“ဗုဒ္ဓဂါယာကိုဖူးချင်လွန်းလို့သာ မဟုတ်ရင် လှည့်ပြန်ပစ်လိုက်ပါပြီ စိတ်တွေညစ်လွန်းလို့”
အသက် ၅၀ ကျော်ခန့်ရှိမည့် အန်တီကြီး၏ ညည်းချက်အား ကျွန်တော်သက်ပြင်းချကာကြည့် နေမိလေ သည်။ “ခရီးသွားအေဂျင်စီက ကောင်လေးကိုပြောလိုက် ငါဒီအခန်းထဲကိုရောက်နေတယ်လို့” ဆိုပြီးဖုန်း ပြောနေသည့် အမျိုးသမီးကြီးကတစ်မျိုး၊ မှန်ခဲ့ထဲသို့ရောက်နေကြောင်း ဘာလုပ်ရမှန်းမသိကြောင်း အမျိုးသားကိုဖုန်းဆက်အကြောင်းကြားနေသည့် အစ်မကြီးကတစ်မျိုးဖြင့် သူတို့၏ပြသနာအရပ်ရပ်ကို ကြည့်ကာ ကိုယ့်ပြသနာကိုတောင်မေ့ထားရသည့်အဖြစ်။
နိုင်ငံကူးလက်မှတ်ရုံးထဲသို့ဝင်လိုက်သည်နှင့် ဂိတ်ပေါက်ဖြတ်ကျော်အပြီး ကောင်တာများ၏ညာဖက် တွင်မှန်ခန်းငယ်တစ်ခန်းရှိပါသည်။ မထင်မရှားအခန်းငယ်ဆိုသော်လည်း ထိုအခန်းထဲသို့ရောက်လာသူ များ၏ အပူကိုယ်စီက မျက်နှာပေါ်တွင်သိသာထင်ရှားလို့နေပါသည်။
မှန်ခန်းကသိပ်အကျယ်ကြီးတော့မဟုတ်သော်လည်းစားပွဲသုံးလေးလုံးဆံ့ပြီး ယူနီဖောင်းဝတ်အရာရှိများ အင်္ကျီအဖြူကို ပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ထားဝန်ထမ်းအမျိုးသားအချို့များ အလုပ်ကိုယ်စီနှင့်ပင်။ ကျွန် တော်လည်းထိုအခန်း၏ အနောက်ဖက်တစ်နေရာတွင်ရောက်နေခဲ့ခြင်းပင်။ မှန်ခန်းကိုဖြတ်ကျော်အပြီးမှ ရောက်လာခဲ့ခြင်းဖြစ်ပြီး ကျွန်တော်၏ဘေးပတ်ချာလည်တွင် အသက်ကြီးငယ် ရွယ်စုံအမျိုးသား အမျိုး သမီးအများအပြားလည်းရှိလို့နေလေသည်။ ထိုလူများကို မှန်ခန်းထဲတွင် ထိုင်ခိုင်းထားရန်နေရာမဆံ့ သောကြောင့် မှန်ခန်း၏အနောက်ဖက်နေရာတွင်ထားသိုခြင်းပင်။ နေရာက အကျယ်ကြီးတော့မဟုတ်၊ ရေမြောင်းကိုခွပြီးထိုင်ခုံတန်းနှစ်တန်းကို မျက်နှာချင်းဆိုင်ထားထားသည်။ ထိုင်ခုံ တစ်ဖက်တစ်ချက်စီ တွင် လူငါးဦးခန့်ထိုင်နိုင်ပြီး ဘေးတွင် ပလတ်စတစ်ထိုင်ခုံများလည်းချပေးထားပါသည်။ ထိုထိုသော နေရာများတွင် ထိုင်၍မဆံ့ပါက ထိုင်နိုင်ရန်မူလတန်းကျောင်းသစ်သားစာသင်ခုံနှင့်တူသောခုံတန်းရှည် တစ်ခုံကိုလည်းရေမြောင်းကို