(၁၉)
သင်တန်းကာလပြီးဆုံးဖို့ နီးသည်ထက်နီးလာပြီဖြစ်သလို ကျွန်တော်တို့နှစ်ယောက် သံယောဇဉ်ကလည်း ခိုင်မြဲသည်ထက်ခိုင်မြဲလာသည်။
ထို့အတူ စာတမ်းငယ်ပြုစုထားကြတာကို အပြီးသတ်ဖို့လည်းဆောင်ရွက်ကြရလေ သည်။ သတင်းရေးသားနည်းများ ခေါင်းစဉ်ဖြင့် သင်တန်းသား ၂၄ ဦးစလုံးတင်သွင်းသော စာတမ်း ၂၄ စောင်လုံးကို IIMC က မှတ်တမ်းထားရှိမှာဖြစ်သည်။
ကျွန်တော့်အနေနဲ့ကတော့ စာပေစာနယ်ဇင်းသင်တန်းမှာတက်ခဲ့တုန်းက ဆရာတွေ သင်ခဲ့တာ၊ ပုဂ္ဂလိကဂျာနယ်တစ်စောင်က ကြီးမှူးဖွင့်လှစ်ခဲ့တဲ့ သတင်းစာသင်တန်းမှာ ဆရာတွေသင်ခဲ့တာနဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကိုပေါင်းစပ်ပြီး စာတမ်းငယ်အဖြစ် ပြုစု ဖြစ်သည်။
ဆရာ ဒေါက်ကော့စ်ပါး၊ ဆရာ ဘီဂျောရစ်ချာနဲ့ ပြည်တွင်း စာနယ်ဇင်း ဆရာကြီး တွေရဲ့ လက်ချာကို စုစည်းပြီး နုတ်စ်စ်တွေလိုက်ထုတ်သည်။ အဲဒါတွေကို background information အဖြစ်ထားမည်။ ဒီကဆရာတွေသင်တာကိုတော့ စာတမ်းမှာ အဓိကထား ထည့်သွင်းရမည်။ ကျွန်တော်တို့တွေတစ်ခါမှမသင်ခဲ့ရတဲ့ သင်ခန်းစာတော်တော်များများ ဒီကနေရရှိခဲ့ကြပါသည်။
ဥပမာ… ရေဒီယိုဇာတ်ညွှန်းရေးတာမျိုး၊ Cyber Journalism လိုမျိုးတွေအပြင် Knowledge Sharing အဖြစ် ရုပ်သံလွှင့်တာ။ စိုက်ပျိုးရေးကဏ္ဍအကြောင်း သိကောင်းစရာ များ အစရှိတာတွေကိုလည်း လေ့လာသင်ယူခွင့်ရခဲ့ကြသည်။ မွန်ဘိုင်းဗုံးပေါက်ကွဲမှု ဗီဒီယိုဖိုင်ကိုလည်း ဝေဖန်ကာအမြင်ချင်းဖလှယ်ခွင့်ရခဲ့ကြသည်။
အဲဒါတွေကို အကုန်ပေါင်းပြီး အချက်အလက်စုစည်းတာဖြစ်သည်။ စာတမ်းငယ်လို တော့ မပြည့်စုံနိုင် သဘောသဘာဝမတူနိုင်ပေမယ့် စာတမ်းငယ်ပဲခေါ်ပါစို့။
Hoa အနေနဲ့ကလည်း ကျွန်တော်ပို့ပေးခဲ့သည့် ဆရာရဲ့ Journalistic Styles တွေကိုအခြေခံပြီး ဆရာတွေရဲ့သင်ကြားချက်တွေကို အဓိကထားကာ အကောင်းဆုံးရေး သားနိုင်ခဲ့ပါသည်။
ကျွန်တော်တို့သင်တန်းပြီးဖို့ ငါးရက်အလိုမှာ ပရော်ဖက်ဆာက စာတမ်းနဲ့ ပတ်သက် ၍ပြောလာခဲ့၏။
