ကမ်းခြေတော်တော်များများမှာ မတွေ့ရတဲ့ အစုလိုက်အပြုံလိုက် Jelly Fish အုပ်စုကြီးတွေ ကျက်စား ပျော်မြူးတဲ့နေရာ ကိုယ်တွေအနားမှာ ရှိတယ်ဆိုတာကို အဲဒီကျွန်းရောက်မှ မျက်ဝါးထင်ထင် တွေ့ခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး။ လူလုပ်ကျွန်းမဟုတ်တဲ့ သဘာဝအတိုင်းတည်ရှိနေတဲ့ ကျောက် ဆောင်၊ ကျောက်တောင်တွေ၊ မြင်ရစားရဖို့သိပ်မလွယ်ကူတဲ့ ငါးမျိုးစိတ်တွေ၊ လူသံကြားရင်ထွက်မ ပြေးတတ်တဲ့ ဝင်ကစွပ်အစုလိုက်အပြုံလိုက်တွေကိုလည်း အဲဒီကျွန်းမှာတွေ့ရတတ်ပါတယ်။
ရန်ကုန်နဲ့သိပ်မဝေးတဲ့နေရာ
ငပလီကိုသွားပြီးတကူးတကပျော်ပါးအချိန်ကုန်ကြသေးတာ ဂွကျွန်းကိုတော့ ငပလီသွားတဲ့ခရီးရဲ့ တစ်ဝက်နဲ့တင်ရောက်ပါတယ်။ ဆိုလိုချင်တာက ကားအကြာကြီးမစီးရဘူး။ အချိန်ပိုရတယ်။ အေးအေး လူလူနေရတယ်။ Luxury Type မဟုတ်ဘဲ သဘာဝကိုနှစ်သက်သူတွေအတွက်ဆိုရင် စွန့်စားလေ့လာ စရာအများကြီးလည်းရပါတယ်။ နောက်အရေးကြီးတာတစ်ခုကတော့ သူငယ်ချင်းတွေအုပ်စုလိုက်ဖွဲ့ပြီး စျေးသက်သက်သာသာနဲ့သွားလို့ရပါသေးတယ်။ ရခိုင်ပြည်နယ် ဂွမြို့အနီးက ဂွကျွန်း၊ ရန်ကုန်နဲ့ ၂၅၇ ကီလိုမီတာအကွာအဝေးရှိတဲ့နေရာဖြစ်ပါတယ်။
ဂွကျွန်းကိုသွားဖို့ အတွက် ရန်ကုန်-ငပလီကားကိုစီး၊ ဂွမြို့မှာဆင်းခဲ့ပါတယ်။ ည ၇ နာရီကားစီးသွား တာ ဂွကို ည ၂ နာရီဝန်းကျင်လောက်ရောက်တာမို့ ဘိုကင်လုပ်ထားတဲ့ တည်းခိုခန်းမှာတစ်ညတာ ဖြတ်သန်းခဲ့တာပေါ့။ မနက်မိုးလင်းတော့ ဂွစျေးကိုပတ်ကြည့် မနက်စာ ရခိုင်မုန့်တီစား လိုအပ်တာတွေ ဝယ်ပြီး ဂွကျွန်းရှိရာဆီကိုခရီးဆက်ဖို့ပြင်ပါတယ်။ မြစ်ဆိပ်ရှိရာဆီကို တည်းတဲ့တည်းခိုခန်းက လိုက်ပို့ ပေးပြီး ဂွမြို့တစ်ဖက်ကမ်းကို စက်လှေနဲ့ကူးခဲ့ကြပါတယ်။ အဲဒီဖက်ကျွန်းမှာ ကိုယ်တွေအဖွဲ့လိုက်ခရီး သွားတွေကို ကူညီပေးမယ့်အစ်ကိုကိုဖုန်းဆက် ခရီးအတွက်လိုမယ့်ပစ္စည်းတွေ ဂွစျေးကဝယ်လာတဲ့ စားစရာသောက်စရာတွေအပြင် လိုအပ်တာတွေကိုဝယ်ခြမ်း ပြင်ဆင်ကြတာပေါ့။ ဟိုဖက်မှာက စားစ ရာရှားတယ်လေ။
