(၁၂)
Happy hour အခန်းကို တစ်ခါတလေမှ ရောက်တတ်သော Hoa သည် ဒီနေ့ည တော့ စိတ်အားထက်သန်စွာရောက်လာခဲ့တာ ဘာကြောင့်လဲဆိုတာ ကျွန်တော်ကြိုသိနေ လေသည်။
အားလပ်ချိန် refresh time ဖြစ်တာကြောင့် အားလုံးပေါ့ပေါ့ပါးပါးပဲဝတ်ကြသည်။ မိန်းကလေး အများစုက စကတ်တို၊ အင်္ကျီပါးပါး၊ တချို့လက်ပြတ်ဝတ်ကြသလို ယောက်ျား လေးအများစုလည်း ဘောင်းဘီတို၊ တီရှပ်တွေပဲ အဝတ်များပါသည်။
“ငါသိတယ်နော်”
လို့ပြောတော့ ကျွန်တော့် ပခုံးကို ခပ်ဆတ်ဆတ်လေးရိုက်သည်။
သူမ ကံကောင်းပါသည်။
စာရင်းကျန်ခြောက်ယောက်အနက် အောင်မျိုးထွန်းနဲ့ လာအိုက တစ်ယောက်မှာ ရှော့ပင်နဲ့ တီရှပ်ကို ဝတ်ထားလေ၏။ သေသေချာချာကြည့်ခွင့်ရချိန်မို့ တစ်ချိန်လုံး သူမ စိုက်ကြည့်နေသည်။ ဟို နှစ်ယောက် ခမျာမှာတော့ သတိမထားမိရှာ။
“မြင်ရလား”
“သိပ်မြင်ရတာပေါ့”
စကားတွေပြော၊ က၊ ခုန် နေကြပေမယ့် သူမကတော့ အောင်နိုင်သူမျက်နှာပေးဖြင့် ပြုံး၍သာ ကြည့်နေလေသည်။
“နင် စုံထောက်လုပ်ပါလား Hoa”
“အင်း စဉ်းစားနေတာ…”
“နင် အမှုဖော်တာ အရမ်းမြန်နေသလိုပဲနော်၊ နောက်လူတွေကျရင် တစ်နေမှာစိုး ရတယ်”
“မပူပါနဲ့ သူငယ်ချင်းရယ်၊ နီးစပ်နေပါပြီ ဟောဒီမှာ စာအမှတ် (၆) ကို ဖတ်ကြည့် လိုက်ပါဦး”
စာရွက်ခေါက်လေးကို လှမ်းပေးပါသည်။
စာအမှတ်(၆)
သို့/
ဟန်နီ
Reporting styles ခြောက်မျိုးပြီးပြီ။
ဒီတစ်ခါ Opinion-Lead style ကိုသွားရအောင်။ သူက နှစ်မျိုးရှိတယ်။ ပထမ တစ်မျိုးက ‘Comment’ တဲ့။ အဓိပ္ပာယ်က ဒီလို။
Strong Opinion-Lead article, which is published with this heading or hint, that give the author the opportunity to give his opinion.