“ပြောခဲ့တဲ့အတိုင်းပဲ စာတမ်းငယ်တွေကို အသီးသီးပြုစုနေကြပြီလို့ထင်တယ်။ သန်ဘက်ခါကျရင် အဲဒါတွေကို အပြီးသတ်တင်ရမှာဖြစ်တယ်။ ကနဦးတုန်းက အကောင်း ဆုံးစာတမ်းရှင်ဆုရွေးချယ်ပြီး ဆုပေးဖို့ဆုံးဖြတ်လိုက်ပေမယ့် အခုအဲဒီအစီအစဉ်ကို ဖျက် လိုက်တယ်”
အားလုံး “ဟင်” ခနဲ ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ ၂၄ ယောက်စလုံးကို အကောင်းဆုံးစာတမ်းရှင်ဆု ပေးမှာမို့လို့ပဲ”
“ဟေး”
လက်ခုပ်ဝိုင်းတီးကြသည်။
“အချိန်တိုအတွင်း မင်းတို့တွေကြိုးစားခဲ့ပါတယ်။ ကိုယ်စီကိုယ်စီ အကောင်းဆုံးလုပ် ဆောင်နိုင်ခဲ့ပါတယ်။ မင်းတို့ပြုစုတဲ့ စာတမ်းကို ပရော်ဖက်ဆာတစ်ယောက်အနေနဲ့ လေ့ လာမှတ်သားပြီ အရေးပါတဲ့အချက်အဖြစ် မှတ်တမ်းတင်ထားရှိမှာလည်းဖြစ်တယ်။ ကဲ… ဒီတော့ သန်ဖက်ခါကျရင် မင်းတို့စာတမ်းတွေကို အပြီးသတ်ပြီးအကောင်းဆုံးစာတမ်း အဖြစ် တင်သွင်းဖို့ မေတ္တာရပ်ခံပါတယ်”
ဒီကဆရာတွေ သင်တဲ့ပုံံစံနဲ့ ပြည်တွင်းက ဆရာတွေ သင်တဲ့ပုံစံကွဲပြားတာတွေရှိပါ သည်။ ဒါပေမယ့်ဒါတွေကို သတင်းရေးနည်းတွေထဲမှာ ကွဲပြားမှုတွေအဖြစ်ထည့်သွင်းလို့ရ နိုင်တာပဲလေ။ ကျွန်တော်တို့ ရေးသားထားတဲ့ စုစည်းမှုတွေဟာ နောင်လာနောင်သားတွေ အတွက် နည်းနည်းလေးပဲဖြစ်ဖြစ် လေ့လာစရာတွေပါခဲ့ရင် ရေးတဲ့သူတွေအအနေနဲ့ အ ကျေနပ်ကြီးကျေနပ်မှာ မဟုတ်ပါလား။
“မနက်ဖြန်ကျရင် Sight Seeing လေ့လာရေးခရီးအဖြစ် Hero Honda ဆိုင်ကယ် စက်ရုံနဲ့ သတင်းစာတိုက်တချို့ကို သွားဖို့စီစဉ်ထားပါတယ်။ နေပူတာမို့ ရေဗူးတွေ ဦးထုပ် တွေယူခဲ့ဖို့ မမေ့ပါနဲ့”
“ဟေး”
လေ့လာရေးခရီးတွေက ပျော်စရာတွေချည်းပဲမို့ ဝမ်းသာပေမယ့် အဲဒီနေ့ညက ကျွန်တော်ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။ ပြန်ရမှာကို တွေးရင်း စိတ်ထဲလေးလံနေမိ သည်။ ပြန်ရမှာဆိုတာထက် Hoa နဲ့ခွဲခွာရမှာကိုပေါ့။
