(၃၃)
Hoa နဲ့ကျွန်တော်တို့ရဲ့ စကားတွေကြားမှာ အမျိုးအမည်မသိတဲ့ တံတိုင််းကြီးတစ်ခု ခြားသွားသည်။ စကားလုံးတိုင်း စကားလုံးတိုင်း ဝေးကွာမှုတွေ…ဝေးကွာမှုတွေရဲ့ အငွေ့ အသက်ကို ခံစားလာရသည်။ မိုင််ပေါင်းများစွာ လူအချင်းချင်း ဝေးကွာခြင်းမဟုတ်။ နှလုံးသားချင်းဝေးကွာ နေသလို…
ချစ်သော မောင်
ပျော်ရွှင်သော ခရီးဖြစ်ခဲ့ရဲ့လား။ လွမ်းလိုက်တာ။ မောင့်ဆီက ရခဲ့ဖူးတဲ့ နှုတ်ဆက် အနမ်းကိုလည်းလွမ်းတယ်။ မောင်နဲ့ ပတ်သက်တဲ့အရာအားလုံးကို လွမ်းတာပါပဲ။
ဟန်နီ
ချစ်သော Hoa
ကိုယ်ပြန်ရောက်ပြီ။ ဒီကြားထဲ ဟန်နီပို့ထားတဲ့ စာတွေကို ဖတ်ရပါတယ်။ Gmail ထဲမှာရော။ Facebook ထဲမှာရော။
ကိုယ်လည်း မင်းကိုလွမ်းတာပါပဲ။
မောင်
Hoa ဆီကစာတွေအများကြီး ရောက်နေပါသည်။ ကျွန်တော့်ဖက်ကတော့ တစ်စောင်တည်းပဲပြန်နိုင်သည်။
စိတ်မကောင်းအဖြစ်ရဆုံးကတော့ ဓာတ်ပုံပဲ။ Hoa ပို့လိုက်တဲ့ ဓာတ်ပုံတစ်ပုံပေါ့။ ဗီယက်နမ်ရိုးရာ သတို့သမီးဝတ်စုံနဲ့ ဓာတ်ပုံဖြစ်သည်။ ပန်းဆီရောင် ဝတ်စုံလေးနဲ့ Hoa အရမ်းလှနေပါသည်။ ပန်းဆီရောင် ဂါဝန်ရှည်ကြီးဖြစ်သည်။ လက်တွေ၊ ရင်ဘတ်တွေနေ ရာမှာဇာတွေနဲ့ အလှဖော်ထားသည်။ ပြီးတော့ ပန်းရောင်ဦးထုတ်။ အနုစိတ် အကွက် ဖော်ထားသော ရိုးရာဦးထုတ်…။ Hoa နဲ့လိုက်ဖက် လိုက်တာ။ လက်ထဲမှာတော့ နှင်းဆီပန်း စည်းကြီးကို ကိုင်ထားလို့။
လှချင်် တိုင်းလှနေတဲ့ ချစ်သူရဲ့ ဘေးနားမှာ သတို့သား ဖြစ်ခွင့်ကတော့။ ဘုရား… ဘုရား။ အဲဒါ ကျွန်တော့်ဘဝမှာ အလိုချင်ဆုံး၊ အတောင့်တဆုံးအရာလေး။ ဒါပေမဲ့…။
ဘာကြောင့်လဲ။
ကျွန်တော််အလိုချင်ဆုံး အခြေအနေကို ဘာကြောင့် လက် လွှတ်ခံချင်နေရတာ
ပါလဲ။ အဖြေကို ရှာကြည့်တော့ ” သနားကြင်နာမှု” ဆိုတာကို တဖြည်းဖြည်းမြင် ယောင်လာသည်။
သော်မင်းနောင်… မင်းအဲဒီလောက် ထိတန်ရဲ့လား။
ဘာကြောင့််လဲ…. ကျွန်တော်ဘာကြောင့်အဲဒီလို ဆုံးဖြတ်ခဲ့တာလဲ။ မသိစိတ်ထဲမှာ သနားကြင်နာမှုက ဘာလို့ အနိုင် ယူလိုက်ရတာလဲ။ Hoa ကိုရော မသနားဘူးလား။ အခုလို ဆုံးဖြတ်လိုက်တဲ့အတွက် Hoa ဘယ်လိုခံစားရမလဲ။
Hoaသည် ကျွန်တော်နဲ့ နေထိုင်တဲ့ နိုင်ငံချင်းလည်း မတူပါ။
လူမျိုးချင်း၊ ဘာသာစကားချင်းလည်း မတူပါ။ ယဉ်ကျေးမှုချင်းလည်းကွဲပြားလေ သည်။ အဲဒီ ကွဲပြားမှုတွေကြားမှာ အပြန်အလှန်ချစ်ကြတာဖြစ်သည်။ ဆုံတွေ့ရမှုအတွက် အခက်အခဲတွေရှိပေမယ့် ကျွန်တော်တို့ နှစ်ယောက်ရဲ့ အပြန်အလှန်ချစ်ခြင်း တရားက တော့ နက်ရှိုင်းသည်ထက် နက်ရှိုင်းခဲ့တာ တကယ်ပါ။ ဒါပေမဲ့…။
Hoa… ကိုယ့်ကို ခွင့်လွှတ်ပါ။
ကျွန်တော် သူမဆီကို အီးမေးလ်လည်း မပို့ဖြစ်တော့ပါ။
