ရင်နှင့်အမျှ အပိုင်း (၃၅)

(၃၅)

ဘာကြောင့််လဲ ဆိုတဲ့ အဖြေတစ်ခုတည်းအတွက် ရေမြေခြားတစ်နေရာကနေ လာခဲ့သည်။ ကျွန်တော်သူမကို အဆက်အသွယ်ဖြတ်ထားတဲ့ ကာလတစ်လျှောက်လုံး ကျွန်တော့်အကြောင်းစုံစမ်းနေခဲ့မည်ပေါ့။
ဒီတော့လည်း ကျွန်တော့် မင်္ဂလာဆောင်ကို သူမရောက်လာတာ မဆန်းကြယ်တော့ ပါချေ။ ဒါပေမယ့်……. ဒါပေမယ့်…… Hoa ရယ် ။
ကိုယ်ဘယ်လို အင်အားနဲ့ မင်းကို ရင်ဆိုင်ရမလဲ။
Hoa ကို ကျွန်တော် သနားသည်။ ဒီ့ထက် ပိုပြီးမြတ်မြတ်နိုးနိုးချစ်ပါသည်။ အင်း… ဒါပေမယ့်….. အခုချိန်မှာ။
” ဘာကြောင့်လဲ မောင်”
Why? ဆိုတဲ့မေးခွန်းအတွက် ကျွန်တော််ဘယ်လိုပြန်ဖြေရမလဲ။ သူမနဲ့ ရင်ဆိုင်ဖို့ တောင် ကျွန်တော် မနည်းကို အားအင်တွေ မွေးခဲ့ရသည်။
”ကျေးဇူးပြုပြီး ဖြေပေးပါ မောင်ရယ်”
ကျွန်တော့်ကို သူမသိုင်းဖက်ပွေ့ကာ ကျွန်တော့် ပခုံးပေါ်ရှိုက်ငိုပါသည်။ ကိုယ့်လက် မောင်းဟာ မင်း မျက်ရည်တွေ ကျဆင်းစေခဲ့တဲ့နေရာ ဖြစ်မှန်းမသိဖြစ်ခဲ့ပြီပေါ့ Hoa။
“မောင့်ကို ကျွန်မ သိပ်ချစ်တယ်”
တော်ရုံနှင့်မခွာပါ။
ကျွန်တော်ရော… ကျွန်တော်လည်း သူမကို ပွေ့ဖက်ထားပြီး ရှိုက်ငိုမိပါသည်။
အင်း..မဖြစ်။
အတတ်နိုင်ဆုံး ချုပ်တည်းထားလိုက်သည််။
သူမနဲ့ အပြိုင် ကြေကွဲမိနေသော အဖြစ်ကို ထိန်းချုပ်လိုက်မိသည်။ မျက်ရည်တွေ ကို သုတ်ပစ်လိုက်၏။ ကျွန်တော် ဝမ်းနည်းကြေကွဲနေတာ Hoa သိလို့မဖြစ်။
”Hoa”
တင်းကြပ်စွာ ဖက်ထားသော သူမလက်တွေကို ဆွဲဖယ်လိုက်သည်။ သူမရဲ့ ကျွန်တော့်အပေါ် အကြင်နာလက်တစ်စုံ။ ဟင့်အင်း။ အဲဒီအကြင်နာလက်တစ်စုံကို ကျွန်တော် ခင်တွယ်နေလို့ ဖြစ်မှာမဟုတ်တာ။
”ကို်ယ့်ကို ခွင့်လွှတ်ပါ။ ကိုယ်ဟာ ကာမပိုင် မိန်းမရှိတဲ့ လူတစ်ယောက်။ အိမ်ထောင် ရှင်ယောက်ျားတစ်ယောက် ဖြစ်နေပြီ Hoa”
ရှောင်ဖယ်ခံလိုက်ရသော လက်တွေက သူမ မျက်နှာပေါ် မျက်ရည်တွေကို သုတ်ပစ် နေသည်။
”ခွင့်လွှတ်ပါဆိုတဲ့ စကားတစ်ခွန်းတည်းကို ကြားချင်လို့ ရန်ကုန်ကိုလာခဲ့တာ မဟုတ်ဘူး၊ ကျွန်မလိုချင်တာ အကြောင်း ပြချက််… ”
