(၁၇)
ကိုယ်နဲ့ဘာသာစကားချင်းမတူ၊ နေတဲ့နိုင်ငံချင်းမတူတဲ့ အမျိုးသမီးငယ်ကလေးနဲ့ ချစ်သူဖြစ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။ ကျွန်တော့်နည်းတူ သူမကလည်း စိတ်ကူးဖူး လိမ့်မည်မဟုတ်။ သို့သော်လည်း ကျွန်တော် Hoa ကို တကယ်ပင် မြတ်နိုးလှပါသည်။
“ခဏတွေ့ပြီးရင် ခွဲခွာကြရမှာပဲ။ ရန်ကုန်ပြန်ရောက်တော့လည်း မေ့သွားမှာပေါ့”
စံပယ်တို့ သူဇာတို့က အဲဒီလိုမှတ်ချက်ပေးသည်။ ဟင့်အင်း။ မဟုတ်ပါ။
“ငါတို့ အပျော်ချစ်ကြတာမဟုတ်ဘူးဟ၊ တစ်သက်လုံးစာအတွက်၊ Hoa ကို ငါ့တစ် ဘဝလုံးစာအတွက် ရည်ရွယ်ထားတယ်”
“ခဏလေးနဲ့လေ”
“အချစ်မှာ ခဏဆိုတာ မရှိပါဘူးဟာ၊ အချိန်တိုအတွင်း ခိုင်မြဲနိုင်ပါတယ်။ သူနဲ့ငါ တစ်ယောက်ကိုတစ်ယောက် တော်တော်လေ့လာပြီးကြပါပြီ”
ကျွန်တော့်လိုရာ ဆွဲပြောတယ်ပဲဆိုဆို။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဆယ်စုနှစ်တစ်ခုပမာ ခေါင်းထဲမှတ်ထားလေသည်။ ဟုတ်တယ်… ။ Hoa နဲ့ ကျွန်တော်တို့ရဲ့ ချစ်သူသက်တမ်းဟာ ရက်ပိုင်းမဟုတ်။ နှစ်ချို့နေပြီ။ ရှေးရေစက်လည်းပါလာတာကြောင့် အခုလို ချစ်သူတွေဖြစ်ရတာ။ သင်တန်းပြီးမယ့် ရက်တွေနီးလေလေ ခွဲခွာရမှာကို တွေးမိပြီး တစ်ယောက်ကိုတစ်ယောက် မတွေ့မမြင်ဘဲ မနေနိုင်လေဖြစ်လေသည်။
သင်တန်းသွား၊ လေ့ကျင့်ခန်းအတူတူလုပ်တာတင်မဟုတ်တော့ သူ့အကြောင်း၊ ကိုယ့်အကြောင်းတွေကို အသေးစိတ်ဆွေးနွေးတတ်ခဲ့ပြီဖြစ်သည်။
“သတင်းထောက်လစာနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးပြီး အမြဲတွေ့ဖို့ဆိုတာမလွယ်ပါ ဘူး၊ ကိုယ်တို့ ကိုယ့်နိုင်ငံကိုရောက်ပြီး လူချင်းပြန်တွေ့ဖို့ ဘယ်လိုကြိုးစားကြမလဲ Hoa”
“Facebook”
“ဟင်”
“ဟုတ်တယ်လေ၊ Facebook မှာ ၂၄ နာရီတွေ့နိုင်တာပဲလေ။ ဒီကြားထဲ ပိုက်ဆံ စုပြီးရင် လေယာဉ်စီးပြီး လူချင်းလာတွေ့ပေါ့”
“လက်ထပ်ဖို့ရော”
“အို… ဂျစ်ကန်ကန် မြန်မာကောင်လေးတစ်ယောက်ကို လက်ထပ်ဖို့ စိတ်ကူးမရှိပါ ဘူး”
ကျွန်တော်… သူမ ပါးလေးကို လိမ်ဆွဲလိုက်သည်။
“တကယ်လား”
“အင်းပေါ့”
“ဒါဆိုလည်း ဒီကအပြန် ဟိုချီမင်းစီးတီးကို ပြန်မလွှတ်တော့ဘူး၊ ရန်ကုန်ကိုတစ်ပါ တည်းရအောင်ခေါ်သွားတော့မယ်”
