(၂၅)
ကျွန်တော်နဲ့ မေမြသွယ်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်တဲ့ဖက်ကို ရောက်မလာ ဘဲ အခြေအနေက တင်းမာသည်ထက် တင်းမာလာခဲ့လေသည်။ ကျွန်တော် ဆေးရုံကို တာဝန်တစ်ခုအရ သွားရောက်ခြင်းသာဖြစ်ပြီး သူမကလည်း အဲဒီတာဝန်ကို အသိအမှတ် မပြုခဲ့ပါ။ ဒါတင်မကဘဲ ကျွန်တော့်အပေါ် အငြိုးထားသည်ထက် ထားလာလေသည်။
“ရှင်က ကျွန်မကို ကားနဲ့တိုက်ထားတာ၊ အဒီတော့ ကျွန်မရတဲ့ ဒဏ်ရာသက်သာတဲ့ အထိ အထွေထွေကိစ္စအဝဝကို ရှင်ပဲတာဝန်ယူကုသပေးရမှာ၊ ဒဏ်ရာသက်သာတဲ့နေ့ကျမှ ရှင့်ကို အသိအမှတ်ပြုမယ်။ ဒါပေမဲ့ကျေးဇူးတင်မှာတော့ မဟုတ်ဘူး၊ အငြိုးတွေလည်း ပျောက်ကွယ်မှာမဟုတ်ဘူး”
အက်ကြောင်းထပ်နေတဲ့ အဲဒီစကားတွေကို မကြားချင်တော့ပါ။
အဲဒီစကားတွေကလွဲပြီး တခြားအလ္လာပ္ပသလ္လာပ္ပ စကားတွေကိုလည်း ကျွန်တော်တို့ နှစ်ယောက်မပြောဖြစ်ကြပါ။ ယုတ်စွအဆုံး သူမဆေးရုံကဆင်းမယ့်နေ့ကိုတောင် ကျွန် တော့်ကို မပြောခဲ့။
ဆေးရုံပေါ်ရောက်သွားပြီး ကုတင်ပေါ်မှာမတွေ့မှ ဆရာမ (နာစ့်) တွေကို မေးကြည့် မှသာ ဆေးရုံကဆင်းသွားမှန်းသိရသည်။
ကျွန်တော်လည်း အဲဒါကို အခွင့်ကောင်းယူပြီး သူမအိမ်ကို သွားမတွေ့ဘဲနေခဲ့လေ သည်။ ကျွန်တော့် တာဝန်ပြီးပြီပေါ့။ ပုံမှန်သွားတွေခဲ့တာပဲ။ ဘာထပ်လုပ်ပေးစရာလိုသေး လို့လဲ။ ပိုက်ဆံတွေလည်း ကုန်လှပြီ။ သူမနဲ့လည်းဆက်ပြီး မပတ်သက်ချင်တော့။
ညီညီကလွဲရင်ကျန်တဲ့သူတွေ အားလုံးကို ဂဃနဏ မပြောပြဖြစ်လို့ ဒွိဟဖြစ်နေတဲ့ စိတ်ကိုလည်း အဆုံးသတ်ပစ်လိုက်မည်ပေါ့။ အဲဒီလို တွေးထားပေမယ့် မအောင်မြင်ခဲ့ပါ။
အဲဒီ အမျိုးသမီးဆီက ဖုန်းကို စက်ဆုပ်စွာ လက်ခံရရှိခဲ့လေသည်။
“သော်မင်းနောင်၊ ကျွန်မ ဒဏ်ရာပျောက်ကင်းသက်သာသွားတာမဟုတ်ဘူးနော်။ ရှင်ရှောင်ထွက်သွားဖို့တော့ မကြိုးစားနဲ့။ မနက်ဖြန် အိမ်ကိုလာတွေ့ပါ။ လိပ်စာမသိဘူးလို့ မငြင်းနဲ့နော်၊ ရှင့်လိုအထင်ကရ သတင်းထောက်က အဲဒီလိုအကြောင်းပြချက်မျိုးပေးဖို့ မသင့်တော်ဘူး”
ပြောချင်ရာ ပြောပြီး ဖုန်းချသွားသည်။
ကောင်းပြီလေ။ အတိုင်းအတာတစ်ခု…. အင်း… အဲဒီအတိုင်းအတာတစ်ခုအထိပေါ့။ သည်းခံရမည်ပေါ့ လေ။
ကျွန်တော်သူမအိမ်ကို ရောက်သွားခဲ့ရပြန်ပါသည်။ ဒါပေမယ့်… ခါတိုင်းလိုပဲ အဆင် ပြေချောမွေ့မှုရှိမှာမဟုတ်ဘူးလို့ ထင်ထားခဲ့ပြီးသားပါ။
ဝှီးလ်ချဲလ်ပေါ်ထိုင်ရက်သားရှိပြီး သူမရဲ့နောက်မှာဝှီးလ်ချဲလ်ကို တွန်းလျက် အမျိုး သားတစ်ယောက်ကိုတွေ့ ရသည်။ ကျွန်တော့်ကို အဲဒီအမျိုးသားနဲ့ မိတ်ဆက်ပေးစဉ်မှာပဲ ပြဿနာအသစ်တစ်ရပ်စတင် ခဲ့လေသည်။
“ဒါ… ကျွန်မ ချစ်သူ ကောင်းမြတ်တဲ့၊ ကို… သူက သော်မင်းနောင်”
“အော်… ခင်ဗျားကိုး”
အဲဒီလူအကြည့်က ကျွန်တော့်အပေါ် အစာမကြေပုံ။
ခေါင်းတဆတ်ဆတ် ညိတ်လျှက် ကြည့်နေသည်။ ပြီးတော့….
