(၅)
ငုယင်သိဟွာ (Nguyen Thi Hoa) သည် အခန်းထဲရောက်ရောက်ချင်း ကျောပိုးအိတ်ကိုပစ်ချ၊ ဖိနပ်၊ မျက်မှန်ကိုချွတ်ကာ ကုတင်ပေါ်ဒိုင်ဗင် ထိုးချလိုက်လေသည်။
“ဟူး မောလိုက်တာ”
ပူလိုက်တဲ့ ရာသီဥတု။ ၄၄ ဒီဂရီစင်တီဂရိတ်တဲ့။ ဟိုချီမင်းမြို့မှာ ဒီလောက် မပူအိုက် ဖူးပါဘူး။
”တီ တီ”
အခန်းတံခါးဘဲလ်သံကြောင့် အခန်းဖော် သူငယ်ချင်း ကျွမ် (Quynh) ကတံခါးထဖွင့်သည်။
“Hoa ရေ၊ မင်း အတွက်စာပါတယ်”
“ဟင်၊ ဘယ်ကလဲ ငါဒီရောက်တာ ရက်ပိုင်းပဲရှိသေးတာ။ စာတွေဘာတွေရောက်ဖို့ မဖြစ်နိုင်ဘူး ထင်တယ်”
“မသိဘူး၊ ၀ိတ်တာ ဝန်ထမ်းတစ်ယောက်ပေးလိုက်တာပဲ။ စာအိတ်ပေါ်မှာ နင့် နာမည်တွေ့လို့ ငါယူလာတာ”
အဖြူရောင် စာအိတ်လေး။
စာအမှတ်(၁)
” ဟန်နီ
ဒီနေ့ပဲအတန်းစတယ်။
ဆရာစာမေးတာ မင်း မဖြေနိုင်ဘူးဆို။
ဒီပုံစံနဲ့ဆို သင်တန်းပြီးတဲ့ အချိန်စာတမ်းဘယ်လို တင်မလဲ။ မဖြစ်ဘူး။ မင်းကို ကိုယ်ကယ်မှ ဖြစ်တော့မယ်။ ကိုယ့်ရင်ထဲမှာ စွဲနေတဲ့ သတင်းရေးနည်းတွေရှိတယ်။ ကိုယ်လေးစားရတဲ့ ဆရာတွေထဲက ဆရာတစ်ယောက် သင်ပေးတာ။ ဆရာ နာမည်က Mr. Bjorn Richter တဲ့။ သူသင်ပေးတဲ့ သတင်းရေးနည်း ရှစ်မျိုးကို မင်းကို နေ့စဉ်ပြောပြသွား မယ်။ အဲဒီ Journalistic Styles ဟာ မင်းအတွက် အရမ်း အသုံးဝင်မယ်လို့ ကိုယ်ယူဆ တယ်။ မနက်ဖြန်ကျရင် စပြီးလာပေးမယ် ဟန်နီ။ Good Day.
မင်းရဲ့ ဒါလင်”
ဟင်။
” ဒါ တစ်ယောက်ယောက်က နောက်လိုက်တာပဲ”
ဒေါသထွက်သွားမိသည်။
ဟန်နီတွေ၊ ဒါလင်တွေနဲ့ တင်တင်စီးစီး။ စော်ကားလိုက်တာ။
“ဘယ်သူနောက်တယ်လို့ထင်လဲ။ နောက်လို့ရတဲ့ အတိုင်းအတာအထိ သိကျွမ်းတဲ့ လူတစ်ယောက်မှ မရှိသေးဘူးနော်။ ဒါမှမဟုတ် နယူးဒေလီမှာ နင်နဲ့သိတဲ့ တစ်ယောက် ယောက်များရှိနေ သလား”
“အို မရှိပါဘူးဟာ၊ ရုတ်တရက် ငါ့ခေါင်းထဲပြေးမြင်တာက ဟိုမြန်မာကောင်၊ အပိုးမ ကျိုးတဲ့ ကောင်များလား”
“မဖြစ်နိုင်ဘူးထင်တယ်။ သူတို့အဖွဲ့နဲ့ ငါတောက်လျှောက်ရှိနေတာပဲ။ စာသင်တာ လည်းအတူတူ၊ ကားပေါ်မှာလည်းစကားတွေတောက်လျှောက်ပြောလာကြတာပဲ။ အဲဒီစာ ပေးတုန်းကတောင် သူ အနားမှာရှိသေးတယ်”
