All Star ဖိနပ်တစ်ရံ

(၁)

“ဟာ”

ကျွန်တော်စီးထားသည့် အဖြူရောင် All Star တံဆိပ်ရှူးဖိနပ်ပေါ်ကို အနီရောင် ပျစ်ပျစ်အရည်တွေ ကျလာတော့ ရုတ်တရက်ထ,ခုန်လိုက်မိသည်။ ဒါအချဉ် ရည်တွေပဲ။

“မင်း ….. မင်းဘယ်လို လုပ်လိုက်တာလဲ”

ဒေါသ ထောင်းခနဲထွက်သွားကာ အချဉ်ရည်ပုံးကိုင်ထားသူကို ရန်လိုမည့် အကြည့်နှင့် စူးဝါးဝါးကြည့် တော့ မိန်းကလေးတစ်ယောက်ဖြစ်နေလေသည်။

“ကန်တော့ …. ကန်တော့ အစ်ကို ၊ ညီမလေးလည်း အလျင်လိုတာနဲ့”

“မင်းအလျင်လိုတာနဲ့ ငါ့ဖိနပ်ညစ်ပစ်ရမှာလားကွ၊ တောက် … ယောက်ျားလေးသာဆို ဆွဲထိုးပစ်ပြီ၊ ငါ့ ပစ္စည်းလာဖျက်စီးတာလောက်ဒေါသထွက်တာမရှိဘူး”

“ညီမလေး …ဖျက်ဆီးတာမဟုတ်ပါဘူး ၊ အစ်ကိုရဲ့ …. ဟို …. ပြန်သုတ်ပေးပါမယ် နော်”

သူ ကျွန်တော်ရှေ့ ဒူးထောက်ထိုင်ချလိုက်ကာ ပါလာသော ရေပုံးထဲကရေနှင့်လောင်းပြီးသုတ်ပေး ဟန်ပြင်နေသည်။

“အပိုတွေလုပ်မနေပါနဲ့၊ ငါက ညစ်ပတ်ပြီးသားဖိနပ်ပြန်စီးတော့တာ မဟုတ်ဘူး၊ ဒီဖိနပ်နဲ့ ချွတ်စွတ်တူတဲ့ ဖိနပ်အသစ်တစ်ရံလျော်ပေးမလားပြော”

သူ့အနေနှင့် ဘယ်လိုမှဝယ်ပေးနိုင်မည့် အခြေအနေရှိပုံမပေါ်ပါ။ စျေးသည် တစ်ယောက်ဖြစ်ဟန် တူသည်။ ပဲပြားတုတ်ထိုးရောင်းတာဖြစ်လိမ့်မည်။ ပဲပြားဗန်း၊ အချဉ်ရည်ပန်းကန်၊ ရေပုံးကိုင်ပြီး သုတ်သုတ်ပျာပျာလာရင်း ကျွန်တော့်အပေါ် အချဉ် ရည် မှောက်ကျတာဖြစ်သည်။

“အစ်ကို့ဖိနပ် …. ဘယ်လောက်တန်မလဲဟင်”

“မင်းလျော်ပေးမှာသေချာလို့လား”

“အစ်ကိုရယ် ….လောလောဆယ်တော့”

“နေဦး”

ကျွန်တော်သည် ဖိနပ်ညစ်ပစ်ခံထားရ၍ ဒေါသထွက်ပြီးဖိနပ်နှစ်ဖက် စလုံးကို ချွတ်ပစ်လိုက်ကာ အချဉ်ရည်ပေနေသော ဖိနပ်တစ်ဖက်ကို ရေမြောင်းထဲလျင်မြန်စွာ လွင့်ပစ်လိုက်မိသည်။ ကျန်နေသော နောက်ဖိနပ်တစ်ဖက်ကို သူမ လက်ထဲထိုးထည့် ပေးလိုက်၏။