“အခု… ခင်ဗျားကိုခေါ်တဲ့ကိစ္စက ကျွန်တော်ပြောစရာရှိလို့ပဲ။ ကျွန်တော့်အလုပ်က ဘန်ကောက်မှာ၊ အဲဒါကြောင့်ဒီမှာအမြဲမရှိဘူး။ ကျွန်တော်မရှိတဲ့ အခိုက်အတန့်မှာ ခုလို အဖြစ်အပျက်ဖြစ်သွားရတာပဲ။ ပြီးတာတွေ မပြောတော့ပါဘူး။ ခင်ဗျားကို အဓိကပြောချင် တာက ဒီကိုညနေတိုင်းလာပြီး မေနဲ့အတူ ခြံထဲကိုလေညှင်းခံထွက်ခိုင်းမလို့၊ ဝှီးချဲလ်တွန်း ခိုင်းမလို့ပဲ”
“ဘာ”
“မေက အရင်ကတည်းက ခြံထဲလေညှင်းခံထွက် လမ်းလျှောက်လေ့ရှိတယ်။ အခု အိမ်ထဲမှာပဲ နေရမှာဆိုတော့ တစ်နေ့ကိုခဏလောက် သဘာဝလေထု ရှူရှိုက်စေချင်တယ်။ ကျွန်တော်ကလည်း မအား၊ မေ့ကိုလည်း အိမ်ထဲမှာချည်း မနေစေချင်လို့ ခင်ဗျားကို ခေါ်ပြောရတာ”
သွားပြီ။ ကျွန်တော် ဒေါသတွေထိန်းလို့ရမှာ မဟုတ်တော့။ ပြောချင်ရာပြောမိတော့ မည်။ ခေါ်ပြောရတာတဲ့လား။ ခေါ်ခိုင်းရတာလို့ ဘာလို့ပွင့်ပွင့်လင်းလင်းမပြောရတာလဲ။
“ခင်ဗျားတို့ လွန်ပြီထင်တယ်နော်”
“ဘာကို လွန်ရမှာလဲ”
“ဟ… ကျွန်တော်က အခိုင်းအစေမဟုတ်ဘူး၊ ခင်ဗျားတို့ ပြောသမျှ ခိုင်းသမျှလုပ်ရ အောင် ကျွန်တော်ဘာကောင်ဖြစ်သွားပြီလဲ၊ ကျွန်တော်ဟာ ဂုဏ်သိက္ခာမရှိ၊ တန်ဖိုးမရှိတဲ့ လူဖြစ်နေပြီလား… ဟင်.. ခင်ဗျားတို့ အဲလိုမြင်လား အတတ်နိုင်ဆုံး သည်းခံပြီးနေနေတာ တော်တော်လွန်လာပြီဗျာ…”
“ဘာလွန်လို့လဲ၊ ဒါ ခင်ဗျားလုပ်ခဲ့တဲ့ အလုပ်အတွက် ပေးဆပ်ရမယ့်အကျိုးဆက်…”
“သွားစမ်းပါ၊ ဘာအကျိုးဆက်လဲ၊ ကျွန်တော်ဘာလွန်လွန်ကျူးကျူးမှ လုပ်ခဲ့တာ မဟုတ်ဘူး။ ခင်ဗျားတို့သာ တစ်ဖက်စောင်းနင်းဖြစ်နေတာ”
ကောင်းမြတ်ဆိုတဲ့ လူရှေ့ကို တိုးလာသည်။
ကျွန်တော့်ကို ရန်တွေ့မည်။ ပြဿနာရှာမည်ပေါ့။ ဘာဖြစ်သေးလဲ။ ကျွန်တော်… ကျိတ်မှိတ်နေတာတွေ ပွင့်အန်ထုတ်ပြလိုက်မှရတော့မည်။ အားနာနေလို့မဖြစ်။ ဒီအတိုင်း အတာထက်လွန်လာရင်တော့ ဆက်လက်သည်းခံနေလို့ မဖြစ်တော့။
“ဘာ… ခင်ဗျားကို ကျွန်တော်တို့ ပြဿနာရှာရင် ခင်ဗျားဘာဖြစ်သွားမယ်ထင်လဲ”
ရည်းစားဖြစ်သူနဲ့ တစ်လေသံတည်း။
