(၁၈)
“အိန္ဒိယ ရုပ်ရှင်ကို နှစ်သက်သူ ဘယ်နှစ်ယောက်ရှိသလဲ”
ပရော်ဖက််ဆာကြီးရဲ့ အမေးကို ဖြေဖို့လက်ထောင်လိုက်သူမှာ တစ်တန်းလုံးမှာ ကျွန်တော်တစ်ယောက်တည်းရှိပါသည်။ အိန္ဒိယရုပ်ရှင်အကြောင်း တစ်စေ့တစ်စောင်း လေ့လာဖို့အတွက် ကျွမ်းကျင်ပညာရှင်တစ်ဦးလည်း ပရော်ဖက်ဆာကြီး အနားမှာရှိနေလေ သည်။
“အိုး… အများကြီးပါလား”
ရယ်လိုက်ကြသည်။
“ဘာကြောင့်လဲ”
“ဘောလိဝုဒ် ဇာတ်ကားအများစုမှာ ဦးတည်ချက်၊ ပရိတ်သက်ကို ပေးချင်တဲ့ Message တွေ ထိထိရောက်ရောက်ရှိတယ်လို့ ခံစားရတယ်။ သဘောအကျဆုံး အချက်က တော့ သီချင်းဆိုပြီး ညီညီ ညာညာ ကတာပဲ”
“အဲ… ရူးနေလား Are you Crazy? ငါ အမုန်းဆုံးက အဲဒီ ကခုန်ပျော်မြူးတာပဲ၊ အိန္ဒိယဇာတ်ကားတိုင်းမှာ ကတာပါတယ်။ ပျော်ရင်လည်းကတယ် ၊ ဝမ်းနည်းရင်လည်းက တာပဲ”
သူမက ကျွန်တော့် နားကပ်ပြောသည်။
“I Like it so much honey”
သူမ ဘာမှဆက်မပြောတော့။
“Right … အိန္ဒိယဇာတ်ကားတွေမှာ ဘာလို့အဲဒီလို ကတာတွေ ပါတတ်တာလဲ သိလား”
အဲဒီလို အကဟာ ရိုးရာဇာတ်ပွဲတွေကနေ ရုပ်ရှင်တွေအထိ ဆင်းသက်လာတာဖြစ် ကြောင်း၊ ရိုးရာအမွေအနှစ် ထိန်းသိမ်းတဲ့သဘောအဖြစ် ဇာတ်ကားတွေမှာ ထည့်သွင်း တတ်တာကို မြင်တွေ့ရမှာဖြစ်ကြောင်း ဆရာက ရှင်းပြပါသည်။
အိန္ဒိယဇာတ်ကားတွေမှာ သူတို့ရဲ့ ရိုးရာဓလေ့၊ ရိုးရာဝတ်စုံတွေ ဝတ်ဆင်တာကို ဇာတ်ကားတိုင်းလိုလိုတွေ့ရသည်။ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုအဖြစ် ကျွန်တော် ကျေနပ်သဘောကျခြင်းပင်။
ကမ္ဘာပေါ်မှာ ဟောလိဝုဒ်နဲ့အပြိုင် ဘောလိဝုဒ် ဇာတ်ကားတွေ အဆင့်အတန်းမြင့်သ ထက် မြင့်လာကြပြီလေ။
“ရန်ကုန်မှာဆို တစ်ပတ်ကို တစ်ခွေလောက်တော့ ဝယ်ကြည့်ဖြစ်တယ်”
“မင်းသမီးတွေ တင်ပါးလှုပ်ပြီး ကတာကို ကြိုက်လို့လား”
“အင်း ဟုတ်တယ်”
“သွား… ငါ့အနားမကပ်နဲ့တော့”
သူမ အနားချထားသော ကျွန်တော့်စာအုပ်၊ ဘောပင်တွေကို တွန်းထုတ်ပြီး ကျွန်တော့် ရင်ဘက်ကို ဖွဖွဆောင့်တွန်းပါသည်။ သူမ စိတ်ကောက်ပြီး နှုတ်ခမ်းစူတဲ့ ပုံဟာ အင်မတန်လှပါသည်။
“အဲ … သဝန်တိုတယ်ပေါ့၊ သတင်းထောက်လုပ်နေပြီး အဲဒီလောက်တောင် သဘောထားသေးသိမ်ရလား၊ အရာရာတိုင်းကို မျှမျှတတတွေးတတ်ရမယ်လေ”
“သဘောထားသေးသိမ်တာမဟုတ်ဘူး၊ သဘောထားကြီးပေးတာလေ၊ မြန်မာနိုင်ငံ ကို ပြန်မနေနဲ့တော့ အိန္ဒိယမှာပဲ နေခဲ့ပါတော့လား၊ ဒေလီမှာ အကသင်တန်းတွေရှိတယ်။ တက်လို့ရတာပေါ့”