ရွာလေးတွေကိုဖြတ်ပြီးသွားတဲ့ခရီး
ဂွကျွန်းတစ်ဖက်က ရွာက မန်းကျဉ်းငူလို့ခေါ်သတဲ့။ မန်းကျဉ်းငူကနေ ဆိုင်ကယ်ကယ်ရီတစ်စီးကို ၁၅၀၀ ပေးပြီး ဂွကျွန်းရှိရာဆီကိုလာခဲ့ပါတယ်။ မန်းကျဉ်းငူ၊ ရွှေရချိုင်၊ ချမ်းသာကျေးရွာတွေကိုဖြတ်ပြီး တဲ့နောက်မှာတော့ ဂွကျွန်းကိုတွေ့ပါပြီ။ ချမ်းသာရွာရဲ့တစ်ဖက်ကမ်းမှာ ထီးထီးကြီးတည်ရှိနေတဲ့ဂွ ကျွန်း။ ပုံမှန်ပင်လယ်ရေထက်ပြာလဲ့ပြီး ရေဘယ်လောက်နက်နက် ရေအောက်ထဲအထိထွင်းဖောက် မြင်နေရတဲ့ကျွန်းလေးတစ်ကျွန်းပါပဲ။ “အဲဒီကျွန်းကိုခဏတစ်ဖြုတ်သွားပြီး ဒီဖက်မှာအခြေချ အေးအေး လူလူအဖွဲ့လိုက်စားသောက်ပြီး ပျော်ပျော်ပါးပါးနေလို့ရတယ်လေ အစ်ကိုတို့အစ်မတို့” လို့ ဝန်ဆောင် ပေးတဲ့ အစ်ကိုကဆိုပေမယ့် ကိုယ်တွေကတော့ ဂွကျွန်းမှာပဲနေချင်၊ အိပ်ချင်တာဆိုတော့ သူပြောတာ ကိုလက်မခံခဲ့ပါဘူး။ နောက်တစ်ခေါက်မှပေါ့လို့ ပဲပြန်ဖြေခဲ့ပါတယ်။
ဘာလို့ ဂွကျွန်းမှာ ညအိပ်ချင်တာလဲ
Cray Rich Asian ထဲမှာ မင်းသားတို့အုပ်စု သူငယ်ချင်းအဖွဲ့လိုက်ခရီးထွက်ပြီး ကျွန်းတစ်ကျွန်းလုံး ကို အပိုင်ဝယ်အေးအေးလူလူအပန်းဖြေနေသလိုမျိုးပဲ ဂွကျွန်းမှာခံစားချင်တဲ့စိတ်ရလာလို့ပါ။ ဘာလို့လဲ ဆိုတော့ အဲဒီဂွကျွန်းတစ်ကျွန်းလုံးမှာ လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှမရှိပါဘူး။ ကျွန်း သေးသေးလေးလည်းဖြစ်တယ်၊ ကျောက်ဆောင်တွေ တောင်တွေ နဲ့ တောအုပ်တွေသာရှိတယ်လေ။ နေ့ခင်းနေ့လည် ခဏသွားလည်ကြပြီး ညနေစောင်းရင် ပြန်ပြန်လာတတ်ကြတာမို့ ကျွန်းကြီးက ည ဖက်မှာ အထီးကျန်လှပါတယ်။ ပိုက်ချ ကွန်ချတဲ့သူတစ်ချို့ကသာ ကျွန်းကို လှေနဲ့ တစ်ခါတစ်ခါပတ် သွားကြတာလောက်ပဲရှိတယ်တဲ့။ အဓိကဖြစ်တဲ့ ရေချိုတွင်းသေးသေးလေးတစ်တွင်းလည်းရှိတာမို့ ညအိပ်လို့ကောင်းတဲ့နေရာပါပဲ။ တစ်ယောက်နှစ်ယောက်ဆိုရင်တော့ ကြောက်စရာကြီးပေမယ့် ကျွန် တော်တို့ကတော့ အဖွဲ့တောင့်တာမို့လို့ သရဲလည်းပြန်ကြောက်မယ့်ကိန်းပေါ့။
