို တည်ဆောက်ပေးရမယ်။ ဂူဗိ မာန်ကို ဘုရင်ကြီးက နှစ်စဉ်လာရောက်ရမယ်။ ဘုရင်ကြီးနဲ့ မိဖုရားတို့ရဲ့ သားသမီးတွေကို ထာဝရစောင့်ရှောက်ရမယ်။ နောက်ထပ် မိဖုရားအသစ်ရှာချင်ရင် ဘုရင်ကြီးအနေနဲ့ ရှာနိုင် တယ်ဆိုတဲ့အချက်တွေပေါ့”
အဲဒီ ကတိစကားတွေနဲ့ အခုလိုကြီးမားသည့် အဆောက်အဦးကြီးဖြစ်လာခဲ့တာ မဟုတ်ပါလား။ ကျွန်တော်တို့ မသိလောက်ဟု ထင်ထားသော အကြောင်းအရာတစ်ချို့ကို ဆရာက ဆက်ပြောပြပါသည်။
“ဘုရင် ရှားဂျာဟန်းဟာ နာမကျန်းဖြစ်ပြီး အဲဒီကာလမှာပဲ သူ့သားတော်တစ်ပါးရဲ့ ထိန်းသိမ်းခြင်းခံလိုက်ရတယ်။ အာဂရာခံတပ်ကြီးမှာပဲ အကျယ်ချုပ်ချထားခြင်းခံရတာပါ။ သူနေတဲ့ နေရာထဲက ပြတင်းပေါက်ကျဉ်းကျဉ်း လေးကနေ ချစ်သူ ဗိမာန်တက်ချ်မဟာကို ကြည့်ရင်း လွမ်းမောပြီး ကံတော်ကုန်ခဲ့ရတယ်တဲ့”
တွေးစရာ၊ မေးစရာ၊ စဉ်းစားစရာတွေကအများကြီးဖြစ်သည်။ ညဘက် ဟိုတယ်မှာ အင်တာနက်သုံးခွင့်ရတာမို့ အဲဒီကျမှပဲ မွှေနှောက်ရှာဖွေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
“ဘယ်လိုရေးကြမလဲ”
မေးခွန်းတွေဖြေပြီးတော့ ဆရာက ပြန်မေးသည်။ စိတ်ကူးမိရာကို အသီးသီးဖြေကြပါ သည်။
“ဆောင်းပါး”
“ခရီးသွား ဆောင်းပါး”
“Soft News ပုံစံမျိုးလည်းရေးလို့ရမယ်ထင်ပါတယ်”
“အိုကေ၊ သတင်းစာတွေ၊ အပတ်စဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ရေးလို့ရတဲ့ ပုံစံဘယ်နှစ်မျိုး ရှိသလဲ။ Vietnumese ဖြေ”
ဆရာက သူ့ကို တန်းမေးလိုက်တာမို့ အတန်ကြာတွေဝေသွားတာတွေ့လိုက်ပါ သည်။ သူ့နေရာနှင့် ကျွန်တော်တို့ထိုင်သော နေရာမဝေးလှပါ။ ကျွန်တော်တို့ရှေ့မှာ လာအို အဖွဲ့၊ လာအိုအရှေ့မှာ သူတို့အဖွဲ့ သူတို့အဖွဲ့ရှေ့မှာတော့ ကမ္ဘောဒီးယားအဖွဲ့ ထိုင်ပါ သည်။
“အင်း… ရိုးရိုး သတင်းရေးနည်း၊ ဆောင်းပါးရေးနည်း၊ အင်တာဗျူးပုံစံရေးနည်း ပေါင်းလိုက်ရင် သုံးလေးမျိုးလောက်ရှိမယ်ထင်ပါတယ်။ တိတိကျကျ မသိပါဘူး”
ဧည့်သည်ဆရာနှင့်အတူ စာသင်စားပွဲပေါ်ထိုင်နေသည့် ပရော်ဖက်ဆာကြီးပြုံးသည်။
”မင်းတို့အားလုံးက စာနယ်ဇင်းလောကမှာအသက်မွေးဝမ်းကျောင်းအဖြစ်ရပ်တည် နေတဲ့သူတွေလေ။ ဒီထက်ပိုပြီး သေချာတဲ့ အဖြေမရှိကြတော့ဘူးလား”
”ကျွန်တော်တို့ရေးနေတဲ့ ပုံစံတွေက ရရှိလာတဲ့ သတင်းအချက်အလက်အပေါ်အ ခြေခံပြီး အဆင်ပြေသလိုရေးကြတာပါ။ ဒီအထဲမှာ အားလုံးနီးပါးက ဂျာနယ်လစ်ဇင်နဲ့ ကျောင်းပြီးတဲ့သူတွေ၊ ဂျာနယ်လစ်ဇင်သင်တန်းတွေ အထိုင်အလျောက်တက်ဖူးတဲ့ လူတွေ ချည်းလို့ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ငန်းခွင်ထဲကို ရောက်လာတဲ့ အခါကျတော့ နည်းဥပဒေတွေ၊ ပုံစံတွေနဲ့ ရေးတာထက်ကိုယ် အားသန်ရာတစ်မျိုးတည်းကိုပဲ ဇောက်ချ ရေးသားတတ်ကြတယ်လို့ ထင်ပါတယ်”