“ဟင်၊ ဟုတ်လား”
”နယူးဒေလီမှာ နင့်ရည်းစားရှိလား စာတွေဘာတွေ ပို့လို့ဆိုပြီး လှမ်းနောက်သေး တယ်။ စာအိတ်ပေါ်မှာ နင့်နာမည်ရေးထားတာကိုး”
စာကို ” Quynh” လက်ထဲထည့်ပေးလိုက်သည်။ Quynh က စာကို ဖတ်ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်သည်။ ဘယ်သူကများ နောက်လိုက်တာပါလဲ။ ဟိုချီမင်းမြို့က တစ်ယောက်ယောက်များ နယူးဒေလီကို ရောက်နေပြီး နောက်တာလား။ ဟင့်အင်း။ အတန်းထဲက အကြောင်းကိုတော့ သူမသိနိုင်။ ဒါဆို အတန်းထဲက တစ်ယောက်ယောက် ပေါ့။
“ငါ ထင်တာကတော့ ဟိုလာအို ကောင်များလား”
“ဘယ်သူလဲ”
“အရပ်အရှည်ကြီးလေ။ မျက်လုံးဝိုင်းဝိုင်းနဲ့၊ နင့်ကိုတစ်ချိန်လုံးကြည့်နေတာလေ။ နေ့လည်စာစားတော့ လာမိတ်ဆက်သေးတယ်မဟုတ်လား”
“အင်း၊ ငါသံသယဝင်တဲ့ နောက်တစ်ယောက်ရှိသေးတယ်။ မြန်မာထဲကပဲ ညီညီဆို လား ဘာလား၊ နာမည်တော့ သေချာမသိဘူး၊ သင်တန်းသားတွေထဲမှာတော့ အသားအညို ဆုံးပဲလေ။”
“ဖြစ်နိုင်ချေကို စဉ်းစားရင်တော့ အများကြီးပဲလေ။ မနက်ဖြန်ဘာဆက်ဖြစ်မလဲ စဉ်းစားတာနဲ့တင် အခုလုပ်ရမယ့် အလုပ်မလုပ်ဖြစ်ပဲနေဦးမယ်။ သူ ဘာဆက်လုပ်မလဲ ကြည့်ပြီးမှ စဉ်းစားကြတာပေါ့။ လောလော ဆယ်တော့ ရေချိုးထမင်းစားပြီး Happy Hour သွားကြတာပေါ့”
“Happy Hour?”
“ဟုတ်တယ်လေ၊ အခန်း (၇၀၇) ကို ငါတို့အတွက် Happy Hour Room ဆိုပြီး သတ်မှတ်ထားတယ်။ အဲဒီအခန်းက ခုနစ်နာရီကနေ ကိုးနာရီအထိ ဖွင့်ထားမယ်။ ငါတို့ အတန်းသားတွေ အချင်းချင်း စကားပြောဖို့ အမြင်ချင်းဖလှယ်ဖို့ သီးသန့်”
“ငါ မလိုက်တော့ဘူး။ အခန်းထဲမှာပဲ အင်တာနက်သုံးနေခဲ့မယ်”
“နင့်ရဲ့ လောလောလတ်လတ် ပဟေဠိ အဖြေကို ရှာဖွေနိုင်ဖို့ Happy Hour အခန်း က အကောင်းဆုံးလို့ ငါထင်တယ်”
အင်းလေ။ အတန်းထဲမှာလို မဟုတ်ဘဲ လွတ်လွတ်လပ်လပ်စကားပြောနိုင်မယ်ဆို တော့လည်း မဆိုးပါဘူး။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမြင်ချင်းဖလှယ်တာမျုုိးတွေ၊ ဆွေးနွေးတာ မျိုးတွေ တင််မကဘဲ တကယ့်သူငယ်ချင်းတွေလို ပေါင်းသင်းပြောဆိုနိုင်မှာပဲ။ အဲဒီ အခန်း ကိုသွားဖို့ သဘောတူလက်ခံလိုက် ပါသည်။
