(၂၀)
စိတ်လှုပ်ရှားရင်ခုန်မှုတွေနဲ့ လာရောက်ခဲ့တာဆိုပေမယ့် TG ၏အပြန်ခရီးသည် ငြိမ် သက်တိတ်ဆိတ်လို့နေလေ၏။
ညတုန်းကတစ်ညလုံးနီးပါးမအိပ်ဖြစ်ခဲ့ကြ။ စကားတွေပြောကြသည်။ G mail အကောင့်၊ Hot mail အကောင့်၊ Facebook အကောင့်တွေလဲကြသည်။ ဖုန်းနံပါတ်တွေ ပေးကြသည်။
မနေ့က သင်တန်းဆင်းပွဲ။
သံရုံးကတာဝန်ရှိသူတွေ IIMC ကိုလာရောက်အမှတ်တရစကားပြောပေးသည်။ တည်းခိုရာဟိုတယ်မှာ Special Party လုပ်ပေးသည်။ Dinner အပြီး ပါတီမှာ ပျော်ကြ သည်။ သင်တန်းတစ်လျှောက်လုံးစာအတွက် ပျော်ရွှင်စွာကခုန်ဖြစ်ကြပါသည်။ အဲဒါပြီး တော့ အခန်းရှေ့မှာ စကားတွေပြောကြသည်။
တစ်နေ့ကတော့ အပြန် Shopping အဖြစ် စျေးကိုလိုက်ပို့ပေးပါသည်။ စျေးဝယ်လို့ အကောင်းဆုံးစျေးတစ်စျေးဖြစ်ပါသည်။ အဓိကကတော့ အလယ်အလတ်တန်း အဝတ်အ စား၊ အသုံးအဆောင်တွေပေါသည်။ Agra က ထုတ်တဲ့သားရေပစ္စည်း၊ လက်ကိုင်အိတ်တွေ စျေးသက်သက်သာသာနဲ့ရသည်။ ပြီးတော့ အိန္ဒိယအမှတ်တရ ဆာရီစတွေပေါ့။
Hoa နဲ့ ကျွန်တော်က ချစ်သူတွေမို့ မရမကတွေ့နိုင်သည်။ အမြဲတမ်းအဆက်အ သွယ်ရမည်။ ဒါပေမယ့်တခြားသူတွေအနေနဲ့ ဒီလိုပြန်လည်ဆုံတွေ့ဖို့ဆိုတာသိပ်မသေချာ တော့။
သင်တန်းကာလအတွင်း ထွေရာလေးပါးတွေပြောမိရင်း သတင်းထောက်တွေရဲ့လခ အကြောင်းစကားစပ်မိသွားကြသည်။ ကျွန်တော်တို့တွေရဲ့ အခြေခံလစာဟာ တစ်ယောက် နဲ့တစ်ယောက်သိပ်မကွာလှပါ။ သာမန်ဂျူနီယာသတင်းထောက်တစ်ယောက်ရဲ့လစာဟာ ရန်ကုန်ကသတင်းထောက်တစ်ယောက်ရဲ့ လစာနှုန်းထားနီးပါးအတိုင်း သူတို့လည်းရရှိကြ သည်။
“မင်းလခဘယ်လောက်ရသလဲ”
အဲဒီမေးခွန်းကို အချင်းချင်းမေးဖြစ်ကြသည်။ ကျွန်တော်တို့တွေရဲ့လခကို ဒေါ်လာနဲ့ တွက်ပြီး ပျမ်းမျှဖြစ်နိုင်ခြေပြောကြတာမို့ နှုန်းထားမကွာကြတာကို သတိထားမိကြခြင်းပင်။ ဂျူနီယာသတင်းထောက်တစ်ယောက်ရဲ့လစာ၊ စီနီယာရဲ့လစာ၊ အယ်ဒီတာတစ်ယောက်ရဲ့ လစာ စသည်ဖြင့် နှိုင်းယှဉ်ကြည့်ဖြစ်ကြသည်။
အရှေ့တောင်အာရှနိုင်ငံတစ်ချို့ရဲ့ သတင်းထောက်တစ်ယောက်ရဲ့လုပ်ခလစာဟာ နည်းပါးသောအနေအထားသာ ရှိသေးတဲ့အကြောင်းကို ဆွေးနွေးဖြစ်ကြသည်။