“ရော့ … ဒီမှာ၊ ဒါနဲ့ပုံစံတူ တစ်ရံငါ့ကိုပြန်ဝယ်ပေး၊ မနက်ဖြန်လိုချင်တယ်၊ ဟော…ဟိုရှေ့ကခြံနံပါတ်(၂၃)က ငါ့အိမ်ပဲ၊ မနက်ဖြန်မနက် ရှစ်နာရီအတိ အိမ်ရှေ့ ဖိနပ်ရောက်နေပါစေ၊ မင်း …..လိပ်စာ ငါ့ကိုပြောခဲ့၊ စျေးဘယ်မှာရောင်းတယ်ဆို တာကို ပါပြော”

ကောင်မလေးမျက်နှာငိုင်ကျသွားသည်။ ကျွန်တော် သနားမည်မဟုတ်။ ကျွန်တော့်ဖက်ကတန်ဖိုးကြီး ဖိနပ်တစ်ရံညစ် ပတ်ခံထားရတာ။ ဒေါသထွက်လွန်း၍ ချွတ်ပြီးတော့တောင်လွှင့်ပစ်လိုက်ပြီ။ သူ လျှော်ကို လျှော်ပေးရမည်။

“အစ်ကို လျော်ပေးစေချင်ရင် ညီမလေးလျော်ပေးပါမယ်၊ ဒါပေမဲ့ အခုလောလော ဆယ်တော့ ညီမလေးမှာပိုက်ဆံမလည်သေးဘူး အစ်ကို၊ အမေ့ကိုလည်းနည်းနည်းစိုက်ခိုင်းရမယ်ထင်တယ်၊ ဟို ….နောက်တစ်ပတ် အင်္ဂါနေ့ဆိုရင် ဖြစ်မလားဟင်”

“ကောင်းပြီလေ ၊ မင်းကတိတည်ပါစေ”

“ဟုတ်ကဲ့ ၊ ညီမလေးတို့ ဒီလမ်းအောက်ပိုင်းရပ်ကွက်လေးမှာ နေပါတယ်၊ ညီမလေးနာမည်က ဖြူဖြူအေးပါ၊ အထည်ချုပ်မှာအလုပ်ဆင်းပါတယ်၊ အခုဟာက အမေရောင်းတဲ့ ဒုတ်ထိုးဗန်းကူသယ် ပေးတာပါ၊ အမေက လမ်းထိပ်က ကားဂိတ်မှာ ဒုတ်ထိုးရောင်းပါတယ်၊ ဒေါ်ဘုမဆို အကုန်သိပါတယ်”

“ဟုတ်ပြီ၊ သေချာအောင်လိုက်ကြည့်ဦးမယ်၊ စိတ်တော့မရှိနဲ့….ငါက ကိုယ်ပိုင်တဲ့ ပစ္စည်းနဲ့ပတ်သတ် လာရင် အတ္တကြီးတတ်တယ်၊ တစ်ကိုယ်ကောင်းလည်းဆန်တယ်၊ …..နေပါဦး …… မင်းကဘာလို့ နောက်တစ်ပတ် အင်္ဂါနေ့ရမယ်လို့ ဘာလို့အတပ် ပြောရတာလဲ”

“ညီမလေးက တနင်္လာနေ့လခထုတ်မှာပါ၊ ပြီးတော့ ….အခုနေတဲ့အိမ်ကနေ ရွှေပြည်သာကို ဗုဒ္ဓဟူးနေ့ပြောင်းမှာပါ၊ အိမ်ရှင်ဆီကနေစပေါ်နှစ်သောင်းတနင်္လာနေ့ ရမယ်လို့ပြောပါတယ်၊ ညီမလေးရဲ့ စက်ရုံလခအိမ်ကိုအပ်ပြီးကျန်တဲ့ ကိုယ်တာရယ်အဲဒီနှစ်သောင်းရယ်၊ နောက်နည်းနည်း ထပ်ရှာလိုက်ရင် တော့ အစ်ကို့ဖိနပ်ရ လောက်ပါပြီနော်”

ဆံပင်ကျစ်ဆံမြီးနှစ်ချောင်း ကျစ်ကာ ပါးကွက်ကျားလေးနှင့် သူ့ ပုံစံကို သတိထားမိလိုက်သည်။ အင်း ….ချစ်ဖို့တော့ ကောင်းသား။ စကားပြောလည်း ယဉ် ကျေးလှသည်။ သူ့ကိုယ်သူ ညီမလေးတဲ့။