ညစာ ဆင်းစားတော့ အာဆီယံ ကျောင်းသားတွေ ဘယ်သူ့ကိုမှ မတွေ့ရ။ Hoa တို့နှစ်ယောက်တည်းဖြစ်နေသည်။ ဟင်းတွေကတော့ ပူပူနွေးနွေး၊ မဆာလာနံံ့ တသင်း သင်း။ Hoa တို့နဲ့ ပုံစံချင်း မတူ သောဟင်းလျာတွေချည်းဖြစ်သည်။ အာလူးဟင်း၊ ခေါက်ဆွဲ ကြော်နည်းနည်း၊ အရွက်ကြော်နည်းနည်းတို့ကို့ပဲ ယူစားဖြစ်ပါသည်။ ဒိန်ချဉ်နဲ့ ဆလတ် ရွက်တစ်ချို့ကိုတော့ ထမင်းစားပြီး အချိုတည်းဖို့ရွေးထားလိုက်၏။
“Quynh” ကတော့ အစားအစာ အဆန်းတွေကို ကြိုက်တတ်သူပီပီ ဟင်းလျာ အမျိုး ပေါင်းနှစ်ဆယ်လောက်ကို နည်းနည်းချင်းစီယူ ပန်းကန်ထဲပုံစားသည်။
စားပြီးသောက်ပြီးသွားတော့ အခန်း (အခန်း ၇၀၇) ဆီကိုပဲ တန်းလာခဲ့ကြသည်။ အခန်းတံခါးကိုဖွင့်လိုက်တော့ “၀ါး” ခနဲ အော်ပြီး သူမတို့ကို ကြိုဆိုကြပါသည်။ လူစုံ၊ တက် စုံ၊ နိုင်ငံစုံအပြင် သံရုံးက တာဝန်ရှိသူတွေတစ်ချို့ကိုပါ တွေ့ရသည်။
“ဖုန်းဆက်ခေါ်သေးတယ်၊ မကိုင်လို့”
“ဟုတ်တယ်၊ ထမင်းသွားစားတာ”
သံရုံးကတာဝန်ရှိသူတွေကို နှုတ်ဆက်လိုက်သည်။ ဒီမှာ သင်တန်းတက်နေတဲ့ ကာလတစ်လျှောက်လုံး လိုအပ်တာမှန်သမျှ ပြောဖို့မှာပြီး အားလုံးကို နှုတ်ဆက်ကာ ပြန် သွားကြသည်။
“Hoa….Cheer”
လာအိုကတစ်ယောက်။
သူမရဲ့ အအေးခွက်နဲ့ ချီးယားပြန်လုပ်လိုက်သည်။
“Everyone Cheer!”
ဟေးခနဲ အော်ကြကာ ကိုင်ထားသည့်ခွက်အသီးသီးကိုမော့လိုက်ကြသည်။ မိန်းက လေးတွေ အားလုံးလိုလိုရဲ့ လက်ထဲမှာ သစ်သီးဖျော်ရည်ခွက်တွေဖြစ်ပြီး၊ ယောက်ျားလေး တွေရဲ့ ခွက်ထဲမှာတော့ ၀ိုင်တစ်ချို့၊ နောက်ပြီး အိန္ဒိယ၏ နာမည်ကြီး ဘီယာ King Fisher ပုလင်းတွေဖြစ်သည်။ ဒီအခန်းလေးထဲ ရောက်တော့ အချင်းချင်း ပိုပြီး နွေးထွေးသွားသလို ခံစားလိုက်ရသည်။
“ကဲ…ကျွန်တော်တို့ရဲ့ နာမည်တွေကို အတန်းထဲမှာထက်ပိုပြီး နွေးနွေးထွေးထွေး ဖြစ်အောင် မိတ်ဆက်ကြရင်ကောင်းမယ်။ လူတွေနဲ့ နာမည်တွေကို ပိုမှတ်မိသွားအောင် ပေါ့… အိုကေ”
ဟေးခနဲ အော်ပြီး လက်ခုပ်တီးလိုက်ကြသည်။