ဒါလင်
“ဒီတစ်ခါဘာထူးခြားလဲဆိုတော့ စာကအရမ်းတိုနေတယ်။ သူ့ရဲ့ Opinion လေး တောင်မပေးလိုက်ဘူး၊ Message ပေးရုံသက်သက်ပဲ”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်လေ၊ ဟိုတစ်ခါစာမှာကတည်းက ရေးထားတာပဲ။ နင့်ကို Message ပေးရုံသက်သက်ပဲ၊ ကျန်တာ အင်တာနက်အကိုးအကားနဲ့ ကိုယ့်ဘာသာရှာရမှာဆို”
“သူ့ Comment လေးတော့ ဖတ်ချင်သေးတာပေါ့”
“ဖြစ်ရမယ်”
“ခေါင်းစဉ်တွေချည်းပဲ ပေးလိုက်ပါလား။ အဲဒါဆို တိုတိုပြတ်ပြတ်စာကို ဘယ်သူက စိတ်ဝင်စားမှာလဲ၊ သူပေးတဲ့ စာတွေက ငါ့အတွက် တကယ်ကို အသုံးဝင်ပါတယ်။ အဲဒီ Source တွေနဲ့ ပတ်သက်ဆက်စပ်ပြီး အင်တာနက်မှာ ရှာဖွေလိုက်ရင် စာတမ်းကောင်း တစ်ခုတော့ ဖြစ်မယ်။ ဒါပေမဲ့ နဂို ရှင်းလင်းချက်တစ်လုံးလေးတောင် မပေးတာကိုတော့ သိပ်ဘဝင်မကျလှဘူး”
“Hoa”
သူမကျွန်တော့်ကို ကြည့်သည်။
“နင် သူ့ကို စိတ်ဝင်စားနေပြီ”
“ဘယ်လို”
“ဘယ်သူမှန်းလဲ မသိတဲ့လူတစ်ယောက်ကို နင် သံယောဇဉ်ထားနေပြီ”
“ဖြစ်နိုင်ပါတယ်။ သူက ငါ့ကျေးဇူးရှင်လေ၊ စေတနာသက်သက်နဲ့ ငါ့ကိုကူညီနေတာ၊ မေတ္တာသက်သက်ပေးနေတာ။ ဘာမှ ပြန်မလိုချင်ဘူး။ အဲဒီအတွက် ရောင်ပြန်ဟပ်တာနေ မှာ။ ဘယ်သူမှန်းလဲ မသိဘူးဆိုတာတော့ မဟုတ်ဘူးနောင်နောင်၊ သူဘယ်သူလဲဆိုတာ ငါကြိုသိနေသလိုပဲ။ နင့်ကိုပြောဖူး တယ် Will Power လေ”
“တကယ်လား၊ ဘယ်သူလဲ”
“မသေချာလို့ မပြောချင်သေးဘူး”
“နေဦး… ဘယ်နှစ်ယောက်ကျန်သေးလဲ၊ မြန်မာကတော့ လူကုန်ပြီ၊ အင်း… လာအို က တစ်ယောက်၊ ကမ္ဘောဒီးယားက သုံးယောက်… လေးယောက်ပဲကျန်တော့တယ်”
“မဟုတ်ဘူး၊ နှစ်ယောက်”
“ဟင်”
“လာအိုက ဟင်နရီ၊ ကမ္ဘောဒီးယားက Va”
“ကျန်တဲ့ နှစ်ယောက်ကရော”
“ငါ ဒီနေ့ သင်တန်းကအပြန် အခန်းထဲ ခဏနားပြီး ရေကူးကန်ဖက်သွားခဲ့တယ်။ GYM ကိုလည်း သွားခဲ့တယ်။ ရေကူးကန်မှာ ပယ်မဲတစ်မဲနဲ့ GYM မှာ ပယ်မဲတစ်မဲတွေ့ တယ်လေ”
“ဟင်…ဒါဆို”
“အင်း…ဟုတ်တယ် မနက်ဖြန်ဆို အဖြေပေါ်ပြီ”
“ကွန်ဂရက်ကျူလေးရှင်း”
ကျွန်တော် သူမကို လက်ဆွဲ နှုတ်ဆက်လိုက်ပါသည်။ ခေသူတစ်ယောက်တော့ မဟုတ်ပါ။ မနက်ဖြန် သူမ ဘာဆက်လုပ်မလဲ။ အဖြေမှန်သိရင် ဘာပြောမလဲ။ Hoa … မင်း ဒီစာရေးတဲ့သူကို၊ မင်းကို သင်ခန်းစာတွေ ပို့နေတဲ့တစ်ယောက်ကို တကယ်ပဲ သံယောဇဉ်ရှိ နေပြီလား။ Hoa ရယ်…။