”………………”
ကျွန်တော်ဆွံ့အနေမိသည်။
”မောင် Hoa ကို အသက်တမျှ ချစ်တယ်ဆို၊ ရင်နှင့်အမျှချစ််တယ်ဆို”
သိပ်ချစ်တာပေါ့။
Hoa ကို ရင်နှင့်အမျှ ချစ်ရပါတယ်။
”ကိုယ်…”
တဒင်္ဂအတွင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိသည်။
ကျွန်တော် ဟန်ဆောင်ရမည်။ ဟန်ဆောင်ကောင်းရမည်။ Hoa အတွက်။
”ဟင့်အင်း၊ ကိုယ် Hoa ကို တကယ်မချစ်ဘူး”
သူမ ကြောင် ကြည့်သည်။
” ဘယ်လို”
”ဟုတ်တယ် ကိုယ်Hoa ကို တကယ်မချစ်ခဲ့ဘူး။ ကိုယ်နဲ့ လက်ထပ်ခဲ့တဲ့ ကောင်မလေးနဲ့ တွေ့ပြီး နောက်ပိုင်းမှသိလာ တာ”
”မောင် လိမ်နေတယ်”
စွပ်စွဲချက််မဟုတ်။
အမှန်တရားတစ်ခုသာ။ ဒါပေမယ့် အဲဒီအမှန်တရားကို ဖုံးကွယ်ပစ်ရမည်။ ကျွန်တော် တတ်နိုင်သလောက်။ Hoa အတွက်ပေါ့။
ကျွန်တော် ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး သူမမျက်နှာကို အသေအချာကြည့် လိုက်သည်။ သော်မင်းနောင်… မင်း တင်းထားစမ်း။ အတတ်နိုင်ဆုံး ချုပ်တည်းထားစမ်း။ မင်းဟန်ဆောင်ကောင်းဖို့လိုတယ်။
“Hoa ကို်ယ့်ဆီမှာ မင်းမသိသေးတဲ့ အကျင့်တစ်ခုရှိတယ်။ အဲဒါကခရီးသွားရင်ပဲဖြစ် ဖြစ်။ ဘယ်နေရာရောက်ရောက် မိန်းကလေးတွေကို အခွင့်အရေးရရင် ရသလို အီစီကလီ လုပ်တတ်တယ်”
သူမ ငြိမ်သက်စွာကြည့်နေ၏။
” မင်းကလည်း ကိုယ်လှည့်စားခဲဲ့တဲ့ လူတွေထဲက တစ်ယောက်ပဲ”
သူမ ယုံ မယုံမှန်းတော့ မသိပါ။
ကျွန်တော်ကတော့ ပင်ပန်းလှပြီ။
”ကျွန်မ တို့တည်ဆောက်ခဲ့တဲ့ အနာဂတ်ကရော…”
”အနာဂတ်ကို လေနဲ့ဆောက်တဲ့သူတွေ အများကြီးပဲလေကွာ၊ မင်းနဲ့ကိုယ်နဲ့လက် ထပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ လူတိုင်းကိုမေးကြည့် မဖြစ်နိုင်ဘူးလို့ပဲ ဖြေကြမှာ ပဲ။ ကိုယ်လည်း အဲဒီလိုပဲ ယူဆထားတယ်။ မင်းကိုတော့ လေနဲ့ အနာဂတ်တွေ တည်ဆောက်ပြရတာပေါ့လေ”
”မောင် တကယ်ပြောနေတာလား”