အဲဒီနောက်တော့ တစ်ယောက်ချင်းစီ မိတ်ဆက်ကြပါသည်။ လူမျိုးချင်းမတူကြတာမို့ နာမည်ကို မှတ်မိဖို့လည်း မလွယ်ပါ။ သို့သော်လည်း နာမည်အတိုလေးတွေ၊ Nick Name တွေတော့ မှတ်သားထားကြသည်။ မြန်မာတွေ အလှည့်ရောက်တော့ တောင့်(ဒေါင့်) မကျိုးတဲ့အဲဒီ ကောင်လေးအရင် မိတ်ဆက်ပါသည်။ သူ့နာမည်အရင်းကိုတော့ Hoa အသံ ထွက်ပြီး မဖတ်တတ်ပါ။
“My nick name is Naung Naung”
သူ့နာမည်ပြောင်ကိုတော့ အလွယ်တကူပင်မှတ်မိသွားလေသည်။ Happy Hour တွင်တစ်ချိန်လုံး Hoa ကို ရေပက်မဝင်အောင် စကားလာပြောတာကတော့ လာအိုက ကောင်လေးဖြစ်လေသည်။ သူ့ နာမည်က အရမ်းရှည်တော့ ခဏလေးမှာပင်မေ့သွား ပါသည်။ ဒါပေမဲ့ သူ့နာမည်ပြောင်ကိုတော့ အလွယ်တကူပင် အလွတ်ရမိသည်။ ပေါက် (Pao) တဲ့။
“သင်တန်းသူတွေထဲမှာ မင်းအလှဆုံးပဲ Hoa”
Pao က အနားလာပြီးမြှောက်ပြောသည်။ မိတ်ဆက်ပြီးတဲ့အချိန်မို့ အားလုံးရောရော နှောနှောနဲ့ တစ်ခန်းလုံး ဆူနေ၏။
“ကျေးဇူး၊ ရှင်တို့ လာအိုက ကောင်မလေးတွေရော မြန်မာက ကောင်မလေးတွေ ရော လှတဲ့သူတွေချည်းပါပဲ။အားလုံးက ကျွန်မထက်ပိုပြီး လူမှုဆက်ဆံရေးလည်း ပိုကောင်း ပုံရတယ်”
“အိုး”
Pao ရဲ့ ကျောကုန်းကို တစ်ယောက်ယောက်က ဝင်တိုက်လိုက်တာကြောင့် သူကိုင် ထားတဲ့ ၀ိုင်ခွက်ထဲက ၀ိုင်တစ်ချို့ Hoa အကျင်္ ီပေါ်ဖိတ်ကျသွားသည်။
” ဆောရီး ”
ဟို မြန်မာကောင်။ သေချာတာပေါ့ ဒါတမင်လုပ်တာ။
” အိုး ဆောရီး”
Hoa အပေါ်ကိုလည်း ဖိတ်ကျသွားမှန်းလည်း မြင်ရော လက်ကာပြီး ခေါင်းငုံ့ကာ တောင်းပန်သည်။
” ရပါတယ်။ Pao ရှင့်ဝိုင််တွေ မှောက်ကုန်ပြီလား၊ ထပ်သွားယူလေ၊ ကျွန်မတို့ ချီးယားစ်လုပ်ကြတာပေါ့”
သူ့ကို ဂရုမစိုက်ဘဲ Pao ကိုပြောလိုက်သည်။
” အိုကေ၊ သွားယူလိုက်မယ်၊ ခဏလေး”
“ဆောရီးကွာ၊ ငါအမြင်ဝါးသွားလို့ Pao ၊ မင်းရော မျက်လုံးတွေ မှုန်နေသလိုပဲ Pao ၊ မျက်မှန်မေ့လာခဲ့တယ်မလား”
Hoa ကို မခံချင်အောင် စနေတာမို့ သည်းမခံနိုင်တော့။ ခပ်တည်တည််နဲ့ သူ့အနား ကိုသွားပြီး လက်မှာကိုင်ထားသည့် အချိုရည်ကို သူ့အကျင်္ ီဖြူလွလွပေါ်မှောက်ချပစ်လိုက် သည်။
“အိုး ဆောရီး နောင်နောင်”
လို့ ပြောပြီး ထွက်လာခဲ့သည်။ ဒေါပွကျန်ခဲ့မှာပေါ့။
x x x x x