“ဒါနဲ့ပဲ ကျွန်တော်က ခင်ဗျားတို့ ခိုင်းတာလုပ်ပေးရမယ်ပေါ့ ဟုတ်လား”
ဒီတစ်ခါတော့ မေမြသွယ် အသံထွက်လာသည်။
“ကျွန်မရှင့်ကို ဘာမှလွန်လွန်ကျူးကျူးခိုင်းတာမရှိဘူး။ အခုဟာကလည်းခိုင်းတာ မဟုတ်ဘူး အကူအညီတောင်းတာ”
“အကူအညီတောင်းတဲ့လေသံနဲ့ ခိုင်းတဲ့လေသံကို ကျွန်တော်မခွဲခြားတတ်တဲ့အ တွက် ဆောရီးပါ”
“ကဲပါလေ… အကူအညီတောင်းတယ်ပဲ ထားလိုက်ပါတော့…”
ရမလား။
သူတို့ နှစ်ယောက်စလုံးဆီမှ ဘာလို့ဒီလိုယုတ်မာတဲ့ အပြုအမူအပြောအဆိုတွေ ရှိ နေရတာပါလဲ။ ကောင်းမြတ် … နိုင်ငံခြားမှာ အလုပ်လုပ်နေသတဲ့ဗျာ။ ဒီလို ကျဉ်းမြောင်းတဲ့ အတွေးအမြင်ဘာလို့ရှိရတာလဲ။ ဒါမှမဟုတ် မှားမှန်းသိသိရက်နဲ့ ရည်းစားဖက်ကလိုက်ပြော နေတာလား။
“ကျွန်တော် မကူညီနိုင်ဘူး”
“ဟ ရင့်လှချည်လား”
“ကျွန်တော်က ရင့်တာမဟုတ်ဘူး။ ခင်ဗျားတို့ကသာ ကျွန်တော့်ကို စော်ကားပြီးရင်း စော်ကားနေတာ၊ ဘယ်နှယ့်ဗျာ… ဂုဏ်သိက္ခာကျတယ်ဆိုတဲ့ စွပ်စွဲချက်ကို တစ်ဖက်သတ် ချပြီး ကျွန်တော့်ကိုစိတ်ဒုက္ခတွေပေး၊ ဒါနဲ့တင်မကျေနပ်ပဲ ကားရှေ့ဖြတ်ပြေး ကားနဲ့တိုက် တယ်။ အရေးယူမယ်ဆိုပြီးခြိမ်းခြောက်၊ ဆေးဖိုးဝါးခ စားစရိတ်တွေ ကုန်ကျအောင်လုပ်… ဒါနဲ့တင်မကဘဲ…”
“အဲဒါတွေအကုန်လုံးက ခင်ဗျားတောင်းပန်လိုက်ရင်ပြီးတာပဲ။ ဒါမှမဟုတ် ဂျာနယ်ထဲ ကနေ အမှားပြင်ဆင်ချက်ထည့်ပြီး တောင်းပန်…”
“ကျွန်တော်မလုပ်ပေးနိုင်ဘူးလို့ ပြောပြီးပြီပဲ၊ ဒီအချိန်အထိရောက်လာပြီးမှ ပိုတောင် မလုပ်ပေးသေးတယ်”
“မရဘူး၊ ခင်ဗျားလုပ်ကို လုပ်ရမယ်”
ရင့်သီးလွန်းသည်။
သူငယ်ချင်း သတင်းထောက်တွေသိရင် ကျွန်တော့်ကိုဝိုင်းပြီး ဆဲလိုက်ကြမယ့်ဖြစ် ခြင်း၊ ဘာလို့ဒီလောက်ထိ သည်းခံနေရသလဲဆိုပြီး အားမလိုအားမရဖြစ်ကြလိမ့်မည်။
“အေး မလုပ်နိုင်ဘူး”
ကျွန်တော်လှည့်ထွက်လာခဲ့သည်။
အဓိပ္ပာယ်မရှိတာ၊ ကျွန်တော့် အခြေအနေ၊ အနေအထားနဲ့ ဒီလောက်လုပ်ပေးတာ တောင်လွန်လှပြီ။ တံခါးမကြီးရှိရာအထွက် ဆင်ဝင်အောက်ကို လျှောက်စဉ်မှာပဲ အဲဒီကောင် လိုက်လာပါသည်။