ကျွန်တော်တို့ နှစ်ယောက်ရဲ့ အနာဂတ်။ ဟုတ်တယ်။ ဖြောင့်ဖြောင့်တန်းတန်းဖြစ် ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။ အဲဒီအတွက် လေးလေးနက်နက် စဉ်းစားရမှာဖြစ် သည်။ ဒါတွေကို ကြိုတွေးနေရင် စိတ်ရှုပ်တာပဲရှိမယ်လို့ သူမကပြောပြီး ဆက်မတွေးဖို့ တားပါသည်။
ကျွန်တော်တို့ ချစ်သူဖြစ်တဲ့ အထိမ်းအမှတ်နဲ့ Sector 6 စျေးကနေ ဖန်စီလက်စွပ် လေး နှစ်ကွင်းဝယ်ပြီး ကိုယ်စီဝတ်ထားကြပါသည်။ သူမနဲ့ ကျွန်တော်တွေ့တဲ့ မနက်ခင်း တိုင်း သူမက ကျွန်တော့်ကို မင်္ဂလာပါလို့ မြန်မာလိုနှုတ်ဆက်တတ်ပြီး ကျွန်တော်ကသူမကို Xin Chao (ဆင်းချောင်း) လို့ ဗီယက်နမ်လို ပြန်လည်နှုတ်ဆက်တတ်ခဲ့ပြီ။ training အသွား သူမရဲ့ MP3 ထဲက ဗီယက်နမ်သီချင်းတွေကို သူမနှစ်ခြိုက်စွာ နားထောင်သလို ကျွန်တော်လည်း နားထောင်တတ်ပြီ။ ထို့အတူ ကျွန်တော့် MP3 ထဲက မြန်မာသီချင်းတွေ ကိုလည်း သူမကြိုက်တတ်ခဲ့ပြီဖြစ်သည်။
သူမကို နေ့တိုင်းဖွင့်ပြရသော သီချင်းတစ်ပုဒ်ရှိပါသည်။
ဟန်ထွန်းရဲ့ “အရင်ကဇာတ်လမ်း” သီချင်း၊ သီချင်းစာသား အဓိပ္ပာယ်ကို Hoa နားမလည်ပါ။ ဒါပေမဲ့ သံစဉ်ကိုတော့ Hoa အရမ်းနှစ်သက်လေသည်။ သီချင်းရဲ့ အဓိပ္ပာယ် ကို ကျွန်တော်က ဘာသာပြန်ပြရလေသည်။
“စွန့်လွှတ်တဲ့ အချစ်နဲ့ချစ်တဲ့ ကောင်လေးတစ်ယောက်ကဆိုထားတာပေါ့။ သီချင်း ခေါင်းစဉ်က အရင်ကဇာတ်လမ်းတဲ့။ ကောင်မလေးကို သူ့ဘဝထဲ မခေါ်လာရက်လို့ မင်း ဘဝထဲ မင်းနေပါဆိုပြီး နှစ်သိမ့်တာပေါ့”
အဆိုတော် ဟန်ထွန်းရဲ့ ရှတတအသံနဲ့ အဲဒီသီချင်း အလွန်လိုက်ဖက်လှပါသည်။ “လမ်းဆုံ” အခွေက ထွက်တာကြာလှပြီဆိုပေမယ့် “အရင်ကဇာတ်လမ်း” သီချင်းက ဘယ် အချိန်နားထောင် နားထောင်မရိုးတာမို့ ကျွန်တော်အကြိုက်ဆုံး လက်ရွေးစင်သီချင်းများ အဖြစ် တစ်ပုဒ်အပါအဝင် စုစည်းထားဖြစ်သည်။ ပြီးတော့ အဲဒီ သီချင်းက ကိုယ်ပိုင်သံစဉ် သီချင်းလို့လည်း ကျွန်တော်သိထားပါသည်။ မြန်မာသီချင်း အများစုက ကော်ပီဆိုပေမယ့် ဒီသီချင်းက ကိုယ်ပိုင်သံစဉ်ဖြစ်ကြောင်း ဂျာနယ်တစ်ခုမှာ ဖတ်ဖူးတာမို့ သူမကို ရဲရဲကြီး ဖွင့်ပြရဲလေသည်။
“အဓိပ္ပာယ် မသိပေမယ့် အရမ်းနားထောင်လို့ ကောင်းတာပဲ” လို့ ကနဦးဝေဖန်ပါ သည်။ သီချင်းစာသားတစ်ကြောင်းချင်းကို အသေးစိတ်ဘာသာပြန်ပြချိန်မှာတော့ အလွမ်း သီချင်းမို့ သိပ်ဘဝင်မကျပါတဲ့လေ။
“ကိုယ်ချစ်တဲ့သူကို ဘာလို့ စွန့်လွှတ်ချင်ရတာလဲ”