“အား”
ရုတ်တရက် အော်သံကြောင့် ကျွန်တော်အတွေးလွင့်စင်ကုန်သည်။
“ဘာဖြစ်တာလဲ”
ကျွန်တော်နဲ့ Hoa တို့ အော်သံလာရာ ဖက်ဆီကို အပြေးရောက်သွား၏။ ကမ္ဘောဒီး ယားက ကောင်မလေးရဲ့ အော်သံဖြစ်သည်။
“ဒီ အခန်းထဲမှာ သရဲရှိတယ်”
“ဟင်… ဘယ်မှာလဲ”
အားလုံးလန့်ဖျပ်ကုန်သည်။
“ဟိုမှာ… ကင်မရာထဲမှာ၊ tom (တွမ်) ရဲ့ ကင်မရာထဲမှာ ကြည့်ကြည့်လိုက်”
Tom ရိုက်ထားသော ကင်မရာထဲက ဓာတ်ပုံကို အားလုံးဝိုင်းကြည့်လိုက်ကြသည်။ ကောင်မလေးထိုင်နေသည့်ပုံကို ရိုက်လိုက်ခြင်းသာ။ ဒါပေမဲ့ ဘေးမှာ အရိပ်တစ်ခု။ ထင် ထင်ရှားရှား အရိပ်ဖြစ်သည်။ အင်္ကျီအဖြူ၊ အင်္ကျီဆိုတာထက် ဂါဝန်ရှည် အဖြူရောင်ဆိုပိုမှန် သည်။ ဆံပင်ကို မျက်နှာတစ်ခြမ်းဖုံးပြီး ဖားလျားချထားသည်။ ကျန်မျက်နှာတစ်ခြမ်းကို တော့ သေသေချာချာမြင်ရ သည်။ အိန္ဒိယသူ ပုံစံဖြစ်သည်။ ဟုတ်တယ်… အိန္ဒိယသူအစစ် ပါပဲ။
“အား… ဟုတ်တယ်ဟ”
သူရက မြန်မာလို ထအော်တော့ ပိုပြီးအလန့်တကြားဖြစ်ကုန်သည်။
“နေဦး… ငါမယုံဘူး၊ ရိုက်ကြည့်မယ်… Pao အဲဒီအနားခဏရပ်”
ကောင်မလေးထိုင်သွားသော နေရာနား Pao မတ်တပ်ရပ်လိုက်၏။
Tom က ဖျက်ခနဲ ဓာတ်ပုံရိုက်လိုက်ကာ အဲဒီဓာတ်ပုံကို ပြန်ကြည့်သည်။
“အား… သေချာပြီ… သရဲ… သရဲ”
Pao နဲ့အတူ သရဲမကို တွဲရက်တွေ့ရသည်။
“ထပ်ရိုက်ကြည့်မယ်”
နောက်တစ်ခေါက်ထပ်ရိုက်တော့လည်း အဲဒီ ဂါဝန်ရှည် သရဲမကိုတွေ့ရပြန်သည်။ ဒီတစ်ခါ အော်သူမှာ ကျွန်တော်တို့ကို ဝန်ဆောင်မှုပေးနေသော ဟိုတယ်ဝန်ထမ်းလေးဖြစ် သည်။
“Sir မဖြစ်ဘူး၊ မန်နေဂျာကို အကြောင်းကြားရမယ်”
“နေဦး၊ မကြားနဲ့ဦး”
Tom က လှမ်းတားလိုက်သည်။
“မနက်ကျမှ ကျွန်တော်ပြောလိုက်မယ်။ ဒီညတော့ မိုးချုပ်နေပြီ၊ ဒုက္ခမပေးချင်တော့ ဘူး။ မင်းလည်း ဘယ်သူ့ကိုမှ မပြောပါနဲ့။ ဟုတ်ပြီလား၊ ဒီ ညတော့ Happy Hour ကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်…”
“ဟုတ်တယ်၊ သိမ်းလိုက်ကြမယ်၊ မနေရဲတော့ဘူး”
အလျှိုလျှို ကိုယ့်အခန်းကို ပြန်လိုက်ကြသည်။
ဟိုတယ်ဝန်ထမ်းလေးကို စောင့်ပြီး တံခါးပိတ်ပေးခဲ့ကြ၏။ အချိန်က ဒေသစံတော် ချိန် ည ကိုးနာရီရှိပြီ ဖြစ်သည်။
x x x x x