“သော်မင်းနောင်၊ ခင်ဗျားကို ကျွန်တော် ပြောနေတယ်”
ဂရုမစိုက် လျှောက်မြဲလျှောက်နေသည်။
“ဟေ့ကောင်”
သူက ကျွန်တော့် ပခုံးကိုဆတ်ခနဲကိုင်ပြီး သူနဲ့ မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်၏။ တဒင်္ဂ။ အဲဒီခဏမှာ ကျွန်တော့် မျက်နှာတစ်ခြမ်းခွပ်ခနဲမြည်သွားသည်။ မျက်လုံးခဏ မှိတ်မိပြီး ပြန်ဖွင့်စဉ်မှာပဲ ကြယ်တွေလတွေ မြင်လိုက်ရသည်။
သူ ကျွန်တော့်ကို ဆွဲထိုးလိုက်မှန်းလည်းသိရော၊ ဒေါသမထိန်းချုပ်နိုင်ဘဲ သူ့ရဲ့ မျက်နှာဆီကို ခန္ဓာကိုယ်မှရှိသမျှ အင်အားတွေစုပြီး ညာဖက်လက်သီးထဲထည့်ကာ သူ့ မျက်နှာ တည့်တည့်အပေါ်ကို ပြန်ထိုးချပစ်လိုက်မိလေသည်။ သူနောက်ကို ပက်လက်လန် လဲကျသွားပါသည်။
“ဟာ… မင်းငါ့ကို ပြန်ထိုးတယ်”
သူက ကျွန်တော့်ကို အံ့အားသင့်ပြီးကြည့်နေသည်။
“မင်းက ဘာမို့လို့ ငါက ပြန်မထိုးဘဲနေရမှာလဲ။ ပြဿနာကို ငါကစပြီး ဖန်တီးတာ မဟုတ်ဘူး။ မင်းတို့ကစ ဖန်တီးတာ။ အရာရာတိုင်းမှာ တုန့်ပြန်မှုရှိတယ်ကွ၊ အတိုင်းအတာ တစ်ခုအထိ မင်းကိုသည်းခံပြီးသွားပြီ။ ငါ ဆက်သည်းမခံနိုင်တော့ဘူး။ ငါ့အပေါ် ကိုယ်ထိ လက်ရောက် စော်ကားတဲ့အတွက် ဒီလောက်နဲ့ ငါကျေနပ်မယ်မထင်နဲ့”
မေမြသွယ် ဝှီးချဲလ်ကို ကိုယ်တိုင်တွန်းပြီးထွက်လာသည်။ မြင်လိုက်ရသည့် မြင်ကွင်း ကြောင့် အံ့အားသင့်သွားဟန်တူပါသည်။
“ကို…”
ကျွန်တော့်ကို ကိုက်စားမတတ်ကြည့်နေ၏။
”မေမြသွယ်၊ ကျွန်တော်ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ခင်ဗျားတို့ ကျွန်တော့် အပေါ် ဒီလောက်ဒုက္ခပေးတာနဲ့တင် ကျေနပ်လိုက်ပါ။ ဒီနေ့ ဒီတင်ပဲ ကျွန်တော်တို့ရဲ့ အဖြစ် အပျက်ကို အဆုံးသတ်လိုက်ရအောင်၊ မဟုတ်ရင် ကျွန်တော့်ဘက်ကလည်း တုန့်ပြန်မှုတွေ ပေးရလိမ့်မယ်။ ကျွန်တော့်ဖက်ကတော့ ခင်ဗျားအပေါ် ဒီနေ့ကစပြီး ဇာတ်လမ်းပြတ်ပြီ”
အဲလိုပြောပြီး ထွက်လာခဲ့သည်။
သူတို့ဒေါသထွက်ပြီး ကျန်ခဲ့မှာဖြစ်သလို ကျွန်တော့်ဒေါသကလည်း တော်ရုံနဲ့ ပျောက်မည်မထင်ပါ။ ဘာတွေဆက်ဖြစ်ဦးမလဲ မေမြသွယ်။
x x x x x