ဂွကျွန်းကိုစက်လှေငှားတော့ အသွားလိုက်ပို့ ကိုယ်ပြန်ချင်တဲ့အချိန်ဖုန်းဆက်ရင်လာကြို တစ်သောင်းခွဲ ပဲကျပါတယ်။ ဒီနေ့သွားပြီး အဲဒီမှာညအိပ်မယ် မနက်ဖြန်မှလာကြိုပေးဆိုတော့ ရပါတယ်တဲ့။ လိုတာ ရှိရင်လည်း အချိန်မရွေးဖုန်းဆက်ရင်လာပို့ပေးပါ့မယ်လို့ဆိုပါတယ်။ ဒီတော့ စိမ်းပြာပြာရေကြည်တွေ ကိုဖြတ်ပြီးဂွကျွန်းကိုလာခဲ့ကြပါတယ်။ ပင်လယ်တစ်လျှောက်လုံးမှာ ဖွေးဖွေးလှုပ်နေတာက Jelly Fish တွေပါပဲ။ များလိုက်တဲ့ Jelly Fish တွေ။ ရေက အောက်ထဲအထိထွင်းဖောက်မြင်နေရသလို Jelly Fish တွေကလည်း ဟိုနေရာလေးငါးကောင်တစ်စု ဒီနေရာလေးငါးကောင်တစ်စုနဲ့ ပင်လယ်တစ်ပြင်လုံး သူ တို့ချည်းနေရာယူနေတာကိုလည်း ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။
မိနစ်ပိုင်းသာစက်လှေစီးပြီးလာရတဲ့ အဲဒီကျွန်းပေါ်ကိုရောက်တာနဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဝင်ကစွပ်ကောင် တွေကိုလည်းတွေ့ရပါတယ်။ ကမ်းခြေတစ်လျှောက်မှာတော့ မြင်မကောင်းအောင် စီတန်းပျော်ပါးနေ တာက Jelly Fish တွေပဲပေါ့။ ဂွကျွန်းက ဝင်ကစွပ်တွေကထူးခြားတယ်ဗျ။ လူသံကြားရင်လည်းပုန်းမ နေဘူး၊ ထွက်မပြေးဘူး။ ပြီးတော့ တစ်ကောင်တည်းမနေကြဘူး။ အကောင်ရေရာချီပြီးအုပ်စုလိုက် တစ်ဂျီဂျီမြည်ပြီးနေကြတာပါ။ (ပုံမှာကြည့်နိုင်ပါတယ်)။ လှေဆရာက ရေချိုတွင်းရှိတဲ့နေရာကိုပြပြီး ငါး အရှာထွက်သွားပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ပါလာတဲ့ Tent တွေကိုခင်း၊ ချက်ပြုတ်စား သောက်ဖို့ အိုးခွက်ပန်းကန်တွေပြင်ဆင်၊ ရေခပ်သူခပ်၊ ရယ်ဒီမိတ်စားစရာတွေကိုနေရာချသူချပေါ့။
ပျော်စရာကောင်းတဲ့ညစာနဲ့ ကျွန်းပတ်ပတ်လည်