“မင်းဘက်က အဆင်ပြေသလိုသာလုပ်၊ ငါ့ဖိနပ်ပြန်ရရင်ပြီးတာပဲ၊ အခုလော လောဆယ်တော့ ဒီအတိုင်းအိမ်ပြန်ရတော့မယ်”

“အစ်ကိုလွှင့်ပစ်လိုက်တဲ့ ဖိနပ်တစ်ဖက်ပြန်ကောက်ပေးမယ်လေ”

“နိုး၊ ငါပြောပြီးပါပကော …. ညစ်ပတ်ပြီးသားဖိနပ်ကို မစီးတတ်ဘူးလို့၊ ဖုန် တစ်စက်ပေတာတောင် ငါကြိုက်တာမဟုတ်ဘူး”

×××××

(၂)

“မင်းမှားတယ် ရတု ၊ All Star ဖိနပ်တစ်ရံဟာ မင်းအတွက်မပြောပလောက်ပေမယ့်သူတို့လို လက်လုပ်လက်စားသမားတွေအတွက် ရုတ်တရက်ရှာ လို့ဘယ် လိုမှ ရမှာမဟုတ်ဘူး”

“ဒါဆို ငါက ငါ့ဖိနပ်ကို အဆုံးအရှုံးခံရမှာလားပြော”

“အချဉ်ရည် ပေတာကလွဲပြီး ဘာမှဖြစ်တာမဟုတ်ဘူးလေကွာ၊ မင်းဟာမင်း လွှင့်ပစ်လိုက်လို့ ဆုံးသွားတာပဲ ….၊ မင်းဆီမှာ ဖိနပ်အကောင်းအသစ်တွေ အရံနှစ်ဆယ်လောက် တောင်ရှိပါ တယ်ကွာ၊ ဒါလောက်လေးအေးဆေးပါ”

“တော်တော့ ဇော်ဇော်၊ မင်းစကားတွေငြိပေါက်တွေချည်းပဲ၊ ငါက ငါ့ဟာငါနေတာ သူဘာလို့ ငါ့ဖိနပ်ကို ထိခိုက်ရတာလဲ၊ တန်ရာတန်ကြေးတော့လျော် ပေးရမှာပေါ့”

ဇော်ဇော် ကျွန်တော့ကို လက်လျှော့သွားသည်။ ဆက်ငြင်းရင် ကျွန်တော် ကလည်း အလျှော့ပေးမှာ မဟုတ်။

“နေပါဦး …မင်းက ငါ့ဘက်ကမနာပဲ သူစိမ်းဘက်ကဘာလို့နာပေးရတာလဲ၊ အဲကောင်မလေးနဲ့ မင်းနဲ့သိလို့လား”

“အေး … အဲဒီဖြူဖြူအေး ဆိုတဲ့ကောင်မလေး ….ငါ့တို့အိမ်မှာ တော်ကတိုမယ်ရ လာလုပ် ဖူးတယ်၊ ငါတို့နောက်ဖေးရပ်ကွက်ကပဲလေ၊ မင်းတို့လမ်း အောက်ပိုင်းပေါ့၊ ငါတို့ အိမ်ကနေသူတို့အိမ်လေးကို အပေါ်စီးကလှမ်းမြင်ရတယ်”

“ငါသိချင်တာ မင်းက အဲကောင်မလေးကိုကြိုက်လို့သူဖက်ကနာတာလား”

“တရားမျှတစွာ စဉ်းစားပေးတာဟေ့၊ မင်းဖက်ကလွန်နေလို့ ပြောရတာ …. ကဲ …ဆက်မပြောနဲ့ တော့ ရတု၊ မင်းငါနဲ့ အိမ်ကိုခဏလိုက်ခဲ့ ….သူတို့ အိမ်ရဲ့အခြေ အနေကို ငါတို့အိမ်ပေါ်ကနေလှမ်း ကြည့်မယ်”