ကန့်လန့်ဖြတ်ကာချပေးထားပါသည်။ ရေမြောင်းက အပြင်လမ်းရေ မြောင်းများကဲ့သို့ ညစ်ပတ်မနေဘဲ ဘိလပ်မြေသေချာကိုင်ထားကာ ငါးအချို့မြူးထူးနေသည်ကိုထင်ထင် ရှားရှားမြင်ရသည်။ ကျွန်တော်အပါအဝင်မည်သူမျှ ထိုနေရာကိုရောက်ချင်၍ ရောက်လာကြခြင်းမဟုတ်။ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် အချက်အလက်အမှားအယွင်းရှိနေခြင်းကြောင့် ရောက်လာကြခြင်းပင်။ ကျွန်တော်ရောက်လာပုံကလည်းထူးဆန်းသည်။
Passport စာအုပ် နှစ်အုပ်အထိသက်တမ်းတိုးခဲ့ပြီး တစ်စုံတစ်ရာအမှားအယွင်းမရှိခဲ့။ ယခုသုံးအုပ် မြောက်ကျမှ ပြသနာကပေါ်လာသည်။ “ဒါဘယ်သူလုပ်ပေးတာလဲ” နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအ တွက်အချက်အလက်ဖြည့်ပြီး ပထမဆုံးကောင်တာအရောက်အရာရှိတစ်ဦးက ကျွန်တော့်မှတ်ပုံတင်ကို စစ်ဆေးရာမှ စတင်တော့သည်။ ထိုအဆင့်မှာ ပတ်စပို့လုပ်ခြင်း၏ ပထမဆုံးအဆင့်လည်းဖြစ်နေလေ သည်။ ပြသနာက ကျွန်တော်၏အမှား၊ မှတ်ပုံတင်အမှားပင်။ ကျွန်တော်၏မွေးသက္ကရာဇ်အမှန်က ၁၉၉၂ ဆိုသော်လည်း မှတ်ပုံတင်တွင်တော့ ၁၉၉၅ ဖြစ်နေလေသည်။ မလေးရှားခေတ် ကောင်းချိန်တုန်းက မလေးရှားတွင် အလုပ်ရမည်ဆိုကာပွဲစားကဆွယ်သောကြောင့် နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ကြံဖူးသည်။ မလေးရှားနိုင်ငံဘက်မှခေါ်သည့်အရွယ်မှာ ကျွန်တော့်အသက်ထက် ၃ နှစ်ငယ်နေလေတော့ ၂ ကို ၅ ဟု ဘောလ်ပင်ဖြင့်မသိမသာပြင်ကာ အသက်လိမ်လျှောက်ခဲ့ခြင်းပင်။
ပထမဆုံးထွက်လာသည့်ပတ်စ်ပို့စာအုပ်က ၁၉၉၅ နောက်တစ်ကြိမ်သက်တမ်းတိုးတော့လည်း ၁၉၉၅ ပင်။ သန်းခေါင်စာရင်းတွင်လည်းတူညီအောင်လုပ်ထားသည်မို့ ပြသနာမရှိခဲ့။ ယခုသုံးအုပ်မြောက်သက် တမ်းတိုးလာသည့်အချိန်တွင်တော့ ဘောလ်ပင်ဖြင့် မသိမသာပြင်ထားသည့်အရာကို ဓါတ်မီးငယ်ကလေး ဖြင့်ထိုးကာသေချာစစ်ဆေးခဲ့ကြသည်။ ထို့နောက် ကျွန်တော့်ကို မှန်ခန်းထဲသို့ပို့လိုက်ကြပါသည်။ ထို ကိစ္စကို လူကြီးနှင့်ညှိရန်ဟုသူတို့ကဆိုပါသည်။ မှန်ခန်း၏နောက်ကွယ်တွင် လူ ၁၅ ယောက်ခန့်ကြိုတင် ၍ ရှိနှင့်နေပါသည်။ ပြသနာကအမျိုးမျိုးပင်။ အချို့က မှတ်ပုံတင်နံပါတ်တူရှိနေ၍ အချို့ကမှတ်ပုံတင် တွင်ရေးထားသည့်စာ နှစ်ထပ်ဖြစ်နေ၍ အချို့ကတော့ကျွန်တော့်လိုပင် မွေးသက္ကရာဇ်မှားနေ၍ အစရှိ သည်ဖြင့် အကြောင်းအမျိုးမျိုးနှင့်။
“ငါတော့ စိတ်ညစ်လှပြီကွယ်”
ကျွန်တော့်အရှေ့မှ အဖွားတစ်ယောက်ကညည်းနေသကဲ့သို့ကျွန်တော့်ဘေးမှ အစ်မကြီးကလည်း ဘုရားစာတတွတ်တွတ်ရွတ်နေလေသည်။ မှတ်ပုံတင် သို့မဟုတ် ကိုယ်ရေးအချက်အလက်ကိုတစ်စုံ တစ်ရာပြင်ထားပါက အဖမ်းခံရမည်လားဟုတွေးကာကြောက်နေသူများလည်းရှိနေသည်။ ထိုနေ့က ပါ့စ်ပို့ရုံးရှိ ဝန်ထမ်းများ၏ ဆက်ဆံရေးကလည်း ထင်သလောက်မနွေးထွေးလှ၊ ကြောက်နေသည့်သူ ကိုဖြဲခြောက် သည့်အပြောမျိုးမို့ စိတ်ညစ်နေကြခြင်းပင်။ (ဆက်ဆံရေးကောင်းသည့် ဝန်ထမ်းများလည်း ကြုံဖူးပါ သည်) “နောက်ဆုံး မလုပ်တော့ဘဲလှည့်ပြန်လည်းရတာပေါ့အဖွားရဲ့၊ နိုင်ငံခြားမသွားရလည်း ဘာမှမဖြစ်ဘူးလေနော်၊ ဒဏ်ငွေဆောင်လိုက်ရင်ပြီးပါပြီ ပြသနာဖြေရှင်းနည်းတစ်ခုခုတော့ရှိမှာပါ” အစ ရှိသည်ဖြင့် စိတ်မပူဖို့လိုက်ဖျောင်းဖျရင်း ကျွန်တော့်အပူကိုမေ့ပျောက်နေလေသည်။
“တစ်သက်လုံးနေလာတဲ့မှတ်ပုံတင်ပါတော်၊ အခုမှ ဘာမှားသလေးညာမှားသလေးနဲ့ ငါထပြန်လိုက်ရ” ဟူသည့်အဖွားတစ်ဦး၏ စကားကိုကြားရင်းပြုံးမိပြန်သေးသည်။ ၁ဝ နာရီကျော်တွင်စတင်ကာ နာမည် များခေါ်တော့သည်။ မှတ်ပုံတင်၊ ဖောင်ဖြည့်အချက်အလက်များကို မှန်ခန်းလေးထဲက စားပွဲပေါ်တွင် ထပ်ထားခဲ့ရပါသည်။ နာမည်အခေါ်ခံရသူများ တစ်ယောက်ပြီးတစ် ယောက်ထသွားကြကာ အလျှိုလျှိုပြန်သွားကြသည်။ သိပ်မကြာခင် ကျွန်တော့်အလှည့်ရောက်လာသည်။