နယူးဒေလီနေရာတစ်ချို့တွင် အကသင်တန်းကျောင်းများကိုတွေ့ရပါသည်။ ဇာတ် ကားတွေမှာ အဖွဲ့လိုက်ကပြတဲ့ အကသင်တန်းကျောင်းတွေထင်ပါရဲ့။ မြန်မာနိုင်ငံမှာတော့ ယူရေနီယံ၊ Life & Dance ၊ ခေမီကိုတို့လိုပေါ့။
“တက်ချင်တာပေါ့၊ ဒါပေမဲ့ ရုပ်ရှင်မြို့တော် မွန်ဘိုင်းကို ရောက်နေတာမဟုတ်ဘဲ အစိုးရရုံးစိုက်ရာ နယူးဒေလီမြို့တော်ကိုရောက်နေတာကြောင့် မနေဖြစ်တာ။ မွန်ဘိုင်းမှာဆို နေခဲ့ဖြစ်မယ်ထင်တယ်”
“မောင် နော်”
မြန်မာမလေးတစ်ယောက်လို စိတ်ကောက်ကာ ကျွန်တော့်ဗိုက်ကိုလိမ်ဆွဲပါသည်။ အတန်းဖော်တွေ သတိမထားမိအောင် တိုးတိုးလေးအော်ရ၏။
အဲဒီနေ့ကအတန်းထဲမှာပင် ပရိုဂျက်တာထိုး၍ ရုပ်ရှင်ကားတစ်ကားကြည့်ခွင့်ရခဲ့ပါ သည်။ ဇာတ်ကားဟောင်းဆိုပေမယ့် ကျွန်တော်တို့ တွေမကြည့်ဖူးသော ကားတစ်ကား ဖြစ်နေသည်။
ဇာတ်ကားနာမည်က “Chemeli” တဲ့။ နာမည်ကြီး မင်းသမီး ကရီနာကပူး အဓိက သရုပ်ဆောင်ထားသောဇာတ်ကားဖြစ်သည်။ Chemeli အမည်ရ ပြည့်တန်ဆာမလေး တစ်ဦးရဲ့ ဖြတ်သန်းရတဲ့ ညတစ်ညကို ရိုက်ပြထားတာဖြစ်သည်။ တစ်ညတည်းနဲ့ ဇာတ် ကားတစ်ကားပြီးသွားသည်။ တစ်ခြားထွေထွေထူးထူး ဇာတ်ဝင်ခန်းတွေ မပါပေမယ့် ည တစ်ည အဖြစ်အပျက်ကို စိတ်ဝင်စားအောင်၊ ရိုးအီမသွားအောင် ရိုက်ထားတာဖြစ်သည်။
Chemeli ကျက်စားရာနေရာအတွင်းမှာ ကားပျက်ပြီးလမ်းလည်ရောက်ရှိလာသော သူဌေးသားတစ်ဦး။ ညအတွက် တွက်ခြေမကိုက်သေး၍ အဲဒီ သူဌေးသားကို Chemili က ဆွဲဆောင်ပုံ၊ သူမရဲ့ ညတွင်းချင်းဖြစ်ပေါ်လာသော အိမ်တွင်းရေး ပြဿနာပေါင်းများစွာ၊ သူဌေးလေးက မနေနိုင်လို့ လိုက်လံကူညီဖြေရှင်းပေးပုံ.. စသဖြင့် ညတစ်ည၏ အဖြစ်အ ပျက်အား ရုန်းကန်နေရသည့် ပြည့်တန်ဆာမလေး၏ ဒုက္ခကို ရင်မောဖွယ်ရာကြည့်ရသည်။
သူဌေးလေးက သူ့ကိုလိင်ကိစ္စလာရောက် ဆွဲဆောင်သည့် ပြည့်တန်ဆာမလေး Chemeli ကို သနားလို့ဆိုပြီး ပိုက်ဆံတွေ ထုတ်ပေးတဲ့အခန်းမှာ Chemeli ပြန်ပြောတဲ့ စကားကို ကျွန်တော်အကြိုက်ဆုံးဖြစ်သည်။
“I am not beggar, I am Pro” တဲ့။ သဘောကျလွန်း၍ တီးတိုးရေရွတ်ပြီး ရယ်မိ တော့ သူမရဲ့ မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တာကို ခံရ၏။
“ဘာလို့ အဲလိုကြည့်တာလဲ။ ကြောက်တယ်ဗျ”
“သိပ်ကြိုက်နေတယ်ပေါ့”