“ဟိုတုန်းက နမ်းခဲ့ဖူးတဲ့ အနမ်းလေးတွေက၊ အခုတော့ တိမ်များလို လေထဲလွင့်ပါ သွား” စာသားကိုတော့ သူမ လက်မခံနိုင်ဘူးတဲ့လေ။
“အမှတ်တရအနမ်းတွေက ဘယ်လိုလုပ်ပျောက်ကွယ်နိုင်မှာလဲနော်။ ချစ်ရက်နဲ့ ဇာတ်လမ်းကို မေ့ခိုင်းတာက ကောင်လေး မတရားဘူးလို့ ထင်တယ်”
“သီချင်းကို သီချင်းအဖြစ်နဲ့ပဲ နားထောင်ပါကွာ”
ကျွန်တော်နဲ့ Hoa တို့ရဲ့ ချစ်ခြင်းဟာလည်း “အရင်ကဇာတ်လမ်း” အဖြစ် မှတ် ကျောက်မတင်နိုင်ပါ။ ကျွန်တော်သည် Hoa ကို ရယူပိုင်ဆိုင်လိုစိတ်နဲ့ မြတ်နိုးတာဖြစ်ပါ သည်။
အနေတွေကြာလာသည်နှင့်အမျှ ကျွန်တော်တို့အားလုံး နယူးဒေလီနဲ့ အသားကျ သည်ထက်ကျလာသည်။ ပျော်သည်ထက် ပျော်လာသည်။ အစားအသောက်တွေဟာ လည်း ခံတွင်းတွေ့သည်ထက် တွေ့လာသည်။ မြင်မြင်သမျှ အရာအားလုံး လှပလို့နေလေ သည်။
“Hoa”
“ဟင်”
“စာထဲမှာ မင်းကို ကိုယ်ဘယ်လိုခေါ်လဲ မှတ်မိလား”
“ဟန်နီ လေ”
“အင်း… အခုရော အဲ့လို ခေါ်လို့ရလား”
“မရပါဘူး”
“ခေါ်မှာပဲ။ မင်းလည်း ကိုယ့်ကို အခေါ်အဝေါ်ပြောင်းခေါ်ရမယ်။ ကိုယ်တို့ မြန်မာ လူမျိုးတွေမှာဆိုရင် မိန်းကလေးက သူ့ချစ်သူကို “ကို” ဒါမှမဟုတ် “မောင်” ဆိုပြီး ချစ်စနိုး နဲ့ခေါ်ကြတယ်။ အဲဒါ အရမ်းချစ်တဲ့ အထိမ်းအမှတ်နဲ့ပေါ့၊ ခေါ်ကြည့်ပါဦး.. ကို..”
“ကို”
သူမ သံယောင်လိုက်ပြသည်။
“နောက်တစ်မျိုး… မောင်”
“မှောင်”
ကျွန်တော် ဟက်ဟက်ပက်ပက်ရယ်မိသည်။ သူမရဲ့ “မောင်”လို့ခေါ်သံက ဟထိုး သံပါပြီး “မှောင်” ဖြစ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် မပီတပီ အသံလေးက ချစ်စရာကောင်း လှပါသည်။ “မောင်” လို့ ခေါ်ဖို့ နှုတ်ကျိုးအောင် သင်ပေးရမည်။
IIMC ကိုအသွား လေးနိုင်ငံဘာသာစကား ဖလှယ်ကြတာမို့ အခုဆိုရင် တစ်နိုင်ငံ ရဲ့ဘာသာစကားကို အခြားနိုင်ငံတွေက ထမင်းစားရေသောက်လောက် အကြမ်းဖျင်းသိနေ ပြီ။ အိန္ဒိယမှာ မင်္ဂလာပါ ကို Namaste (နမစတေ) လို့ပြောသလို။ လာအိုမှာဆို Sa bye dee (ဆဘိုင်ဒီး)၊ ကမ္ဘောဒီးယားမှာဆို So sa day (ဆိုဆဒေး)၊ ဗီယက်နမ်မှာဆို Xin Chao (ဆင်းချောင်း) လို့ဆိုသည်။
Happy Hour မှာ တစ်ခါတစ်လေရောက်လာတတ်တဲ့ ပရော်ဖက်ဆာကြီးဆီမှာ အိန္ဒိယဘာသာစကားကို သင်ကြသည်။ ဟေးလားဝါးလား ပျော်ရွှင်မှုမဟုတ်ဘဲ စိတ်ချမ်း မြေ့ဖွယ်ပျော်ရွှင်မှုများနဲ့ ကျွန်တော်တို့ရဲ့ training ကို တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းခဲ့ ကြ၏။
