Content ရေးတဲ့အခါ မမှားသင့်ဆုံးသော အမှားများ

မြန်မာစာရေးတတ်တယ်၊ အတွေ့အကြုံလည်း နှစ်နှစ်သုံးနှစ်ရှိတယ်၊ Brand တွေလည်းတော်တော်များ များကိုင်ဖူးတယ် ဆိုရုံနဲ့ Content ရေးတတ်ပြီလို့ ကျွန်တော်ကတော့ မသတ်မှတ်ပါဘူး။ အခု အမှား တွေက နာမည်ကြီး Page တော်တော်များများမှာတောင် တစ်ခါတစ်လေတွေ့ရတတ်တဲ့ မမှားသင့် တဲ့အမှားတွေဖြစ်ပါတယ်။

(၁) မမှားသင့်တဲ့စာလုံးပေါင်းတွေကို မှားအောင်ရေးတယ်

အစဥ်အမြဲကို အဆင်အမြဲ၊ Thank you ကို Thanks you, ပညာတတ် ကို ပညာတက်၊ ကျောင်းတက် ကို ကျောင်းတတ်၊ စော်(ကောင်မလေး) ကို ဆော်၊ မဟုတ်ဘဲ ကို မဟုတ်ပဲ၊ အဖက်လုပ် ကို အဖတ်လုပ်၊ အသုပ် ကို အသုတ် အစရှိသည်ဖြင့် တက်တက်စင်အောင်မှားရေးတာမျိုးတွေ အများကြီးမှ အများကြီး ပါပဲ။ ကိုယ်ရေးတာမသေချာရင် စာလုံးပေါင်းသတ်ပုံကျမ်းတွေကြည့်နိုင်ပါတယ်။ စာလုံးပေါင်းမှားတာမျိုး က Content ရေးတဲ့သူအတွက် မဖြစ်သင့်ဆုံးအလုပ်ပါ။

(၂) ဗန်းစကားတွေ ပြွတ်သိပ်နေအောင်သုံးတယ်

Content မှာ ဗန်းစကားတွေသုံးတဲ့‌ခေတ်ကုန်ခဲ့တာကို သတိထားမိပါသလား။ ပို့စ်တွေမှာ ဗန်းစကားတွေ သုံးတာကိုစာဖတ်သူတော်တော်များများကမကြိုက်တော့ပါဘူး။ ဒါကိုသတိပြုမိပြီး ဗန်းစကားတွေကို လိုအပ်သလောက်သာသုံးသင့်ပါတယ်။ အထူးသဖြင့် ခေါင်းစဥ်မှာ ချိမတို့ ချိဖတို့ရေ.. အသည်းလေးတို့ ..အချောလေးတို့..ချစ်တို့ရေ…စတာမျိုးတွေက ရိုးသွားတဲ့အချိန်ရောက်နေပါပြီ။

(၃) ခေါင်းစဥ်အရှည်ကြီးပေးတယ်

ဒီဂျယ်တယ်ခေတ်မှာ အချိန်ရှားပါတယ်။ ခေါင်းစဥ်ရှည်ရှည်ဆို တော်တော်များများက မဖတ်ဘဲကျော်သွား တာမျိုး ၁၀ ခေါက်မှာ ၉ ခေါက်လောက်ကြုံဖူးတာမို့ ခေါင်းစဥ်ရှည်ရှည်ပေးတာမျိုးကိုအားမပေးချင်ပါ ဘူး။ လိုတိုရှင်းနဲ့ ခဏတာမြင်လိုက်တဲ့အချိန် ဆက်ပြီးဖတ်ချင်လာအောင် ဆွဲဆောင်မှုရှိလွန်းတဲ့ခေါင်းစဥ်တို သာဖြစ်သင့်ပါတယ်။

(၄) ကာစတန်မာကိုဆွဲဆောင်ဖို့ Sexy စကားလုံးတွေသုံးတယ်

ဒါမျိုးပို့စ်တွေကတော့ လူသတိထားမိတာများပေမယ့် Content သမားအချင်းချင်းမှာတော့ အထင်ကြီး မှု လျော့ကျစေတာအမှန်ပါပဲ။ Customer တွေကို ဆွဲဆောင်ဖို့ Sexy word တွေသုံးတာထက် ကိုယ့်ပစ္စည်း အကြောင်းကို Simple word လေးတွေနဲ့ရှင်းပြတာကပိုမကောင်းဘူးလား။

(၅) ကိုယ့်လောက်မသိတဲ့သူရဲ့ Edit လုပ်တာကိုလက်ခံတယ်

တော်တော်များများကြုံရတဲ့အဖြစ်အပျက်ပါ။ Content lead, Content manager တို့မရှိဘဲ Content writer, copy writer သာထားတဲ့ လုပ်ငန်းတွေမှာဆိုရင် Content အကြောင်းကိုမလုပ်ဖူးတဲ့ မာကတ်တင်း မန်နေဂျာတွေက ဆရာဝင်လုပ်ပြီး ကိုယ့် Content ကို ပြင်တတ်ကြပါတယ်။ ကိုယ်ကျွမ်း ကျင်ရာ သူကျွမ်းကျင်ရာ Specialized တာဝန်ယူဖို့ အစောကြီးကတည်းကခွဲခြားထားသင့်ပါတယ်။ ကျွန် တော့် Content တွေကိုလာပြင်ရင်တော့ အရမ်းစိတ်ဆိုးပါတယ်။