ကျွန်တော် သဘောတူလိုက်သည်။ ဒီကောင် ဘာလုပ်ဦးမလဲပေါ့။ သူ့အိမ်လိုက်ပြီး ဖြူဖြူအေးတို့ အိမ်အခြေ အနေခိုးကြည့် ရမှာ တဲ့။ စိတ်မပါပေမယ့် အားနေတာမို့လိုက် သွားဖြစ်သည်။ ဇော်ဇော်တို့အိမ်၏ နောက်ဖေးဝရံတာပေါ်မှာ ဖြူဖြူအေးတို့ အိမ်ကိုအပေါ်စီး ကလှမ်းမြင်ရသည်။ အိမ်က၊ ၀ါးထရံကာ ဓနိမိုးတဲ သာသာကလေး။ အိမ်ဘေးနားမှာ မြေကွက်လပ် အနည်းငယ် ရှိကာ အဲဒီမြေကွက်လပ်လေးပေါ် အုတ်နီခဲသုံးလုံးကို ဖိုခနောက်လုပ်ပြီး ၀ါးထရံငယ်နှစ်ချပ်အကာ အကွယ်ယူကာ တစ်စုံတစ်ယောက် ထမင်းချက်နေတာမြင်ရသည်။

“အဲဒါ သူ့အမေပေါ့”

၀ါးထင်းနှင့် ချက်နေတာမို့မီးက ငြိမ်းလိုက် တောက်လာလိုက်နှင့်။ အမျိုးသမီးကြီး က မီးမှုတ် ပြောင်းနှင့် တဖူးဖူးမှုတ်နေသည်။ အိမ်ထဲမှာ ကလေးငယ် တစ်ချို့ရှိပုံ ပေါ်သည်။ ကစားသံ၊ ရယ်သံ များ သဲ့သဲ့ကြားနေရ၏။ တော်တော်နွမ်းပါးပါးလားလို့ ကျွန်တော့်ရင်ထဲသိလိုက်သည်။ ပြီးတော့စိတ်ထဲ တစ်မျိုးကြီး ခံစားလိုက်ရသည်။ သနားသွားတာလား မပြောတတ်။

“ဖြူဖြူအေးတို့မှာ မိသားစုငါးယောက်ရှိတယ်၊ သူနဲ့သူအမေကလွဲရင် လူလားမမြောက်သေးတဲ့ ကလေးတွေချည်းပဲ၊ သူ့အဖေကတော့ မရှိရှာတော့ဘူး လေ၊ ဒါကြောင့် တစ်အိမ်လုံးရဲ့ တာဝန်ကို သူရယ်၊ သူ့အမေရယ်ထမ်းရတာ”

“သူ့အမေက ဒုတ်ဒိုးရောင်းတာလားဟင်”

“အိမ်တွေမှာ အဝတ်လျှော်တယ်၊ အနှိပ်သည်လည်း လုပ်တယ်…အဲဒီအလုပ် တွေပြီးရင် ကားဂိတ်မှာ ပဲပြား၊ အာလူး၊ အသားတု၊ သခွားသီး အဲဒါမျိုးတွေကို ဒုတ်လေးနဲ့ သီပြီးရောင်းတဲ့ ဒုတ်ထိုးသည်ပေါ့ ၊ ဖြူဖြူအေးကတော့ အထည်ချုပ်မှာ လုပ်တယ်လေ”

“အော်”

ဒီပုံအတိုင်းဆို ကျွန်တော့်ဖိနပ် ဘယ်လိုမှအလျော်မရနိုင်တော့ပါ။ ကျွန်တော့် စိတ်ထဲမှာလည်း အလျော်လိုချင်စိတ်တွေ ပျက်ပြယ်သွားသလို ခံစားရသည်။ သနားစိတ်က လွှမ်းမိုးသွားတာ ဖြစ်ပါလိမ့်မည်။

“အလုပ်ပိတ်ရက်ဆိုရင် ဖြူဖြူအေးက ငါတို့အိမ်မှာ တောက်တိုမယ်ရ လာလုပ်တယ်လေ၊ သူပြန်ရင် ငါတို့ကမုန့်ဖိုးနည်းနည်းပါးပါးပေးတယ်၊ ဘယ်လိုလဲ ရတု၊ သူတို့မိသားစုတစ်လနီးပါးလောက်သုံးလို့ရတဲ့ မင်းဖိနပ်တစ်ရံတန်ဖိုးကို မင်းလိုချင်သေးလား”