သင်တန်းအပြီးမှာတော့ နိုင်ငံတွင်း သတင်းထောက်တွေရဲ့ အတင်းအဖျင်းတွေ စုံလင်သွားသလို အချင်းချင်းငယ်ပေါင်းကြီးဖော်တွေလို ရင်းနှီးသွားခဲ့လေသည်။ သံယော ဇဉ်တွေတွယ်လာတာနဲ့အမျှ မခွဲနိုင်မခွာရက်ဖြစ်ကာ အပြန်ခရီးကို စိတ်မကောင်းနိုင်ဘဲ ငြိမ်သက်နေကြခြင်းပင်။
“ဟန်နီ”
ကျွန်တော့်ထက် စိတ်ဓာတ်မာကြောပုံရသော သူမပင်လျှင် ငြိမ်သက်တိတ်ဆိတ်လို့ နေပါသည်။ မနက်က သံရုံးကအစ်ကိုတွေနဲ့ နှုတ်ဆက်ကြတော့ ရင်ထဲမှာတစ်မျိုးကြီး။ ကျွန်တော်တို့ခရီးစဉ်တစ်လျှောက် သွားလေရာမှန်သမျှနောက်ကလိုက်ပြီး လိုအပ်တာမှန် သမျှဖြည့်ဆည်းပေးခဲ့သည်။ သူတို့အနေနဲ့ ကိုယ်တွေနိုင်ငံကိုရောက်ရင်တော့ ဒီလောက် ဧည့်ဝတ်ကျေပွန်နိုင်ဖို့ အင်အားမရှိ။
“ကိုယ့်ကို စကားပြောဦးလေ”
သူမလက်ကလေးကို ဖွဖွလေးကိုင်လိုက်ပါသည်။ အေးစက်လို့နေ၏။
နယူးဒေလီကနေ ဘန်ကောက်ကို transit ခရီးသွားရောက်ရမှာဖြစ်ပြီး ဘန်ကောက် ကနေတစ်ဆင့် ကိုယ့်ဌာနကိုပြန်ကြရမှာဖြစ်သည်။ Hoa ရဲ့ ခုံဘေးနားကနေရာမှာ Quynh ထိုင်ရမှာဆိုပေမယ့် ကျွန်တော့်ကိုပေးထိုင်ပြီး ကျွန်တော့်နေရာမှာတော့ Quynh ထိုင်လေ သည်။
“ကျွန်မ… မောင့်ကို သိပ်ချစ်တယ်”
ဘုရား၊ ဘုရား။ သူမ လေးလေးနက်နက်ပြောနေတာပါလား။ မျက်ဝန်းထဲမှာ ရစ်ဝဲ နေတဲ့မျက်ရည်တွေကို အတိုင်းသားမြင်နေရသည်။
“မောင်”
ကျွန်တော်… Hoa ကိုကြည့်ရင်း လက်ကလေးကို ဆုပ်ကိုင်ထားမြဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘယ်ဖက်လက်ကိုယ်စီမှာ ဝတ်ထားတဲ့လက်စွပ်လေးနှစ်ကွင်း၊ ဒါကို အမြဲ ဝတ်ထားကြမည်။ တကယ့် လက်ထပ်လက်စွပ်နဲ့ အစားမထိုးနိုင်မချင်းပေါ့။
“ကျွန်မတို့ ဘယ်တော့ပြန်တွေ့ကြမှာလဲ”
သူမရော ကျွန်တော်ပါ ကြိုတင်မတွက်ဆနိုင်တဲ့ကိစ္စ။
ကျွန်တော့်ဆီကနေ သူမဆီကိုသွားတွေ့ဖို့ အနည်းဆုံးပိုက်ဆံ ဆယ်သိန်းလောက်ပါ မှရမည်။ ကျွန်တော့် လခနဲ့။ အင်း … မိဘဆီကအထောက်အပ့ံနဲ့ဆိုရင်တော့ နှစ်လတစ်ခါ လောက်တွေ့နိုင်ကောင်းပါရဲ့။
“နှစ်လတစ်ခါ ပုံမှန်တွေ့ရအောင် ဟန်နီ”
“ဖြစ်နိုင်ပါ့မလား”
“ကိုယ်ဖြစ်အောင်ကြိုးစားမယ်”