“ကြိုက်တာပေါ့၊ မင်းရော မကြိုက်ဘူးလား ဟန်နီ၊ ဒီလောက်ဆွဲဆောင် အား ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကိုလေ”
“ဆွဲဆောင်အားကောင်းတယ်ဟုတ်လား၊ ဘာကိုဆွဲဆောင်အားကောင်းတာလဲ”
“ဟ၊ မင်းတို့ ဗီယက်နမ်လူမျိုးတွေက တကယ်ပဲ ရုပ်ရှင်မကြည့်တတ်ဘူးလား၊ ဒီ ကားရိုက်ထားတာ ဘယ်လောက်တော်လဲကြည့်စမ်း၊ ဘာ effect , animation မှ မပါဘဲ ဆွဲဆောင်အားကောင်းအောင်ရိုက်ထားတယ်။ စိတ်ကူးစိတ်သန်းကောင်းလိုက်တာ၊ ဇာတ် ဝင်သရုပ်ဆောင်လည်း အများကြီးမပါဘဲနဲ့ ဒီလောက်ကောင်းအောင်ရိုက်ဖို့ဆိုတာ…”
“အိုး… ဘာလိုမရိုက်နိုင်ရမှာလဲ။ ငါရိုက်တတ်တယ်။ ပစ္စည်းကိရိယာ စုံစုံလင်လင် သာရှိ ငါလည်းရိုက်နိုင်တာပဲ…”
အဲဒီလို ဂျစ်ကန်ကန်နိုင်လှလေသည်။
“ကျွဲပါးစောင်းတီးပဲ၊ ဘာမှသိမှာ မဟုတ်ဘူး”
ကျွန်တော်က မြန်မာလို ရေရွတ်တော့ သူမက ဘာပြောလိုက်တာလဲ၊ ဘာအဓိပ္ပာယ် လဲဆိုပြီး မရမကမေးသည်။
“မင်းက ပါရမီရှင်လေးပဲလို့ပြောတာ”
သူမ ကျွန်တော့်လောက် ရုပ်ရှင်မကြိုက်တာသေချာပါသည်။ ဟိုချီမင်းမြို့မှာ ရုပ်ရှင် မကြည့်ဘူးလားမေးတော့ ရုံထဲမှာတကူးတကကြည့်တာနည်းတယ်တဲ့။ အိမ်မှာပဲ အခွေ ကြည့်တယ်လို့ဆိုသည်။
“ကွာလိုက်တာ၊ ငါတို့ ရန်ကုန်မှာဆို ရုပ်ရှင်ရုံမှာကားလဲတိုင်း မလွတ်တမ်းကြည့် တယ်။ အလုပ်အားရင် အားသလိုလစ်ကြည့်တယ်”
“တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး၊ ရည်းစားနဲ့လား”
“တစ်ယောက်တည်းပေါ့ကွ၊ ရည်းစားဆိုလို့ မင်းပဲရှိတာ၊ မင်းရန်ကုန်လာရင်တော့ နှစ်ယောက်တန်းက ကြည့်ကြတာပေါ့၊ ဘာလဲ မင်းတို့ ဟိုချီမင်းမှာ ရုပ်ရှင်ကြည့်ရင် နှစ် ယောက်တွဲ ကြည့်တတ်ကြလို့လား”
“မဟုတ်ပါဘူး၊ ဒါနဲ့ နေပါဦး… မောင်က အလုပ်အားရင်အားသလို ကြည့်တယ်ဆို တော့ အလုပ်ချိန်မှာ အလုပ်မလုပ်ဘဲကြည့်တာပဲလား၊ အဲလိုရလား”
“သိပ်ရတာပေါ့”
ကိုယ်သတ်မှတ်ထားတဲ့ သတင်းပုဒ်ရေပြည့်ရင်ပဲဖြစ်ဖြစ် သတင်းလိုက်စရာ သတင်း ရင်းမြစ်မရှိတော့ရင်ဖြစ်ဖြစ် အုပ်စုလိုက်ဖွဲ့ပြီး ရုပ်ရှင်ကြည့်တတ်သော ရန်ကုန်သတင်း ထောက်အချို့အကြောင်း သူမဘယ်သိပါ့မလဲ။