“အေး …..ငါ့ရင်ထဲတော့ တစ်မျိုးပဲဇော်ဇော်၊ ငါသာ အလျော်ယူမယ်ဆိုရင် သူတို့အိမ် ဝင်ငွေ တော်တော်ထိမှာပဲ၊ ငါဖိနပ်ပြန်မလိုချင်တော့ဘူးကွာ …..သူတို့ လျော်နိုင်မှာလည်းမဟုတ် ပါဘူး”

“သေချာတာပေါ့ ရတုရာ၊ ပြီးခဲ့တဲ့လ,က ဖြူဖြူအေးမှာဖိနပ်ပြတ်ခါနီးပြီမို့ ငါတို့အိမ်ကပေး တဲ့ သူ့လုပ်အားခ,ကို မယူပဲ ငါ့ဆီမှာစုထားပါရစေတဲ့၊ လကုန်ရင် ဖိနပ်ဝယ်မယ်ပေါ့၊ လကုန်တော့ …ငါ့ဆီပိုက်ဆံလာယူတယ် …. ငါလည်းသနား တာနဲ့ ဖိနပ်ဝယ်ပေးပါရစေဆိုပြီး ပိုက်ဆံနှစ်သောင်းပေးလိုက်တယ် … သူ့လုပ်ခ, အပြင်ပေါ့၊ ညနေလည်းကျရော ဖိနပ်ဝယ်လို့ပို တဲ့ပိုက်ဆံငါ့ဆီ လာပြန်ပေးတယ်”

ရိုးသားတယ်ဆိုတာပြောတာပေါ့။ ဒီကောင်ဘာဆက်ပြောမလဲ ကျွန်တော်စိတ်ဝင် စားနေသည်။ အခု … ကျွန်တော့်ရင်ထဲမှာ ဖိနပ်တစ်ရံ ကိစ္စလုံးဝမရှိတော့ပါ။ အင်္ဂါနေ့ကျရင် ကျွန်တော့်ဖိနပ်ကို သူဝယ်ပေးနိုင်မှာ မဟုတ် တာသေချာသွားပြီ။ သူ့အိမ်အခြေအနေက,သက်သေပဲ လေ။ သူ ကျွန်တော့်ဆီကို မလာရင်ပဲဖြစ်ဖြစ်၊ လာပြီးမလျော်နိုင်ဘူးဆိုတာတောင်းပန်ရင်ပဲဖြစ်ဖြစ် ကျွန်တော် ခွင့်လွှတ်မှာပါ။

“အဲဒီကောင်မလေးစီးဖို့ဝယ်လာတဲ့ ဖိနပ်ဘယ်လောက်လဲ သိလား ရတု”

“ဘယ်လောက်လဲ”

“ထောင့်ရှစ်ရာ တဲ့”

ကျွန်တော်စိတ်မကောင်းဖြစ်သွားရသည်။

×××××

(၃)

အဲဒီကိစ္စကို ကျွန်တော် လွယ်လွယ်နှင့် မေ့ထားဖြစ်လိုက်သည်။ တစ်ရက် နှစ်ရက်ကြာတော့ လုံးဝမေ့သွားမိသည်။ အင်္ဂါနေ့ရောက်သည့်တိုင် ကျွန်တော်သတိမရသေးပါ။ မနက် ခုနှစ်နာရီခွဲမှာ ကွန်ပျူတာ သင်တန်းရှိတာနှင့်ထွက်သွားလိုက်တာ သူငယ်ချင်းတွေခေါ်ပြီး ရုပ်ရှင်ကြည့်ဖြစ်လိုက်သေး သည်။ ကျွန်တော်အိမ်ပြန်ရောက်တာ ညဆယ်နာရီထိုးပြီ။ သင်တန်း၊ ရုပ်ရှင်ကလွဲပြီး ကျန်သည့် အချိန်ဂိမ်းဆိုင် ရောက်နေတာကြောင့် ဖြစ်သည်။

“နောက်ကျလိုက်တာသားရယ်၊ အဲလောက်တောင် ဂိမ်းဆော့ရသလား”