သူမ မျက်ဝန်ထဲမှာ မယုံကြည်နိုင်တဲ့ သံသယတွေတွေ့ရသည်။ သူမ လက်ကိုကိုင် ထားသော ကျွန်တော့်လက်တွေ ပိုပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။ စိတ်ချဟန်နီ။
“မဖြစ်ဖြစ်တဲ့နည်းနဲ့ လာတွေ့မယ်။ မင်းဟာ ကိုယ့်ဘဝရဲ့ အိမ်ထောင်ဖက်ဖြစ်ကို ဖြစ် ရမယ် Hoa”
သူမပြုံးပါသည်။ ပြီးတော့ ကျွန်တော့်ပခုံးပေါ်လည်း မှီလိုက်သည်။ ဗီယက်နမ် ထုံး တမ်းစဉ်လာ လက်ထပ်မှုတွေ၊ မြန်မာထုံးတမ်းစဉ်လာလက်ထပ်မှုတွေ အပြန်အလှန်ပြော ရဦးမည်။ ကျွန်တော်တို့ခရီးဘယ်လို ဆက်လျှောက်ကြမလဲ ပြောကြရဦးမည်။ ဒါတင်မက အခြားအချက်ပေါင်းများစွာ။ ဘယ်သူက ဘယ်သူ့နိုင်ငံသား ခံယူမလဲ၊ ဘယ်မှာနေကြမ လဲ… ။ အများကြီး… အများကြီး။
“ဟန်နီ”
မော့ကြည့်သည်။
ကျွန်တော်တို့ နှစ်ယောက်အနီးကပ်ဆုံးအနေအထားကိုရောက်သွားသည်။
“ကိုယ်မင်းကို နမ်းလို့ရမလားဟင်”
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အပြန်အလှန်ချစ်ခဲ့ကြသည်။ သူမထံက နှုတ်ဆက် အနမ်းလေးတစ်ချက်ကိုတော့ ကျွန်တော်စိတ်ကူးယဉ်ခဲ့ဖူးပါသည်။ မျှော်လည်းမျှော်လင့်မိ လေသည်။ Hoa မျက်လွှာလေးချကာ ခေါင်းလေးဆတ်ခနဲညိတ်လိုက်ပါသည်။
နူးညံ့လွန်းလှသော သူမရဲ့ပါးပြင်ထံကို ကျွန်တော့်ရဲ့ ညင်သာသောအနမ်း …။ တဒင်္ဂသာဆိုပေမယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့သမိုင်းမှာတော့ ရာဇဝင်တွင်မယ့် အနမ်း ပေါ့။
အနမ်းနဲ့အတူ ရစ်ဝဲနေသော ကျွန်တော့်ရဲ့ မျက်ရည်တွေကို ထိမ်းသိမ်းလို့မရတော့။ သူမက ကျွန်တော့် ရင်ခွင်ထဲရှိုက်ငိုမိသလို ကျွန်တော်ကလည်း သူမခေါင်းပေါ်မေးလေး တင်ပြီး ရှိုက်ငိုမိလေသည်။ ချစ်ခြင်းတရားရဲ့ တဒင်္ဂနူးညံ့မှုကို ဘယ်သူက မြင်နိုင်မှာလဲဗျာ။
”ဟန်နီ ကိုယ့်ရင်ဘတ်ကို သေချာနားထောင်ကြည့်”
သူမ ခေါင်းအပ်ထားသော ကျွန်တော့်ရင်ခွင်ရဲ့ ရင်ခုန်နှုန်းတွေ အတိုင်းအဆမဲ့မြန် နေပါသည်။ Hoa ရဲ့ နားလေးကျွန်တော့် နှလုံးသားနားကပ်လာသည်။
”Hoa ကို်ယ်မင်းကို အဲဒီရင်ခုန်သံနှင့်အမျှချစ်တယ်သိလား။ ကိုယ့်နှလုံးသား တုန်ခါ နေသရွေ့ပေါ့ ဟန်နီ”
”ကျွန်မလည်း ကျွန်မရင်ဘတ်နဲ့အမျှ မောင့်ကိုချစ်တာပါပဲ”