နယူးဒေလီကို သင်တန်းလာတက်တာ သင်တန်းပြီးရင် ပြန်ရမှာဆိုတာ ကျွန်တော် အစကတည်းကသိပေမယ့် အခုလို သံယောဇဉ်တွယ်လာတဲ့အခါမှာတော့ ဘယ်လိုမှလက် မခံချင်နိုင်အောင်ရှိလေသည်။ အိပ်ရာထဲလူးလှိမ့်စဉ်းစားနေတာကို ညီညီ သိသွားပါသည်။
“မင်းဘာဖြစ်နေတာလဲ နောင်နောင်”
“ငါပြန်ရမှာကိုတွေးပြီး အိပ်မပျော်ဘူးကွာ”
ညီညီက ဟင်းခနဲသက်ပြင်းတစ်ချက်ချပြီး ခေါင်းမြီးခြုံကာ ဟိုဖက်လှည့်အိပ်ပျော် သွားလေသည်။ ကျွန်တော့်ဘေးမှာရှိတဲ့ဖုန်းကို ကောက်ကိုင်လိုက်မိသည်။ Hoa အခန်းဆီ ဖုန်းဆက်မည်။
“ဟန်နီ”
တိုက်တိုက်ဆိုင်ဆိုင် Hoa လာကိုင်ပါသည်။
“ကိုယ်အိပ်မပျော်ဘူး ဟန်နီ၊ ပြန်ရတော့မှာကိုတွေးပြီးကြောက်နေမိတယ်။ ကိုယ် မင်းနဲ့မခွဲနိုင်ဘူး ဟန်နီ”
“မောင်… မိုးချုပ်နေပြီကွယ်၊ ဘာဖြစ်နေတာလဲ”
“ကျေးဇူးပြုပြီး ကိုယ့်ကိုစကားပြောပေးပါလား ဟန်နီ၊ ကိုယ်… ကိုယ်ရန်ကုန်မပြန် ချင်တော့ဘူး”
“မောင်… မောင်ဟာလေ… တကယ်ကလေးနဲ့တူတယ်”
“ဟင်”
“ခွဲရမယ်လို့ ဘယ်သူပြောလဲ”
“သိပ်သေချာတာပေါ့…။ ရက်ပိုင်းပဲလိုတော့တယ်လေ…။ အဲဒီနေ့ကိုတွေးပြီး ကိုယ် ကြောက်နေတာ၊ မင်းကို ကိုယ်ခဏတာအတွက် ချစ်တာမဟုတ်လို့လေ။ ကိုယ်ရက်ပိုင်း လေးမှာ အဆုံးရှုံးမခံနိုင်တာ”
“တစ်သက်လုံးအတူနေရမယ့် လူနှစ်ယောက်အတွက် ခဏတာခွဲရတာ ဘာအရေး လဲကွယ်”
“ဘယ်လို”
သတင်းစာပညာရပ်နဲ့ပတ်သက်ရင် သူမကကျွန်တော့်ထက် သမ္ဘာအတွေ့အကြုံနု နယ်သေးပေမယ့် အချစ်နဲ့ပတ်သက်ရင်တော့ ရင့်ကျက်ကောင်း ရင့်ကျက်ပါလိမ့်မည်။ ကျွန်တော် အိပ်မပျော်ဘဲ လူးလှိမ့်နေချိန်မှာ သူမက အေးအေးလူလူဖြစ်နေလေသည်။ Hoa ကို ကျွန်တော်ချီးကျူးပါသည်။
“ကျွန်မတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာကြီးက ရစ်ပတ်နေပြီးသား ပဲမောင်ရယ်၊ ခဏတာတွေ့ရပြီး ချစ်ခဲ့တယ်ဆိုပေမယ့် အရာအားလုံးထက်ခိုင်မာနေတာမို့ ခွဲရမှာကို တွေးကြောက်စရာမလိုဘူးလေ။ ကျွန်မ… မောင့်ကိုချစ်တယ်၊ အဲဒီလိုပဲ မောင်က လည်းကျွန်မကိုချစ်တယ်။ အဲဒါဆိုပြီးပြီပေါ့။ အချစ်မှန်တယ်ဆိုရင် ကံကြမ္မာက ကျွန်မတို့နှစ် ယောက်ကို တစ်ဘဝအဖြစ်သီးသန့်ဖန်တီးပေးသွားလိမ့်မယ်။ Don’t Worry မောင်”