အင်္ကျီအဖြူနှင့်ပုဆိုးကိုတွဲဖက်ဝတ်ဆင်ထားသည့် ဝန်ထမ်းငယ်လေးက ကျွန်တော့်အားလေသံမာမာ ဖြင့်မေးမြန်းတော့သည်။ ထိုလေသံများကိုဘာကြောင့်မပြင်ပါသနည်း ကိုယ့်အခက်အခဲနှင့်ကိုယ်အဆင် ပြေရာပြေကြောင်းလုပ်နေကြရသည့် မြန်မာနိုင်ငံသားများအချင်းချင်းအတူတူတောင် လေသံချိုချိုနှင့် ဘာကြောင့်မပြောနိုင်ကြပါသနည်း။ မှတ်ပုံတင်ကိုပြင်မိသည်မှာ အမှားဟုဆိုသော်လည်း မည်သူတစ်ဦး တစ်ယောက်ကိုမှထိခိုက်အောင်လုပ်ခြင်းမဟုတ်၊ ကိုယ့်မိသားစုဝမ်းရေးကိုပြေလည်လို၍ ဖြေရှင်းခဲ့ခြင်း သာ။ ထိုအရာကို သူတို့ကအမှားကြီးတစ်ခုအဖြစ် တရားခံစစ်သလိုမေးမြန်းမှုကိုတော့ ဘဝင်မကျလှပါ။
“မှတ်ပုံတင်ကိုဘာလို့ပြင်ထားတာလဲ”
“နိုင်ငံခြားမှာအလုပ်သွားလုပ်မလို့ပြင်ထားခဲ့တာပါ”
“အမှန်ကဘာလဲ”
“၁၉၉၂”
“ခင်ဗျားကိုဘယ်သူပြင်ပေးတာလဲ”
“ပွဲစားပြင်ပေးတာ”
“ခင်ဗျားသဘောမတူဘဲပြင်ပေးတာလား”
“ကျွန်တော်သဘောတူလို့ပြင်ခဲ့တာ”
“အခုမှတ်ပုံတင်နဲ့ စာအုပ်ဆက်လုပ်လို့မရဘူး၊ အမှန်ကိုသွားပြင်ပြီးလျှောက်ပါ”
“ကျွန်တော့်အရင်စာအုပ်တွေလည်း ဒီအတိုင်းပဲဆိုတော့ အခုလည်းဒီအတိုင်းလုပ်လို့မရဘူးလားဗျာ၊ မှတ်ပုံတင်တစ်ခါလုပ်ရင်လွယ်တာမဟုတ်ဘူး၊ ကျွန်တော့်မှတ်ပုံတင်ကနယ်ကဆိုတော့…”
“အဲဒါခင်ဗျားအပိုင်းလေ”
“ဟုတ်ပါတယ် အဆင်ပြေတဲ့နည်းလမ်းတစ်ခုခု”
“အဲဒါ ခင်ဗျားဘာသာရှင်းလေ အခုလိုမျိုးအမှားနဲ့တောင်လုပ်ခဲ့သေးတာပဲ ဖြေရှင်းနည်းရှိမှာပေါ့ သေချာ တာကတော့ ဒီမှတ်ပုံတင်နဲ့ ခင်ဗျားဒီကိုနောက်တစ်ခါထပ်မလာနဲ့တော့”
စကားဆက်ပြော၍ အဆင်မပြေတော့။ ကျွန်တော့်ထက်အသက်တော်တော်ငယ်ပုံရသည့်လူငယ်လေး က ကျွန်တော့်ကို ခင်ဗျား ခင်ဗျား ဆိုသည့်အသုံးများဖြင့် မတူမတန်သလိုပြောဆိုနေခဲ့သည်ကို စိတ်မကောင်းဖြစ်လှစွာ ဖြင့် မှတ်ပုံတင်ကိုသူ့လက်ထဲကပြန်ယူကာ ပတ်စ်ပို့ရုံးထဲမှ ထွက်လာခဲ့တော့သည်။ သူတို့လေသံဘာလို့မာကြောနေရတာပါလိမ့်။ အဆင်မပြေသည့်အကြောင်း နောက်တစ်ခါအမှန်နှင့်လာပါဆိုသည့်အကြောင်းကို ချိုချိုသာသာပြော၍ မရဘူးလားဟုလည်းတွေးမိ ပြန်သည်။
ကျွန်တော့်အနောက်တွင် ကျန်နေခဲ့သူများ၏ ပြသနာများအဆင်ပြေပါစေ၊ အဖွားတို့ အန်တီတို့လည်း ဗုဒ္ဓဂါယာကို ကောင်းကောင်းမွန်မွန်သွားရပါစေဟုသာဆုတောင်းပေးရုံမှအပ။
>>>>>