နယူးဒေလီမှ သုဝဏ္ဏဘူမိခရီးစဉ်သည် အတိုတောင်းဆုံး ခရီးစဉ်တစ်ခုလို့ထင်မှတ် လောက်အောင်မြန်နေသယောင်။ ကျွန်တော်တို့အားလုံး သုဝဏ္ဏဘူမိသို့ရောက်မှန်းမသိ ရောက်သွားလေသည်။ ဒါကျွန်တော်တို့ရဲ့ နောက်ဆုံးလမ်းခွဲရမယ့်နေရာပေါ့။
အလာတုန်းက ကျွန်တော်သဘောကျနှစ်သက်ခဲ့သော မြင်ကွင်းများ၊ သစ်ခွပန်းပင် တွေ၊ စားသောက်ကုန်၊ အလှကုန်ဆိုင်တွေ ရုပ်ဆိုးအကျည်းတန်နေသယောင် ဒီလေဆိပ် ကြီးကနေ ကိုယ့်နိုင်ငံကိုသွားမယ့် Terminal ဆီကို ထွက်ခွာကြရမှာဖြစ်သည်။ သိပ်မကြာ ခင်မှာ ရန်ကုန်ကိုရောက်တော့မယ်ပေါ့။
လမ်းဆုံတစ်နေရာမှာရပ်ပြီး သူငယ်ချင်းတွေအချင်းချင်း ပွေ့ဖက်နှုတ်ဆက်ကြသည်။ လာလည်ဖို့ဖိတ်ခေါ်ကြသည်။ အခု … ကျွန်တော်တို့အားလုံး နယူးဒေလီ၏ အစားအ သောက်များနှင့် အကျွမ်းဝင်ခဲ့ကြပြီ။ သင်တန်းအသွား မကြာခဏဖြစ်တတ်သော Traffic Jam ကိုလည်း အသားကျပြီ။ ဟိုတယ်အနီးမှာရှိတဲ့ Sector 6 စျေးကို ရူပီး ၁၅၀ ပေးပြီး တုတ်တုတ်ငှားကာ အုပ်စုလိုက်စျေးဝယ်ထွက်တဲ့အကျင့်ကိုလည်း ရခဲ့ကြပြီဖြစ်သည်။
အိန္ဒိယ ……. ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ဒီမိုကရေစီနိုင်ငံ။ လူဦးရေသန်းတစ် ထောင်ကျော်ရှိသော နိုင်ငံရှိ အထင်ကရ နယူးဒေလီမြို့တော်မှာ အစိုးရရုံးစိုက်ရာ၊ တက္က သိုလ်ကျောင်းအသီးသီးတည်ရှိရာမြို့တော်မှာ အာဆီယံလေးနိုင်ငံမှ စာနယ်ဇင်းသမား အချို့ မီဒီယာပညာရပ်နှင့်ပတ်သက်ပြီး အသိပညာ၊ အတတ်ပညာများလေ့လာသင်ယူခွင့် ရခဲ့သည်။ ဒါတင်မဟုတ် အာဆီယံလေးနိုင်ငံမှ စာနယ်ဇင်းသမားအချို့ မီဒီယာပညာရပ်နှင့် ပတ်သက်၍ အချင်းချင်းအသိပညာဖလှယ်ခွင့်၊ ရင်းနှီးခင်မင်ခွင့်များပါ ရရှိခဲ့ကြသည်။
ကိုယ့်နိုင်ငံကို ပြန်ရမည့် ဖလိုက်နေရာကို အသီးသီးကြည့်ပြီး တစ်ယောက်ကို တစ် ယောက်ကြည့်ကာ ”Good Bye, See You” လို့နှုတ်ဆက်ချိန်အပြီးမှာတော့ မနက်စာ၊ နေ့လယ်စာတွေကို စကားတပြောပြောနဲ့အတူစားခဲ့ကြတဲ့ နေ့ရက်တွေ…၊ အုပ်စုဖွဲ့ပြီး စျေးအတူသွားခဲ့သေးတာတွေ၊ Training သွားရင်း ကားပေါ်မှာ နိုင်ငံတစ်ခုက ဘာသာ စကားတစ်မျိုးနဲ့ သီချင်းညည်းချိန် ကျန်တဲ့အခြားနိုင်ငံကလူတွေက သံယောင်လိုက်ပြီး အော်ဟစ်သီဆိုခဲ့ကြတာတွေ၊ Happy Hour နေ့ရက်တွေကို ပြန်လည်အမှတ်ရပြီး ဒီလူ တွေအချင်းချင်း နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ခွင့်ကို မသေချာ၊ မရေရာမှုများနှင့် ကိုယ်စီမျှော်လင့်မိကြပါသည်။