အမေ့ကို အမှန်အတိုင်းပြော၍ အဆူမခံရပါ။

“ကောင်မလေးတစ်ယောက် သားကို ဖိနပ်တစ်ရံ လာပေးသွားတယ်၊ ဟော ဒီမှာ”

“ဗျာ”

အမေလှမ်းပေးလိုက်သော ဖိနပ် ပါကင်ကို လှမ်းယူကာ ကမန်းကတန်းဖြည် ကြည့်လိုက် သည်။

“ဟင်´´

ကျွန်တော့်ဖိနပ်နဲ့ တစ်ထေရာတည်းပါလား။

“ဘယ်အချိန်လောက်ကလဲ မေမေ”

“မနက်စောစောပဲ ၊ မေမေလည်း သေချာမမှတ်မိဘူး”

ဒီကောင်မလေးတကယ် ဝယ်ပေးတာပါလား။ ကျွန်တော်သည် ကျွန်တော့် အခန်းရှိရာကို ပြေးတက်လိုက်ကာ အခန်းထဲမှ နေ၍ ဇော်ဇော်ဆီ လှမ်းဖုန်းဆက်သည်။

“ဟေ့ကောင် ဇော်ဇော်´´

တစ်ဖက်မှ အိပ်ချင်မူးတူးလှမ်းထူးသည်။

“ငါ့ဆီကို ဖြူဖြူအေး ဖိနပ်လာပေးသွားတယ်ကွ၊ ငါ့ဖိနပ်နဲ့ တထေရတည်းပဲ ၊ All Star အစစ်ပဲကွ”

“မင်းက မလိုချင်တော့ဘူးလို့သွားမှမပြောပဲ၊ သူကြံဖန်ဝယ်ပေး တာနေမှာ ပေါ့”

“သူ့အနေနဲ့ ဘယ်လိုမှမဝယ်နိုင်ဘူးဟေ့ကောင်၊ မဝယ်ပေးနိုင်ပါဘူးလို့ လာတောင်းပန် ရင် ငါ့ဖက်က ခွင့်လွှတ်ကျေအေးဖို့ အသင့်ရှိပြီးသားကွ၊ အခုတော့ …အေးနေပါဦး၊ မင်းဆီကများ ပိုက်ဆံချေးသွားသေးလား”

“ဖြူဖြူအေးတို့က အဲလိုအချေးအငှါး မလုပ်တတ်ဘူးကွ၊ ငါ့ဆိကလည်း မချေးပါဘူး… တွေ့လည်း မတွေ့ဘူး”

“ဟေ့ကောင် ဇော်ဇော်၊ မင်းတို့နောက်ဖေး ဝရံတာကနေလှမ်းကြည့်ကွာ သူတို့အိမ်မှာ ဘာထူးခြားလဲလို့”

“ဟ … ဘယ်လိုလုပ်သိနိုင်မလဲ၊ ပြီးတော့မိုးချုပ်ပြီ၊ သူတို့တွေအိပ်နေ လောက်ပြီကွ …. မနက်ဖြန် အိမ်ပြောင်းကြမယ်လို့တော့ကြားတယ်”

“ဟေ …ဟုတ်လား”

ကောင်မလေး ကျွန်တော့်ကိုပြောဖူးတာပဲ။ ကျွန်တော်သတိရပြီ။

“ဟေ့ကောင် ၊ ငါသူနဲ့ခဏ တွေ့ချင်တယ်ကွာ”

“ဘာလုပ်မလို့လဲ”

“ဘယ်ကပိုက်ဆံနဲ့ ငါ့ကိုလျော်ပေးတာလဲသိချင်တယ်၊ပြီးတော့ …. ငါ …..ငါ သူ့ကိုတွေ့ ချင်တယ်ကွာ…. ဘာဖြစ်လို့လဲ …ငါလည်းသေချာမသိဘူး”

“အေး ….အခုတော့ တွေ့လို့မရဘူးဟေ့ကောင်၊ မနက်ကျရင် သူတို့အိမ်မပြောင်းခင် မင်း ကို ငါဖုန်းလှမ်းဆက်လိုက်မယ်ကွာ၊ အိပ်ပုပ်ကြီးမနေနဲ့ဦး … အခုတော့ ငါအရမ်းအိပ်ချင်ပြီကွာ”