ကျွန်းပတ်ပတ်လည်မှာ ဧရာမကျောက်ဆောင်အငူရှိရာနေရာ၊ သဲသောင်ပြင်ဖွေးဖွေးနဲ့ရေကစားရာ နေရာ၊ အပျော်တမ်းတောင်တက်လို့ရတဲ့နေရာ၊ ချောက်ချားစရာသိပ်မကောင်းတဲ့တောကြီး အစရှိ သည်ဖြင့် သူ့နေရာနဲ့သူလှပနေပါတယ်။ သဘာဝအတိုင်းပါပဲ။ သဲသောင်ပြင်၊ Jelly Fish တွေနားမှာ ရေကစား၊ ပြီးရင် ရေချိုတွင်းကရေကိုခပ်ချိုး၊ ကျောက်ဆောင်အငူကြီးရှိရာဆီကိုသွားပြီး ဓါတ်ပုံရိုက်၊ ၀ါသနာပါရင် တောင်အနိမ့်လေးကိုတက်ကြည့်၊ တောအုပ်ထဲလျှောက်လည် စသည်ဖြင့် ကိုယ်သန်ရာ ကိုယ်လုပ်ချင်ရာကိုလုပ်နိုင်ပါတယ်။ ညစာကိုတော့ လှေဆရာမပြန်ခင်အလကားပေးသွားတဲ့ ငါးတစ် ချို့ကိုမီးဖုတ်၊ ရန်ကုန်ကပါလာတဲ့ လက်ဖက်သုပ်၊ ဂွစျေးကဝယ်လာတဲ့ငှက်ပျောသီးတို့ကိုရံပြီး ကျောက်ပွင့်သုပ်၊ ဂုံးသုပ်တို့နဲ့ အရသာရှိရှိစားနိုင်တာပေါ့။
ကျွန်းတစ်ဝိုက်မှာရှိတဲ့ သစ်ကိုင်းခြောက်တွေကို လိုက်ရှာစုပြီး Tent တွေအနားမှာ မီးပုံပွဲလုပ်၊ မီးဖို ထားပါတယ်။ ညဖက် ကြယ်မထွက်တဲ့အချိန်မို့ အန္တရယ်တော့နည်းနည်းရှိနိုင်တယ်မဟုတ်လား။ တစ် ညလုံးမီးဖိုထားတာမို့ အကောင်ဗလောင်မလာတော့ဘူးပေ့ါ။ ကျွန်တော်မြင်သလောက်ကတော့ ဘာ တောကောင်မှလည်းမရှိသလို ဘာအန္တရယ်မှာလည်းမလာခဲ့ပါဘူး။ ကျွန်းလည်းသေးတာကြောင့်ပါပါ လိမ့်မယ်။ မနက်မိုးလင်းတော့လည်း မနက်စာစား တစ်ကျွန်းလုံးပတ်ဆော့ပြီးဝပြီဆိုမှ လှေဆရာကို ခေါ်လိုက်ကြပါတယ်။ လာလမ်းအတိုင်းပြန်လာ ဂွကိုရောက်တော့ ဟိုဟိုဒီဒီပတ်လည်ပြီး ညနေကား နဲ့ ရနပ်ကုန်ကိုလာရုံပါပဲ။ ခရီးလည်းမပန်းပါဘူး။ ရန်ကုန်-ဂွ အသွားအပြန်ကားခ၊ ညဖက်ဂွမှာတစ်ညအိပ် တည်းခိုခန်းခ၊ မန်ကျဉ်းငူဆိပ်ကိုစက်လှေခ ၃၀၀၊ မန်းကျဉ်းငူကနေ ဂွကျွန်းရှိရာချမ်းသာရွာကို ဆိုင် ကယ်ကယ်ရီခ ၁၅၀၀၊ ဂွကျွန်းအသွားအပြန် စက်လှေခ ၁၅၀၀၀ ကျန်တာကတော့ စားသောက်စရိတ် ပါပဲ။ လူများလေ စျေးသက်သာလေ၊ ပျော်စရာပိုကောင်းလေပါပဲ။ ကျွန်းတစ်ကျွန်းကိုအပိုင်ငှားပြီး တစ် ညတာ သောင်းကျန်းပျော်ပါးလို့ရတယ်လေ။ တောတောင်မို့သတိတော့ထားရတာပေါ့နော်။
မေတ္တာရိပ်မှာ အေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
xxxxx