“မောင်”
ကျွန်တော် Hoa ကိုသူမတို့သွားရမည့် Terminal အထိလိုက်ပို့ဖြစ်ပါသည်။ Hoa တို့ ဗီယက်နမ်က ခြောက်ယောက်လာတာဆိုပေမယ့် ပြန်ရမည့်လေယာဉ်ကပုံစံမတူပါ။ Hoa နဲ့ Quynh က ဟိုချီမင်းကို ပြန်ရမှာဖြစ်ပြီး ကျန်တဲ့လေးယောက်ကတော့ ဟနွိုင်းကိုပြန်ရမှာ ပင်။
”Hoa တို့နှစ်ယောက်ချစ်တာ ခဏတာမဟုတ်ဘူးနော်။ ခွဲခွာခါနီးမှ မောင့်ကို ကျွန်မ လေးလေးနက်နက်ချစ်နေတယ်ဆိုတာ ပိုယုံလာတယ်ကွယ်”
“ကိုယ်လည်း မင်းအတိုင်းပါပဲ”
လေယာဉ်ထွက်ခွာချိန်က တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူညီကြပါ။ ကျွန်တော်တို့ ရန်ကုန်ကို ပြန်ရမည့်လေယာဉ်က အချိန်သိပ်မလိုတော့။
”Quynh”
ကျွန်တော် Quynh ကို ပွေ့ဖက်နှုတ်ဆက်လိုက်လေသည်။
“အရာရာအတွက် ကျေးဇူးပါပဲ သူငယ်ချင်း၊ Hoa နဲ့ နင် အပြန်အလှန်စောင့်ရှောက် ရင်း ကောင်းကောင်းသွားကြနော်။ ငါတို့ပြန်ဆုံဦးမှာပါ”
Quynh ခေါင်းညိတ်ကာ တာ့တာပြသည်။
သွားဖို့အချိန်တန်ပြီပေါ့။
“Hoa”
နောက်ဆုံးအနေနဲ့ Hoa ကို ကျွန်တော်ပွေ့ဖက်လိုက်သည်။ ဒီခွဲခွာခြင်းဟာ နောက်တစ်ကြိမ်ပြန်လည်ဆုံစည်းဖို့ပေါ့ ချစ်သူရယ်။ ဘယ်တော့မှမခွဲဘဲ တစ်သက်လုံး ဆုံ ဆည်းဖို့အတွက်စတေးမှုပေါ့။
Hoa ရဲ့ ညာဖက်လက်ကိုဆုပ်ကိုင်ရင်း ညင်သာစွာ နမ်းရှိုက်လိုက်မိလေသည်။ ပြီးတော့ တာ့တာပြရင်း ထွက်ခွာလာခဲ့၏။
သိပ်ချစ်တယ်Hoa။
ရင်နှင့်အမျှပါပဲ။ ကျွန်တော့်ဘယ်ဖက်လက်လက်စွပ်လေး။ Hoa နဲ့ပတ်သက်တဲ့ အမှတ်တရဟာ ဒါပဲလား။ ကျွန်တော်တို့ နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံတချို့တော့ ကင်မရာထဲမှာပါပါသည်။ ဒါတွေဟာ Hoa နဲ့ ပတ်သက်တဲ့ အမှတ်တရအကုန်ပဲဖြစ်သည်။ သူမဆီမှာရော… ကျွန်တော့်အတိုင်းပါပဲ။ ဒါပေမဲ့… ကျွန်တော်အရမ်းကြိုက်တဲ့ သီချင်း တစ်ပုဒ်တော့ သူမကိုကူးပေးလိုက်ပါသည်။ “အရင်ကဇာတ်လမ်း”။ အကြောင်းအရာ ထက်သံစဉ် ကို ဦးစားပေးနားထောင်ဖို့ပေါ့။
x x x x x