“ငါတို့ သတင်းထောက်လောကမှာ ပုံစံအမျိုးမျိုးရှိတယ််။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အားတဲ့ အချိန်ရုံးက တခြားသတင်းထောက်တွေနဲ့ အဖော်စပ်ပြီး ရုပ်ရှင်သွားကြည့်တဲ့ တိုက်တွေက သတင်းထောက်တွေရှိသလို၊ တခြားတိုက်က သတင်းထောက်တွေနဲ့ပေါင်းပြီး လက်ဖက်ရည်ဆိုင်စုထိုင်တာမျိုးလည်းရှိတယ်။ ရန်ကုန်မှာ သတင်းထောက်များစုဝေးရာ နေရာတွေရှိတယ်။ တိုက်ပေါင်းစုံက သတင်းထောက်ပေါင်းစုံ အဲဒီစုဝေးရာကိုလာပြီး အတင်းတွေအုပ်တယ်။ သတင်းဖလှယ်တယ်။ စကားတွေပြောတယ်။ အမျိုးစုံပေါ့လေ။ ကောင်းတာရှိသလို မကောင်းတာတွေလည်းရှိတာပေါ့။ တစ်ချို့သတင်းစာ တိုက်ကြီးတွေ ကတော့ အဲဒီလို တခြားတိုက်က သတင်းထောက်တွေနဲ့ ပေါင်းပြီး လက်ဖက်ရည်ဆိုင်ထိုင်၊ သတင်းဖလှယ်တာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားကြတာပေါ့”
“ဒါမျိုးက ဟိုချီမင်းမှာလည်းရှိပါတယ်။ မောင်ကရော ဘယ်လို မျိုးသတင်းထောက် ထဲမှာပါသလဲ”
“ပြောပြီးပြီလေ၊ ရုပ်ရှင်ကြည့်တာ၊ ဒါပေမယ့် ငါက အဖော်တွေပါတာ မပါတာ ဂရုမ စိုက်ပါဘူး။ မကြည့်ရသေးတဲ့ကားဆိုရင် တစ်ယောက်တည်းလည်းကြည့်တာပဲ”
“တော်တော်ဆိုးတာပဲ”
ဓာတ်ပုံခိုးရိုက်တာလောက် ရုပ်ရှင်ကြည့်တာကို စိတ်မဝင်စားဘူးလို့ သူမပြောပါ သည်။ ဒါတင်မကသေး… သူမသည် စာဖတ်အားလည်း အလွန်နည်းသည်တဲ့လေ။ သတင်း ထောက်တစ်ယောက်အနေနဲ့ ဖတ်သင့်သလောက်တော့ ဖတ်ထားသင့်တာပေါ့လို့ ကျွန် တော်ကပြောတော့ သူမက…
“ဖတ်တာပေါ့၊ နေ့စဉ်ထွက်တဲ့ သတင်းစာတွေကို ဖတ်တယ်လေ။ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ အသင့်တော်ဆုံးပဲပေါ့။ ဘယ်သတင်းထောက်က ဘယ်လိုရေးတယ်။ ဘယ်လို သတင်းဦးရတယ်ဆိုတာတွေကို စနည်းနာတာပေါ့။ အဲဒါတွေကတော့ အဓိကလေ။ စာအုပ် ကြီးစာကြီးပေကြီးတွေကတော့ မဖတ်ဖြစ်ဘူး” တဲ့။
ဗီယက်နမ်အကြောင်းဖြစ်တဲ့ ကမ္ဘာကျော် “ဆိုင်ဂုံ”စာအုပ်ကို သူမမဖတ်ဘူးပါ။ ရှိတ်စပီးယားဝတ္ထုတွေကို သူမ စိတ်မဝင်စားပါ။ သတင်းနဲ့ပတ်သက်လို့ တော့ လူတွင်ကျယ်ကြီးဖြစ်ချင်နေလေသည်။
“မှတ်မိလား။ မောင့်ကိုစိန်ခေါ်ခဲ့ဖူးသေးတယ်လေ။ တက်ချ်မဟာသွားတုန်းက…။ ethic ဆိုတာ ဘယ်လောက်နားလည်လဲ။ ဘယ်လောက်တော်နေလို့လဲနဲ့လေ။ အမှန်တော့ ငါဘာမှမသိဘူး။ မခံချင်စိတ်နဲ့သာပြောနေခဲ့တာပါ။ မောင်ဟာငါ့ထက် အတွေ့အကြုံစာ တွေ့လက်တွေ့ ရင့်ကျက်သူဆိုတာ ဝန်ခံပါတယ်”
ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာ သတင်းစာပညာနဲ့ ပတ်သက်လို့ တက်ကျွမ်းမှု တွေ၊ အတွေ့အကြုံတွေက အဓိကမဟုတ်။ သိထား၊ တတ်ထားတာတွေကို မျှဝေခံစားရင်း အထူတကွ ရှင်သန်နေထိုင်စေချင်တာပဲဖြစ် သည်။
x x x x x