“ဒါပေမယ့်”
“အိပ်တော့ မောင်၊ မနက်ဖြန် Sight Seeing ရှိတယ်လေ”
“အိုကေ ဟန်နီ ဂွတ်နိုက်တ်”
“ဂွတ်နိုက်တ် ”
သူမရဲ့ တည်ငြိမ်မှုကို လေးစားသွားရပြန်ပါသည်။ ဒါပေမယ့်ကျွန်တော်သိနေပါ သည်။ Hoa ရင်ထဲမှာလည်း ကျွန်တော့်လိုပဲ ပူလောင်နေလိမ့်မည်။ ဟန်ဆောင်တော့ ကောင်းမည်ပေါ့လေ။
နယူးဒေလီမြို့တော်မှာ သတင်းစာပညာရပ်နဲ့ပတ်သက်လို့ သင်ခန်းစာ၊ အသိပညာ တွေအပြင် ချစ်သူတစ်ယောက်ကိုပါ အပိုဆုအဖြစ် ဘုရားကလက်ဆောင်ပေးခဲ့တာပဲလေ။
“အဲဒါ မင်းအတွက် ကံကောင်းမှုပေါ့နောင်နောင်။ ကံကောင်းပြီးမှတော့ ဆက် ကောင်းလာမှာပေါ့၊ မင်း … တွေးကြောက်လွန်းတယ်”
သူငယ်ချင်းရဲ့ အပြစ်တင်သံ။ Hoa ရဲ့ နှစ်သိမ့်မှုတွေကြားမှာ ကျွန်တော်နည်းနည်း တော့တည်ငြိမ်သွားပါသည်။
နောက်တစ်နေ့ လေ့လာရေးခရီးမှာတော့ အတတ်နိုင်ဆုံးတက်ကြွပျော်ရွှင်နေဖို့ ကျွန်တော်ကြိုးစားခဲ့ပါသည်။ လမ်းတစ်လျှောက်လုံး Hoa ရဲ့ လက်ကလေးကို ဆုပ်ကိုင်ခွင့် ရခဲ့၏။
ကျွန်တော်တို့ ပထမဆုံးရောက်ရှိခဲ့သည့်နေရာမှာ Hero Honda မော်တော်ဆိုင် ကယ်စက်ရုံဖြစ်သည်။ စက်ရုံနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ရှင်းပြပါသည်။ ပြီးတော့ လုပ်ငန်းခွင်လည်ပတ်နေပုံကို တစ်ဆင့်ချင်းစက်ရုံထဲနေရာအနှံ့လိုက်ပြပါသည်။ စက်ရုံအထဲထဲမှာတော့ ဓာတ်ပုံရိိုက်ခွင့်မရပါ။
နောက်ထပ်လိုက်ပြပေးသောနေရာမှာ သတင်းစာတိုက်တစ်တိုက်ဖြစ်သည်။ သူတို့ ဆီက သတင်းစာတိုက်အပြင်အဆင်၊ သတင်းထောက်များထိုင်သည့် နေရာများမှာ ကျွန်တော့်မိခင်ဂျာနယ်တိုက်ပုံစံ အတိုင်းပင်ဖြစ်သည်။ နယူးဒေလီတွင် သတင်းစာတိုက် ပေါင်းထောင်ဂဏန်းချီရှိသလို ရေဒီယိုအသံလွှင့်ဌာနပေါင်းလည်းထောင်ချီရှိပါသည်။ ပြည် နယ်အလိုက်ဒေသတွင်းဖြန့်တဲ့သတင်းစာတွေရှိသလို၊ တစ်မြို့လုံးအနှံ့ဖြန့်ကျက်ထားသော နာမည်ရသတင်းစာကြီးတွေလည်းရှိသည်။