”Hoa ကိုယ်မင်းကို အဲလောက်ထိညံ့မယ်လို့ မထင်ထားဘူး။ ကိုယ်ရဲ့ ပဟေဠိကို တောင် ဖော်နိုင်ခဲ့တာ။ အရမ်းတော်မယ်လို့ ထင်ထားခဲ့တယ်။ ဒီတစ်ခါတော့ ညံ့သွားပြီ။ ကိုယ်ယုတ္တိရှိအောင် တွေလုပ်ပြနေတာကိုတကယ်ပဲယုံခဲ့ တာကိုး”
”ရှင်…”
”ဟိုချီမင်းကို အပျော်ခရီးထွက်တာနော်၊ တကယ်တော့ မင်းကိုတကူးတက လာတွေ့တာမဟုတ်ဘူး”
”……………”
”မင်္ဂလာဆောင်မှာ မင်းကို ရုတ်တရက်ကြီးတွေလိုက်တော့ တကယ်အံ့အားသင့် သွားမိတယ် Hoa… ကိုယ် အလိမ်ပေါ်ခဲ့ပြီလေ။ အဲဒါကြောင့် မျက်နှာအမူအရာပျက် နေတာ”
”ကျွန်မ…”
”မင်း ယုံတာ၊ မယုံတာ ကိုယ်စိတ်မဝင်စားဘူး Hoa လက်ရှိအခြေအနေအရလည်း စိတ်ဝင်စားဖို့ မလိုအပ်ဘူး။ မင်းနဲ့ ကိုယ်လည်းဘာမှမပတ်သက်တော့ဘူးလေ။ ပြန်ပါတော့ Hoa မင်း မြန်မာနိုင်ငံကနေ ထွက်သွားပါတော့ မင်းရှိ နေတာ ကိုယ့် အတွက်အမှိုက်တစ်ခု လိုပဲ”
မတတ်နိုင်ဘူး။
ဘယ်လိုမှမတတ်နိုင်တော့ဘူး Hoa ရယ်။ ဟန်ဆောင်ကောင်းလှစွာ ပြောနေမိ သည်။
”တစ််ခါတစ်လေတော့လည်း ဘဝမှာ အဲဒီလိုမျိုးလူတစ်ဖက်သားကို လှည့်စားရတာ ပျော်ဖို့တော့ကောင်းသား။ ဒါပေမယ့် မင်းအတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။ အား လည်းအားနာ…”
”တော်တော့…”
သူမရဲ့ လက်ဖဝါးအစုံနဲ့ ကျွန်တော့်ပါးစပ်ကိုလာ ပိတ်သည်။
သူမ ကျွန်တော့်ရင်ဘက်ကို တွန်းထုတ်လိုက်ကာ ဒူးထောက်ထိုင်ချလျက် ငိုနေ သည်။
”မုန်းတယ်”
ဘုရား၊ ဘုရား။ Hoa ကျွန်တော့်ကို မုန်းတယ်တဲ့။
”မောင့်ကို မုန်းတယ်”
ကျွန်တော်လိုချင်တာ အဲဒါပဲလေ။ သော်မင်းနောင် မင်းလိုချင်တာရပြီမှလား ဘာလို့စိတ် မကောင်း ဖြစ်နေတာလဲ။ ကျွန်တော် ငြိမ်သက်စွာ နှုတ်ဆိတ်စွာရပ်နေမိ၏။
”ထွက်သွား ….ရှင် ထွက်သွား…”
သူမက သူမအနားမှာရှိတဲ့ ပစ္စည်းတွေနဲ့ ကျွန်တော့်ကို ပစ်ပေါက်သည်။ ကုလားထိုင်ဆိုဖာ၊ စာရေးကိရိယာ တွေ။ ပန်းအိုးထဲက ပန်းတွေ၊ စာအုပ်တွေနဲ့…။
”သွား…သွားပါတော့…”
ကျွန်တော်လှည့်ထွက်လာခဲ့သည်။
တင််းထားသမျှတွေ လျှော့ချလိုက်တော့ ဒူးထောက်ခွေယိုင်ကျသွား၏။
x x x x x