ညီညီရဲ့အဖြေကို အားလုံးလက်ခံကြလေသည်။
”အဲဒီလို ဇောက်ချရေးဖို့အတွက်၊ ကိုယ်ရတဲ့ သတင်းအချက်အလက်ကိုအဆင်ပြေ အောင်ရေးဖို့အတွက် နည်းဗျူဟာလိုတယ်လေ။ မင်းတို့ခေါင်းထဲမှာ နည်းဗျူဟာဘယ်နှစ် ခုရှိသလဲ။ အဲဒါကို သေသေချာချာဆန်းစစ်ဖို့ မလိုဘူးလား”
ပရော်ဖက်ဆာကြီး၏ သင်ကြားနည်းပုံစံ (Teaching method) မှာ သင်တန်းသားတွေကို လက်ချာ ပေးတာမျိုး မဟုတ်ဘဲ သင်တန်းသားတွေရဲ့ ဦးနှောက်ထဲက သတင်းအချက်အလက်တွေ ကို နှိုက်ယူပြီး မွမ်းမံပေးခြင်းမျိုးဖြစ်သည်။
”ဒီ training မပြီးခင် မင်းတို့တစ်ယောက်ချင်းစီ ကိုယ်ပိုင််ဖန်တီးထားတဲ့ စာတမ်း ငယ်တစ်စောင်ကိုပေးရမှာဖြစ်တယ်။ အကောင်းဆုံးစာတမ်းရှင်ဆုကို ထိုက်တန်တဲ့ ဆု တံဆိတ်ပေးအပ်မှာဖြစ်ပြီး IIMC က မှတ်တမ်းတင်ထားရှိမှာဖြစ်တယ်။ စာတမ်းမှာ အဓိက ပါဝင်ရမှာကတော့ ခုနကပြောခဲ့တဲ့ သတင်းစာတွေမှာ ရေးသားနည်း ဘယ်နှစ်မျိုးရှိသလဲ ဆိုတာပဲ။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။”
အားလုံး ဟာခနဲ ဖြစ်သွားပြီး တစ်တန်းလုံး တိတ်ဆိတ်သွားသည်။ ဆရာနှစ် ယောက်ပြုံးပါသည်။
“မနက်ဖြန် တက်ချ်မဟာ စတိုရီအတွက်လည်း အကောင်းဆုံးလုပ်လာနိုင်ကြမယ်လို့ ထင်ပါတယ်။ အကောင်းဆုံးဆောင်းပါးဆုကို မျှော်လင့်ရင်ပေါ့”
တစ်ယောက်တစ်ပေါက်နဲ့ ပွစိပွစိဖြစ်သွားပြန်သည်။ ကျွန်တော့်မျက်လုံးထဲမှာတော့ အဲဒီ ကောင်မလေးက အဆိုးဆုံး။
“ဗီယက်နမ် ကောင်မလေး၊ အဆင်မပြေဘူးလား”
ဆရာကသူ့ကို လှမ်းစသည်။
အားလုံးအကြည့်ကသူ့ဆီရောက်သွား၏။
“ကျွန်မခေါင်းထဲမှာ သတင်းအမျိုးအစားတွေကို ခွဲခြားကြည့်နေတာပါ။ သုံးလေးမျိုး ထက်ပိုမရှိဘူး။ ဂျာနယ်လစ်ဇင်တွေမှာ ရေးထားတဲ့ ပုံစံဘယ်နှစ်မျိုးရှိသလဲဆိုတာ ရုတ်တ ရက် စဉ်းစားမရဘူးဖြစ်နေတာပါ”
“ရုတ်တရက် စဉ်းစားဖို့မလိုပါဘူး။ ဒီ training မပြီးခင် အထိ အချိန်ရပါသေးတယ်”
“ဟုတ်၊ ဒါပေမဲ့ ကျွန်မခေါင်းထဲမှာ တကယ်ပဲ သုံးလေးမျိုးထက်ပို မစဉ်းစားမိဘူး”
အားလုံးရယ်လိုက်ကြသည်။
”ဟို မြန်မာကောင်လေးရော”
ပရော်ဖက်ဆာကြီးက ကျွန်တော့်ကိုပါ မေးလာတာမို့ ကျွန်တော်ကလည်း “ဗီယက် နမ် ကောင်မလေးနဲ့ တူတူပါပဲ” လို့ ဖြေလိုက်တော့ မျက်စောင်းတစ်စုံကို ကျွန်တော်လက် ဆောင်ရလိုက်လေသည်။
x x x x