ကျွန်တော်တို့တည်းခိုရာ ဟိုတယ်မှာတော့ မနက်မိုးလင်းတာနဲ့ သတင်းစာသုံးစောင် က အခန်းရှေ့ရောက်နှင့်ပြီးသားဖြစ်လေသည်။
“ဟိုချီမင်းမှာလည်း အဲဒီလိုပဲလေ။ တစ်မြို့လုံးအနှံ့ဖြန့်တဲ့ သတင်းစာရှိသလို ဒေသ ဖြန့် သတင်းစာတွေလည်းရှိတာပေါ့”
ရန်ကုန်မှာတော့ လောလောဆယ်မှာ သတင်းစာနှစ်စောင်ပဲရှိတဲ့အကြောင်း သူမကို ပြောပြရပါသည်။ (ယင်းအချိန်ကမြန်မာနိုင်ငံတွင် ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့့်မ ရရှိသေးပါ။ စာရေးသူ)
“အစိုးရသတင်းစာနှစ်စောင်ရှိတယ်၊ ကြေးမုံရယ်၊ မြန်မာ့အလင်းရယ်တဲ့ နာမည် တွေက၊ ကျန်တာကတော့ သိပ်မကြာခင်မှာ အစိုးရက ပုဂ္ဂလိက သတင်းစာထုတ်ဝေ ခွင့်ပြုဖို့ဆောင်ရွက်နေတယ်။ သိပ်မကြာတော့ဘူး”
“အဲဒါကြောင့်မို့ မောင်တို့တွေ အေးအေးဆေးဆေးရုပ်ရှင်ကြည့်ပြီး အလုပ်လုပ် နိုင်တာ၊ သတင်းစာထွက်ရင် အခုလောက်အားမှာမဟုတ်ဘူး၊ တစ်ပတ်တစ်ခါဆိုတော့ တစ်နေ့တစ်ခါလောက်မပင်ပန်းဘူးလေ”
“မထင်နဲ့၊ အားလုံးပင်ပန်းတာပါပဲ။ သတင်းစာပဲဖြစ်ဖြစ်၊ အပတ်စဉ်ထုတ်ဂျာနယ်ပဲ ဖြစ်ဖြစ်၊ လစဉ်ထုတ်မဂ္ဂဇင်းပဲဖြစ်ဖြစ် ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံး တာဝန် ကျေဖို့ပဲမဟုတ်လား ဟန်နီ”
သတင်းစာလောကမှာ ကျင်လည်နေသူအဖို့ အလုပ်ကိုသေချာလုပ်ဖို့အဓိက မဟုတ် လား။ စာဖတ်သူနဲ့ သတင်းရင်းမြစ်ကြား အဆင်ပြေစေဖို့ညှိနှိုင်းဆောင်ရွက်နေရသည့် သတင်းထောက်အများစုအဖို့ လွယ်ကူလှသော ခရီးတော့မဟုတ်လှပါ။ စိတ်ပင်ပန်းမှုတွေ များလှပါသည်။
Ethic ဆိုတာကလည်း အညီနေထိုင်ကြရသည်မဟုတ်ဘဲ အညီနေထိုင်နိုင်အောင် ကြိုးစားကြရသည်ချည်းသာဖြစ်လေသည်။ ကျွန်တော့်ဆရာတစ်ဦးဖြစ်သည့် ဦးရဲနိုင်မိုး သင် ကြားပေးဖူးသည့် သတင်းစာသမား ethic အချက်များကို သူမအားလက်ဆောင်အဖြစ် ပေးဖြစ်ပါသည်။
x x x x x