ဇော်ဇော် ဖုန်းချသွားသည်။

×××××

(၄)

မနက်…ဇော်ဇော်ထံက ဖုန်းလာတော့ ကိုးနာရီကျော်ပြီ။ ကျွန်တော် အိပ်ရာထဲ မှာပဲရှိသေးသည်။

“သူတို့တွေ ပစ္စည်းတင်ပြီးသွားပြီးကွ၊ ငါလည်းအိပ်ပျော်သွားတယ် မမီလိုက်ဘူး၊ အခုသွားတော့ မယ်ထင်တယ်”

“ဟေ့ကောင် … မင်း … မင်းအနေနဲ့ ခဏတားထားကွာ….၊ ငါ…ခု ချက်ချင်းလာခဲ့မယ်”

ကျွန်တော် …အိပ်ရာမှ ဝုန်းခနဲ့ထ,လိုက်သည်။ မျက်နှာတောင် သစ်မနေ တော့။ အိမ်ပေါ်မှ ပြေးဆင်းကာ တွေကရာဖိနပ်တစ်ရံကိုစီး စက်ဘီးကိုဆွဲလျှက် ထွက်လာခဲ့သည်။ သိပ်မကြာပါ။ ကျွန်တော်ရောက်တော့ ဇော်ဇော်နှင့် ဖြူဖြူအေး စကားပြောနေသည်။

“ဟေ့ကောင် ရတု၊ အမြန်လာ”

ဖြူဖြူအေး ကျွန်တော့်ကိုလှမ်းကြည့်သည်။ အံ့သြသွားပုံပေါ်သည်။ ပြီးမှ….

“အစ်ကို…ညီမလေးတာဝန်ကျေပါတယ်နော်၊ အစ်ကို့ဖိနပ်နဲ့ ပုံစံတူ ဝယ်ပေး ပြီးပြီ၊ ရတယ်မှလားဟင်”

“အင်း ….ရ…ရပါတယ်၊ ဒါပေမဲ့”

“သမီးရေ”

ခေါ်သံကြားရသည်။ သူ့အမေထင်သည်။

“ဟောအမေခေါ်နေပြီ၊ ကားထွက်တော့မယ် …အစ်ကို ညီမလေးနှုတ်ဆက်ခဲ့ပါတယ်နော် သွားပြီ၊ ကိုဇော်ဇော် ညီမလေးသွားပြီနော်”

ကျွန်တော်တို့နှစ်ယောက်ရှေ့မှ ချာခနဲ့လှည့်ထွက်သွားသည်။ အိမ်သန့်ရှင်း ရေးလုပ်၊ ပစ္စည်းတွေ တင်၍ ခေါင်းပေါ်ကပိုကရိုပတ်ထားသော ပုဆိုးစုတ်လေး ပြေလျော့သွားသည်။ ရုတ်တရက်မို့ ပုဆိုးစုတ်ကလေး မြေကြီးပေါ်လွင့်ကျသွား သည်။ သူ လှမ်းကောက်၏။

“ဟင်´´

ကျွန်တော်ရော၊ ဇော်ဇော်ပါ မျက်လုံးပြူးသွားသည်။ ကျွန်တော်သူ့ကို စ,တွေ့တုန်းက ကျစ်ဆံမြီး ကျစ်ထားသော သူ့ ဆံပင်ရှည် ရှည်တွေမရှိတော့။ ကတုံးဆံတောက် ငုတ်စိလေးတွေ။

“ဟင် …..ဒါဆို ….ငါ့ဖိနပ် ဝယ်ပေးဖို့ပိုက်ဆံဟာ”

ကျွန်တော် သဘောပေါက်သလို ဇော်ဇော်လည်းသိပြီးသားဖြစ်မှာပါ။ ကားလေးကတော့ ကျွန်တော် တို့နှစ်ယောက်ထံမှ တဖြည်းဖြည်းဝေးသွားခဲ့ပြီ။

×××××