“မောင်”
Hoa ကျွန်တော့်ကို “မောင်” လို့ ခေါ်တတ်ခဲ့ပြီ။ အတန်းပြီးလို့ ဟိုတယ်ကိုပြန်ရောက် ရေမိုးချိုးပြီးတာနဲ့ ထမင်းမစားခင်မှာ Hoa နဲ့ ကျွန်တော်တို့ လမ်းလျှောက်ဖြစ်ကြသည်။ တစ်ခါတစ်ရံ တုတ်တုတ်ကို ရူပီး ၁၅၀ နဲ့ ငှားပြီး စျေးသွားဝယ်ကြသည်။
နယူးဒေလီ၏ နေ့လည်သည် ကျွန်တော်ခံစားဖူးသမျှထဲတွင် အပူဆုံးဆိုပေမယ့် ညနေခင်းတွေမှာတော့ လေညှင်းလေးတွေတိုက်တာကြောင့်အေးမြလို့နေပါသည်။ မှောင်ရီ ပျိုးစလမ်းတွေကို ရှင်းရှင်းလင်းလင်းလည်း မြင်ရတဲ့ ညနေစောင်းမှာ မီးရောင်စုံ ထိန်ထိန် လင်းလို့ ထွန်းညှိခါစ အချိန်က အင်မတန်သာယာလှပလို့နေ၏။
“မင်း သူ့ကို တကယ်လက်ထပ်မှာလား နောင်နောင်”
Hoa အကြောင်းမှန်သမျှကို ညီညီနဲ့ တိုင်ပင်ဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက် ချစ်သူဖြစ်သွားတာ။ စာပဟေဠိ အကြောင်းစုံတွေ အားလုံးကို ညီညီသိပြီးတဲ့နောက်မှာ တော့ အံ့သြလို့မဆုံးအောင်ပင်။ ကျွန်တော် ညီညီ့ကို လျှိုထားတာ မဟုတ်ပေမယ့် အရာ အားလုံးဟာမတိုင်ပင်ဘဲ လုပ်မိသွားခဲ့သည်။ ဒါတွေကို သူနားလည်ရှာပါသည်။
“အင်း၊ ငါ Hoa ကို လက်ထပ်ဖို့ အထိရည်ရွယ်ထားတယ်”
“မင်း ဘက်စုံထောင့်စုံက သေချာ စဉ်းစားပြီးပြီလား”
“လေးလေးနက်နက် မစဉ်းစားရသေးဘူး၊ အဲဒါကိုတွေးရင် အခက်အခဲတွေ ဘယ် လောက်များမယ်ဆိုတာကို ရင်မဆိုင်ရဲလို့”
“မလွယ်ဘူးနော် နောင်နောင်၊ နောက်ပြီးတော့ ငါသံသယ ဖြစ်နေတာရှိတယ်။ မင်း Hoa ကို တဒင်္ဂစိတ်ကစားတာများလား၊ အခုချိန်မှာ မင်းကိုယ်မင်း မသိနိုင်သေးဘူး သူငယ်ချင်း၊ ရန်ကုန်ရောက်တော့မှ…”
“သေချာတာကတော့ ငါတို့ရေစက်က ထူးခြားတယ် ညီညီ၊ သူဟာ ငါနဲ့လူမျိုးတူ၊ ဘာသာ စကားတူတဲ့ ကောင်မလေး တစ်ယောက်မဟုတ်ဘူး၊ သူနဲ့ ချစ်သူဖြစ်ဖို့ဆိုတာ စိတ် ကစားတာမဖြစ်နိုင်ဘူး”
အခုချိန်မှာ ကျွန်တော် အချစ်စိတ်မွှန်နေသည်တဲ့။
ဖြစ်နိုင်ပါသည်။ ဒါပေမဲ့ Hoa ကို ချစ်တဲ့ ကျွန်တော့် အချစ်ဟာ တဒင်္ဂစိတ်ကစားတာတော့ လုံးဝမဟုတ်။ အဲဒါ သေချာသည်။
“ခက်ခက်ခဲခဲ ချစ်သူတစ်ယောက်ဖြစ်တဲ့အတွက် Hoa ကို ငါတော်ရုံနဲ့ စွန့်လွှတ်မှာ မဟုတ်သလို Hoa ကလည်း ငါ့ကိုတစ်ဘဝလုံးစာအတွက် ရည်ရွယ်တယ်ဆိုတာ ငါသိ တယ်”
ညီညီ ကျွန်တော့်ကို ကရုဏာ သက်စွာကြည့်ပါသည်။
x x x x x