(၆) Content Calendar မဆွဲဘဲ ဖြစ်သလိုရေးတတ်ကြတယ်

အနည်းဆုံးတစ်ပတ် သို့မဟုတ် တစ်လလောက်ကြိုပြီး Content Calendar ဆွဲပြီး အိုင်ဒီယာတွေစဥ်းစား Visual တွေလုပ်ထားသင့်ပါတယ်။ အကောင်းဆုံးကတော့ တစ်ပတ်နှစ်ပတ်စာလောက်ကြိုတင်ပြီး Content တွေဖန်တီး Schedule ထားသင့်ပါတယ်။ ပြီးမှ နေ့စဥ် Update and Adjust လုပ်စေချင်ပါ တယ်။

(၇) ဒီဇိုင်းနာနဲ့ တိုင်ပင်ညှိနှိုင်းတာမျိုး မလုပ်တတ်ကြဘူး

ကိုယ့် Content ရဲ့အသက်က ဒီဇိုင်းဆိုရင်လည်းမမှားပါဘူး။ ကိုယ်ရေးတာကိုပိုလှပိုကြွအောင် Visual Design တွေက အဓိကပံ့ပိုးပေးတာမို့ ဒီဇိုင်းနာနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင် လုပ်တာအကောင်းဆုံး ဖြစ်ပါတယ်။

(၈) Content Writer သည် Graphic Designer မဟုတ်ပါ

လူကြီးကလုပ်ခိုင်းလို့ဆိုတဲ့ခေါင်းစဥ်အောက်မှာ Content ရေးတဲ့သူတွေဟာ ဓါတ်ပုံရိုက်ကြပါတယ်၊ Video ရိုက်ကူးတည်းဖြတ်ကြပါတယ်၊ ဒီဇိုင်းဆွဲကြရပါတယ်။ ဒီလိုမျိုးကတော့ ကျွန်တော့်အနေနဲ့လုံးဝ လက်မခံချင်ပါဘူး။ အလုပ်မဝင်ခင်ကတည်းက JD သေချာညှိစေချင်ပါတယ်။ Content ရေးတဲ့သူဟာ လက်ရာပြောင်မြောက်တဲ့ ဆွဲဆောင်မှုရှိတဲ့ စာတွေရေးတဲ့သူသာဖြစ်ပါတယ်။

(၉) လစာကို ဖြစ်သလိုယူတတ်ကြတယ်

လုပ်ငန်းရှင်တွေက စျေးသက်သက်သာသာနဲ့ အလုပ်ပေါင်း ၉၈၇ မျိုးလောက်ခိုင်းချင်ကြတာပါ။ ဒါကြောင့် လစာ ၂ သိန်း ၃ သိန်းနဲ့ Content ရေးတာမျိုးလုံးဝမလုပ်စေချင်ပါဘူးခင်ဗျာ။ မြန်မာစာရေးတတ်ရုံနဲ့ Content ရေးလို့ရပြီဆိုတဲ့အတွေးတွေဝင်နေကြတာမျိုးကို တွန်းလှန်ဖို့လိုပါတယ်။ Content ကောင်းတစ် ခုထွက်ဖို့ ဘယ်လောက်အားစိုက်ရသလဲဆိုတာ တကယ့်လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေသာအသိဆုံးပါ။

(၁၀) ဝါကျအထားအသိုတက်တက်စင်အောင်လွဲတယ်

အခုတစ်ပတ်ရေပန်းစားနေတဲ့ ဦးထွန်းလွင်နာရေးဝမ်းနည်းကြောင်းစာလိုပေါ့။ ဝါကျအထားအသိုနည်း နည်းလေးမှားတာနဲ့ ပြောင်းသွားလိုက်တဲ့ အဓိပ္ပယ်ကမြင်မကောင်းဘူးရယ်နော်။ ဒါကြောင့် ကိုယ်ရေးတဲ့ စာကို အနည်းဆုံးသုံးခေါက်လောက်တော့ ပြန်ဖတ်စေချင်ပါတယ်။

ဒီလိုတွေရေးတော့ မင်းကဘယ်လောက်သိလို့လဲလို့ မေးတာတွေရှိပါတယ်။ ကျွန်တော်မသိပါဘူး။ ကျွန်တော့်အနေနဲ့ မှားတယ်လို့ယူဆထားတဲ့ ကျွန်တော်တွေ့တာ သိထားတာနည်းနည်းလေးကို စေတနာနဲ့မျှဝေပေးချင်တဲ့သဘောပါ။ မသိသေးတဲ့ သူတွေအနေနဲ့ ဒီစာကြောင့်နည်းနည်းလေးပဲဖြစ်ဖြစ် သူတို့အလုပ်မှာ အကျိုးအမြတ်တစ်ခုခုရသွားရင် ရေး ရကျိုးနပ်ပါပြီခင်ဗျာ။

>>>>>