ဖေ့စ်ဘုတ်ပေါ်မှာ ရောက်နေတဲ့ မက်စ်ဆေ့ချ်တွေကိုလည်း ရင်နာနာနဲ့ဖတ်ရင်း ကျိတ်မှိတ်ငိုကြွေးခဲ့ရလေသည်။
လူးလိမ့်လို့နေ၏။
လက်ကိုင်ဖုန်းကိုလည်း Overseas ခေါ်ဆိုမှု လာခဲ့ရင်မကိုင်ဖို့ ဆုံးဖြတ်ထားလေ သည်။ အလုပ်။ ကျွန်တော် အလုပ် လုပ်ဖို့ စိတ်တွေ ထွေပြားနေပါသည်။ သတင်းစာရှင်း လင်းပွဲ တစ်ချို့ကိုသာ တက်ဖြစ်လေသည်။
” မင်း Hoa ကို ဘယ်လိုလုပ်မလဲ။ အွန်လိုင်းပေါ်မှာ မင်းအကြောင်းကိုပဲ တမေး တည်းမေးနေတယ်။ ဘယ်လိုပြန်ပြော ရမလဲ နောင်နောင်၊ ဘာကြောင့်လဲ။ မင်းဘာကြောင့် အဲ့လို ဆုံးဖြတ်ခဲ့တာလဲ”
တခြားလူတွေကတော့ ထားပါတော့။ ကျွန်တော့်အကြောင်းကို ဂဃနဏ မသိလို့။ ဒါပေမဲ့ ညီညီ။ သူကိုတော့ ဘယ်လို ရှင်းပြရမလဲ။ မေမြသွယ်ရဲ့ အကြောင်းကို ဖွင့်ပြော လိုက်ရမလား။
ဟင့်အင်း။ ပြောပြလို့ မဖြစ်။
”ငါ မပြောပြချင်ဘူး။ Hoaကိုလည်း ဖြစ်နိုင်ရင် Block သာလုပ်ထားလိုက်ပါကွာ။ ငါစိတ်တွေလေနေတယ်”
”အာ… မင်းကတော့ လုပ်ပြန်ပြီ”
”တစ်ချိန်ချိန်မှာတော့ မင်းကို ဖွင့်ပြောဖြစ်မယ်ထင်ပါတယ်။ လောလောဆယ်က တော့ ငါစိတ်တွေထွေပြားနေတာပဲ သိတယ်။ ငါ့ဆီမှာကြီးလေးတဲ့အကြောင််း အရာ မရှိဘဲနဲ့တော့ မေမြသွယ်ကို လက်ထပ်မှာမဟုတ်ဘူးဆိုတာတော့ မင်းသဘောပေါက်မှာပါ ညီညီ။ အဲဒီအကြောင််းအရာက ငါ့ဘဝတစ်ခုလုံးနဲ့ ရင်းရတာလေ”
ညီညီ့အနေနဲ့ အကြမ်းဖျင်းလောက်တော့ သဘောပေါက်လောက်ပါသည်။ မေမြ သွယ်အခန်းထဲမှာ တစ်ည…။ အဲဒါပြီး နောက်ပိုင်း ကျွန်တော်ဒီလိုမျိုး အချိုးပြောင််းသွားတာ ဆိုတော့ ညီညီ မတွေးဘဲမနေပါ။
”ဘာပဲဖြစ်ဖြစ် မင်း Hoa ကို ဒီလိုတော့ မရက်စက်သင့်ဘူးလေ။ တကယ်လို့ ဖြတ်မယ်ဆိုရင်လည်း အကျိုးအကြောင်းလေးဖြစ်ဖြစ်၊ နောက်ဆုံးကွာ ကိုယ့်ကို ခွင့်လွှတ်ပါ ဆိုတဲ့ စာသားလေးဖြစ်ဖြစ်”
”ဟင့်အင်း ညီညီ ငါငါမပြောရက်ဘူး”
”ပါးစပ်ကပြောရတာမှ မဟုတ်တာ။ စာနဲ့ရိုက်ပြောတာပဲလေကွာ”
ညီညီက ရိသဲ့သဲ့ပြောပြန်သည်။ ဟင့်အင််း။ ဘယ်လိုအင်အားတွေနဲ့ ကျွန်တော်ရိုက် ရမှာလဲ။
” ငါ…”
”ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချပြီးရင် ကျန်တဲ့ အကြောင််းအရာတွေကို လက်စသတ်ပစ်ရမှာပေါ့ နောင်နောင်၊ မင်းအဲဒီလိုတော့ မပြတ်မသား မလုပ်သင့်ဘူး သူငယ်ချင််း”
မပြတ်သားရက်။
အား …. ကျွန်တော် ဘာလုပ်ရမလဲ။
” ငါ ခွင့်တစ်ပတ်ယူဦးမယ်ကွာ”
ညီညီ့ကို အဲဒါပဲ ပြန်ပြောဖြစ်သည်။
အဲဒီကောင်ရဲ့ မကျေမနပ်ပြောဆိုသံတွေကို လျစ်လျူရှုထားပစ်လိုက်၏။ သေချာ တာကတော့ ကျွန်တော်ဆုံးဖြတ် ချက်ချပြီးသွားပြီမို့ နောက်မဆုတ်နိုင်တော့ပါ။ အဲဒီနောက်မှာတော့…။
x x x x x